အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် တရားဝင် Social Media စာမျက်နှာများ မိတ်ဆက်အသိပေးခြင်းအခမ်းအနားကျင်းပ


Ministry of Information/ ရန်ကုန် / January 04, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၄

 အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် တရားဝင် Social Media စာမျက်နှာ များ မိတ်ဆက်အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာဦးစီးဌာန ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)၌ ကျင်းပသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)၊ အောင်ဆန်းရုပ်ရှင်ဒါရိုက်တာ ဦးလူမင်းက “အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေး ကော်မတီထဲက အနုပညာဆိုင်ရာတွေဆောင်ရွက်မယ့် အနုပညာလောကက အဖွဲ့တွေနဲ့ မီဒီယာညီအစ်ကိုမောင်နှမတွေ သီးသန့်တွေ့ဆုံတဲ့ပွဲလေးဖြစ်ပါ တယ်။ ဒီနေ့တွေ့ဆုံရတဲ့ ရည်ရွယ်ချက်ကတော့ အောင်ဆန်းရုပ်ရှင်ကြီးကို ရိုက်ကူးထုတ်လုပ် နေတဲ့အခြေအနေ အကြောင်းအရာ၊ သတင်းအချက်အလက် အမှန်တွေကို ပြည်သူ လူထုဆီ ကို ပိုပြီးတော့ ပြန့်ပြန့်နှံ့နှံ့ရောက်ရှိစေဖို့၊ ပြည်သူလူထုကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်စေဖို့၊ နောက် အောင်ဆန်းရုပ်ရှင်က ကျွန်တော်တို့တစ်ဦးတစ်ဖွဲ့နဲ့ဆောင်ရွက်လို့ရတဲ့ ရုပ်ရှင်မျိုး မဟုတ်ပါဘူး။  အောင်ဆန်းရုပ်ရှင်ဆိုတာ တစ်နိုင်ငံလုံး နိုင်ငံသားတိုင်း ပါဝင်ပတ်သက်တဲ့၊ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့၊ အမျိုးသားရေးလက္ခဏာအသွင်ဆောင်တဲ့ ရုပ်ရှင်ကားကြီး တစ်ကားဖြစ်တဲ့အတွက် ပြည်သူတွေအားလုံးလည်း သိရှိနိုင်ရမယ်၊ ပြည်သူ တွေရဲ့အကြံပေး မှုတွေလည်း ပါဝင်အကြံပေးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေကို အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်တွေပေးနိုင်ဖို့၊ ပြည်သူတွေနဲ့ ထိတွေ့နိုင်ဖို့၊ အခုလက်ရှိ ပြည်သူလူထုကို အလွှမ်းမိုးဆုံးဖြစ်တဲ့ မီဒီယာအသီးသီးကနေ ပြည်သူတွေက ကျွန်တော်တို့ ဆီကိုဆက်သွယ်နိုင်ဖို့အတွက် မီဒီယာစာမျက်နှာတွေကို မိတ်ဆက်တဲ့ အခမ်းအနား ပဲဖြစ်ပါတယ်။  

 facebook သုံးတဲ့သူတွေအပြင် နိုင်ငံတကာကအသုံးပြုတဲ့ အင်စတာဂရမ်၊ တွစ်တာတို့သုံးတဲ့သူတွေကို အောင်ဆန်းရုပ်ရှင်ရဲ့ ဝက်ဆိုက် ထူထောင်ပြီးတော့  အင်တာ နက်စာမျက်နှာပေါင်း များစွာကနေ သတင်းအချက်အလက်အမှန်တွေကို  Official Page အနေနဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေသွားမယ်။ ပြည်သူတွေအနေ နဲ့ရော၊ ရုပ်ရှင်စိတ်ပါဝင်စားသူတွေအနေနဲ့ရော၊ ပြည်တွင်း ပြည်ပစိတ်ဝင်စားသူတွေ အနေနဲ့ရော ဘယ်လိုအကြောင်းနည်းနဲ့မဆို ကျွန်တော်တို့ဆီကို ဆက်သွယ်နိုင်ဖို့ ကဏ္ဍ ပေါင်းစုံကနေ အွန်လိုင်း၊ အင်တာနက်စာမျက်နှာတွေ ဖွင့်လှစ်ပြီးတော့ အဲဒီစာမျက်နှာတွေကို ဒီနေ့ မီဒီယာ တွေကိုအသိပေးကြေညာတဲ့ မိတ်ဆက်တဲ့ အခမ်းအနားလေးပဲဖြစ်ပါတယ်။ ဘာလို့ မီဒီယာတွေကိုမိတ်ဆက်ရသလဲဆိုတော့ ဒီ အောင်ဆန်းရုပ်ရှင်ရိုက်ကူးခြင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပေးဖူးတာကတော့ အင်မတန် သိမ်မွေ့ နက်နဲ တဲ့ အလုပ်တစ်ခုလို့ဆိုပါတယ်။ တကယ်လည်း သိမ်မွေ့သယောင်နဲ့ အင်မတန် နက်နဲပြီး တော့ ခက်လည်းခက်ခဲတဲ့အလုပ်တစ်ခုပါ။ အခု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်နဲ့အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီကြီးကို  နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းမိန့်နဲ့ ဖွဲ့စည်းခွင့်ပြုပြီး ဆောင်ရွက် နေပါပြီ။

