ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲအပြီးလူဦးရေ တစ်သောင်းငါးထောင်ကျော် Myanmar Fitness Dance ကိုစုပေါင်းက
ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲအပြီးလူဦးရေ တစ်သောင်းငါးထောင်ကျော် Myanmar Fitness Dance ကိုစုပေါင်းက
Kayin State Government/ kayin state / December 10, 2018
ဘားအံ ဒီဇင်ဘာ ၈
ကရင်ပြည်နယ် ဒီဇင်ဘာအားကစားလဒုတိယအပတ်တွင် လူထုအားကစားလှုပ်ရှားမှုအနေဖြင့် စုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၅ နာရီအချိန်ကဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ရာရှေ့စုရပ်မှ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ မင်းတန်းလမ်း၊ ဓမ္မပီယလမ်း၊ ကမ်းနားလမ်း၊ အင်ကုန်းလမ်းမှ သီရိလမ်းအတိုင်း ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်းသို့ဝင်ရောက်ကြကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဘားအံမြို့ပေါ်ရှိ တက္ကသိုလ်၊ကောလိပ်နှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆရာ/မများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၅၇၆၃ (တစ်သောင်းငါးထောင်ခုနှစ်ရာ ခြောက်ဆယ်သုံးဦး) တို့သည် Myanmar Fitness Dance ကို စုပေါင်းကခဲ့ကြသည်။
Myanmar Fitness Dance သည် Zumba ကိုအခြေခံပြီး လူထုအားကစားလှုပ်ရှားမှုအသွင်ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်၍ ပြုလုပ်ထားသည့်အကဖြစ်ကာ လူကြီးလူငယ်မရွေး၊ အရွယ်သုံးပါးမရွေး၊ ကျား/မ မရွေး လှုပ်ရှားမှုပြုလုပ်နိုင်သည့် အကဖြစ်ကြောင်း၊ Myanmar Fitness Dance ကို ကခြင်းအားဖြင့် ခန္ဒာကိုယ် နှင့်စိတ်ဓါတ် ကြံခိုင်စေခြင်း၊ သက်လုံကောင်း၍ အမောခံ နိုင်ခြင်း၊ အဆီလျော့ချ၍ အဝမလွန်အောင်ထိန်းပေးနိုင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောအားကောင်း၍ ဉာဏ်ရည်ထက်မြတ်စေခြင်း၊ ဖြတ်လတ် ပေါ့ပါး၍ သွေးလည်ပတ်မှု ကောင်းမွန်ပြီး အိပ်ပျော် စားဝင်စေခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေခြင်း အစရှိသည့်အကျိုးကျေးဇူးများကို ရရှိခံစား စေ ကြောင်း သိရသည်။
ထို့နောက် လူထုအားကစားလှုပ်ရှားမှုအနေဖြင့် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသား/ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၊ ၂၀၀ အပြေးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ၊ ပြည်သူလူထုများမှ ပျော်ရွှင်စွာ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြကာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှု့အားပေး ခဲ့ကြသည်။
နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ဆောင်ပုဒ်နှင့်အညီ နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း အားကစား လအဖြစ်သတ်မှတ်၍လူထုလှုပ်ရှားမှုအနေဖြင့် စုပေါင်းလမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများ ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ဆောင်ရွက်လျှက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုများအနေဖြင့် လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို အပတ်စဉ် စနေနေ့တိုင်းကျင်းပလျှက်ရှိကြောင်း သတင်းရရှိသည်။