တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၊ Online TV Channel များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 18, 2019
image_latest


နေပြည်တော် ဇွန် ၁၈

တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၊ Online TV Channel များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ရေး အသင်းဥက္ကဋ္ဌ၊ ဒါရိုက်တာများနှင့် အသင်းဝင်များ၊ Content Provider များနှင့် Online မီဒီယာလုပ်ငန်းများမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့နိုင်ငံတွင် ဥပဒေအရ တရားဝင် ခွင့်ပြုထားသည့် ရုပ်သံလွှင့် လုပ်ငန်းနှင့် ပတ်သက်လျှင် နိုင်ငံတော်ပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားတို့ရှိပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် Forever Group နှင့် SkyNet တို့ရှိပါကြောင်း၊ နောက်ပိုင်းတွင် ရုပ်သံလွှင့် လုပ်ငန်း လုပ်ကိုင်ရန် ၅ ဦးကို လုပ်ပိုင်ခွင့် ခွင့်ပြုပေးခဲ့ပါကြောင်း။

သို့သော် မိမိတို့နိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသည့် တရားမဝင်သော၊ ဥပဒေအရ ခွင့်ပြုထားခြင်း မရှိသော စလောင်းများ များစွာရှိပါကြောင်း၊ စလောင်းများနှင့် ပတ်သက်သည့် အကျိုးသက်ရောက်မှုသည် အလွန်အင်မတန် ကြီးမားပါကြောင်း၊ နိုင်ငံတော်ကို အခွန်အခပေးပြီး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအတွက် စီးပွားရေးအရ ခြိမ်းခြောက် မှုများကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံနှင့် လူမျိုးများ၏ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အယူအဆ၊ ဘာသာရေး စသည့်တို့ အပေါ်တွင် ကြီးမားသည့် လွှမ်းမိုးမှုများရှိပါကြောင်း။

ထို့ပြင် နောက်ပိုင်းကာလ၌ ပေါ်ပေါက်လာသည့် TV Channel များနှင့် အွန်လိုင်း TV များ ကိစ္စဖြစ်ပါကြောင်း၊ အရေအတွက်အားဖြင့် တိတိကျကျပြောဆိုရန် ခက်ခဲပါကြောင်း၊ အဆိုပါ Channel များကိုလေ့လာကြည့်ပါက အချို့ Channel များသည် စည်းနှင့်ကမ်းနှင့် စနစ်တကျရှိသော်လည်း အချို့ Channel များသည် စည်းကမ်းလိုက်နာမှု အားနည်း ပါကြောင်း။

ယင်းကိစ္စရပ်များကို လစ်လျူရှုထားပါက အင်မတန်ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ် ကြပါကြောင်း၊ ထို့ကြောင့် အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြေရှာရန် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် အငြင်းအခုန်လုပ်မည့် Debate မဟုတ်ပါကြောင်း၊ Brainstorming ပုံစံမျိုး ဖြစ်စေလိုပါကြောင်း၊ အမြင်ဖလှယ်ရန်၊ ဝိုင်းဝန်းအကြံပြု ဆွေးနွေးရန်၊ ထွက်ပေါ်လာမည့် ရလဒ်များအပေါ် သုံးသပ်အဖြေရှာရန် ဖြစ်သည့်အတွက် ဥပဒေပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ကိုယ်စားပြုသည့် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားစီစဉ်ထားပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းအဖြေရှာကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းဥက္ကဋ္ဌ ဦးကိုကိုက နယ်စပ်များမှ တရားမဝင် ဝင်ရောက်လာသည့် စလောင်းနှင့် ဆက်စပ်ပစ္စည်းများမှ ထုတ်လွှင့်နေသည့် တရားမဝင် ရုပ်သံလိုင်းများ၊ တစ်နည်းအားဖြင့် illegal content များအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရန် လိုအပ်ပါကြောင်း၊ တရားမဝင် ရုပ်သံလိုင်းများနှင့် အစီအစဉ်များသည် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများ၏ ပြင်ပမှတစ်မျိုး၊ ဥပဒေကို လက်တစ်လုံးခြား တစ်မျိုးဖြင့် မိမိတို့၏ အချုပ်အခြာ လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်နေပါကြောင်း။