အောင်ဆန်းရုပ်ရှင် ရိုက်ကူးနိုင်ဖို့အတွက် အကောင်းဆုံးပံ့ပိုးမှုအနေ အထားတွေ အားလုံးရရှိ ထားပါပြီ။ ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် ကျွန်တော့်အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံး ဖြစ်အောင်  မြန်မာနိုင်ငံက အနုပညာ ရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေအားလုံး ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ အကောင်းဆုံး အောင်ဆန်းရုပ်ရှင်ကားကြီးဖြစ်အောင် ရိုက်ကူးထုတ်လုပ်ပြီး ပြည်သူရှေ့ကို ချပြနိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။   မီဒီယာများအားလုံး ကလည်း သက်ဆိုင် ရာ အခန်းကဏ္ဍအလိုက်   အောင်ဆန်းရုပ်ရှင်ကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြမယ်ဆိုတဲ့ စေတနာမျိုးနဲ့ဝိုင်းဝန်းပံ့ပိုးပေးဖို့ ဒီမီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

အောင်ဆန်းရုပ်ရှင်၏ Casting ဒါရိုက်တာပန်းချီစိုးမိုးကလည်း လူတိုင်း လူတိုင်းမှာ တာဝန်ကိုယ်စီရှိကြောင်း၊ နိုင်ငံသားတိုင်းမှာလည်း တာဝန်ရှိကြောင်း၊ အနုပညာရှင်တိုင်း မှာလည်း တာဝန်ရှိကြောင်း၊ ယင်းတာဝန်မှာ နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော အောင်ဆန်း ဆိုသည့်ဇာတ်ကားကြီးကို ဘယ်လိုဝိုင်းဝန်း ပံ့ပိုးကြမလဲဆိုသည့် စိတ်ဆန္ဒ၊ စိတ်ရင်း စေတနာဆန္ဒ အပြည့်အဝနှင့် လုပ်မှသာလျှင် ယင်း ဇာတ်ကားကြီးက ပိုမိုပြီး ထိရောက် အောင်မြင်မည်ဟု မြင်ကြောင်း၊  ယင်းဇာတ်ကား ရိုက်ကူးရေးတွင် ကဏ္ဍများ ခွဲထားကြောင်း၊ အားလုံး ဝိုင်းဝန်းပံ့ပိုးရမည်ဖြစ်ကြောင်း၊   သမိုင်းအစဉ်အဆက်နှင့် သမိုင်းနှင့်ချီပြီး ရိုက်ခဲ့ သည့် ဇာတ်ကားဖြစ်သည့်အတွက် သမိုင်း အထောက်အထားများ သမိုင်းပညာရှင်များက ပံ့ပိုးခဲ့သကဲ့သို့ အနုပညာရှင်များကလည်း အနုပညာရှင်ကဏ္ဍမှ ပံ့ပိုးပြီး အတတ်ပညာ ရှင်များကလည်း အတတ်ပညာကဏ္ဍကနေ ပံ့ပိုးထားကြောင်း၊ မိမိတို့ကလည်း ယင်းဇာတ် ကားကြီးအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးထားကြောင်း၊ ပြည်သူလူထု၊ ရုပ်ရှင်ကို ချစ်မြတ်နိုးသောလူထု၊ ဗိုလ်ချုပ်ကိုချစ်မြတ်နိုး သောလူထုတို့က ဘယ်လိုပံ့ပိုးမလဲ၊ ဘယ်လို အကြံပြုမလဲ၊ ဘယ်လိုဆန်းစစ်ဝေဖန်ပြီး  အကြံပြုမလဲ၊ မိမိတို့အခုဖွင့်လိုက်သည့် လူမှု စာမျက်နှာမှ ပြည်သူလူထုကလည်း မိမိသိသည့်အသိနှင့်ပံ့ပိုးပြီး အကြံဉာဏ်ပြု မည်ဆိုလျှင် ဇာတ်ကားကောင်း တစ်ကားဖြစ် နိုင်မည်ဟု  မြင်ပါကြောင်း၊   ထိုနည်းတူ မီဒီယာများ၏ စူးရှထက်မြက်သည့်အသိအမြင်နှင့် ထက်မြက်သည့် ရေးသားချက်များအားလုံးဖြင့် ယင်းဇာတ် ကားပေါ်မှာ ဝေဖန် ဆန်းစစ် ပံ့ပိုးပေးပါရန်  မေတ္တာရပ်ခံချင် ကြောင်း ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသော မီဒီယာများ၏ မေးမြန်းချက်များကို  ဒါရိုက်တာ များဖြစ်ကြသော လူမင်း၊  ပန်းချီစိုးမိုး၊  ညီညီထွန်းလွင်၊ ထွန်းအောင်ဇော်နှင့် စိုးကျော်ဆန်း တို့က ပြန်လည် ရှင်းလင်းဖြေကြားကြပြီး ဒါရိုက်တာလူမင်းက ကျေးဇူးတင်စကား ပြောကြား သည်။

 အောင်ဆန်းရုပ်ရှင်၏ တရားဝင်မီဒီယာစာမျက်နှာများဖြစ်ကြသော https://www. instagram.com/aungsanmovieofficial ၊ https://www.facebook.com/ aungsanmovieofficial နှင့် https://twitter.com/aungsanmovie တို့တွင် ဝင်ရောက် ကြည့်ရှု အကြံပြုနိုင်ကြောင်း  သိရသည်။

သတင်း - ရီရီမြင့်

ဓာတ်ပုံ - လှမိုး