သို့ဖြစ်၍ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည်ဟု ခံယူထားပါကြောင်း၊ ဥပဒေတိုင်းတွင် စံနှုန်းများသတ်မှတ်ခြင်း၊ အမိန့်တည်မြဲစေခြင်း၊ အငြင်းပွားမှုကို ဖြေရှင်းခြင်းနှင့် လွတ်လပ်မှုနှင့် အခွင့်အရေးများကို ကာကွယ်ပေးခြင်းဆိုသည့် ရည်ရွယ်ချက် လေးရပ်ရှိသည်ဟု သိရပါကြောင်း။

ဥပဒေအရ ရသင့်ရထိုက်သည့် လွတ်လပ်မှုနှင့် အခွင့်အရေးများကို ကာကွယ်ပေးကြရမည် ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှုများကို အကာအကွယ်ပေးခြင်းနှင့် ဥပဒေမဲ့ တစ်နည်းအားဖြင့် တရားမဝင် လုပ်ကိုင်ဆောင်ရွက်နေမှုများကို တားဆီးပေးရခြင်းဟု နားလည်နိုင်ပါကြောင်း၊ ယင်းအချက်များကို အခြေခံပြီး ဆွေးနွေးကြမည်ဆိုပါက ရလဒ်ကောင်းများ ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၏ လက်ရှိအခြေအနေနှင့် ဈေးကွက် အခြေအနေ ခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယအင်ဂျင်နီယာချုပ် ဒေါ်ဇင်ဝါကြူက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဒါရိုက်တာ ဦးမင်းမင်း၊ ကုန်သွယ်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန်၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် အကြီးတန်း အမှုဆောင် ဒါရိုက်တာ ဒေါက်တာသိန်းသန်းဦးနှင့် Canal Plus Myanmar Ltd မှ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါ်ရည်ရည်မွန်မြင့်တို့က ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင် မည်သို့လုပ်ဆောင်သင့်သည်၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြု ဆွေးနွေးကြသည်။
ဆက်လက်၍ တရားမဝင် ဂြိုလ်တုစလောင်း ရုပ်သံလိုင်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းဥက္ကဋ္ဌ ဦးကိုကိုက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး တရားစွဲနှင့် အမှုလိုက် ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ယုယုခင်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ထွန်းနေဝင်းနှင့် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းတို့က ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင် မည်သို့ လုပ်ဆောင် သင့်သည်၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြုဆွေးနွေးကြသည်။

ထို့နောက် Online TV များ၏ လက်ရှိအခြေအနေ ခေါင်းစဉ်ဖြင့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် Senior Chief Engineer ဦးသိန်းလင်းက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး ကမာရွတ်မီဒီယာ Executive Producer ဦးနေသန်မောင်၊ Forever Group Co.,Ltd General Manager ဦးကျော်ကျော်၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း အတွင်းရေးမှူး ဦးဇော်သက်မောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး (အသံလွှင့်) ဦးဇေယျာတို့က ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ သက်ဆိုင်ရာနယ်ပယ်အလိုက် ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင် မည်သို့ လုပ်ဆောင်သင့်သည်၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြု ဆွေးနွေးကြသည်။

ယင်းနောက် Online TV များနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဝင်းကြည်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး အရင်းအမြစ် စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စိမ့်စိမ့်အေး၊ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းဝင် ဦးရဲနိုင်စိုး၊ မှုခင်းတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်နှင့် 7 days အမှုဆောင် အရာရှိချုပ် ဦးသောင်းစုငြိမ်းတို့က ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင် မည်သို့ လုပ်ဆောင်သင့်သည်၊ လက်ရှိဖြစ်ပေါ် နေသည့် အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြုဆွေးနွေးကြသည်။

ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။

ညနေပိုင်းတွင် ခေါင်းစဉ်အလိုက် ကျင်းပသည့် ဆွေးနွေးပွဲများမှ ရရှိလာသည့် ဆွေးနွေးချက်များပေါ် အနှစ်ချုပ် အဆုံးသတ်ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ ညှိနှိုင်းရေးမှူးများ ဖြစ်ကြသည့် ဒေါ်ဇင်ဝါကြူ၊ ဦးကိုကို၊ ဦးသိန်းလင်းနှင့် ဦးဝင်းကြည်တို့က အစီအစဉ်အနှစ်ချုပ်နှင့် ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

(သတင်းစဉ်)