ဆီးဂိမ်းပြိုင်ပွဲတွင် လှိုင်းစီး(Surf)ကစားနည်း မြန်မာပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်
ဆီးဂိမ်းပြိုင်ပွဲတွင် လှိုင်းစီး(Surf)ကစားနည်း မြန်မာပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်
Ministry of Information/ နေပြည်တော် / August 14, 2019

ရန်ကုန် ဩဂုတ် ၁၃
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀)မြောက် အရှေ့ တောင်အာရှ အားကစား ပြိုင်ပွဲ တွင် ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပမည့် လှိုင်းစီး Surfing Sport ပြိုင်ပွဲကို Surf Association of Myanmar မှ အားကစား သမားများ ဝင်ရာက် ယှဉ်ပြိုင် သွားမည်ဖြစ် ကြောင်း သိရသည်။
''ကျွန်တော်တို့ ဆီးဂိမ်းမှာ Surf ထည့်သွင်းကျင်းပမယ်လို့ သိတာနဲ့ အဖွဲ့ချုပ် ဖွဲ့စည်းလိုက်တယ်။ ငွေဆောင်မှာ ကစား သမား ၃၀ ခေါ်ပြီး ယှဉ်ပြိုင်ခဲ့ပြီး ပဏာမ လက်ရွေးစင်အမျိုးသားလေးဦး အမျိုးသမီးတစ်ဦး ရွေးချယ် ထားပါ တယ်။ လှိုင်းစီး (Surf) အပျော်စီးတာနှစ်နှစ်၊ သုံးနှစ် ရှိပါပြီ။ အခုဘာလီကျွန်းမှာ ကစားသမားတွေ သွားရောက် လေ့ ကျင့် နေပါတယ်။ ဘာလီကျွန်းမှာ ဘာကြောင့်လေ့ကျင့်ရလဲဆိုတော့ ငွေဆောင် ထက်ရေလှိုင်းအမျိုးစုံရှိတယ်။ ဒါ့ကြောင့် လေ့ကျင့်ရတာပါ။ သူတို့ပြန် လာရင် အောင်မြင် မှုရရှိဖို့ ငွေဆောင်မှာ လက်ရှိ ဟန်ဂေရီနိုင်ငံက နည်းပြ ရယ်၊ ဒီလမှာ အမေရိကန်နိုင်ငံက နည်းပြတစ်ယောက် ထပ်မံခေါ်ယူဖို့ စီစဉ်ထားပါတယ်''ဟု Surf Association of Myanmar မှ ဥက္ကဋ္ဌ ဦးဘုန်းကျော်မိုးမြင့်က ပြောသည်။
Surf Association of Myanmarသည် မေ၂၅ ရက်မှ ၂၆ ရက် အထိ Surf & Sup National Championship ၂၀၁၉ ကို ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဘရူနိုင်း၊ ပြင်သစ်၊ ဂျပန်၊ ဩစတြေးလျနှင့် UKနိုင်ငံ Surfing အား ကစားသမား ၃၄ ဦး ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။ ဆီးဂိမ်းပြိုင်ပွဲ အတွက် လူရွေးချယ်သည့်ပြိုင်ပွဲ လည်းဖြစ် ခဲ့ကြောင်း သိရသည်။ အဆိုပါ Surf ကစား နည်းသည် ရေလှိုင်းပေါ်တွင် ဘုတ်ပြားဖြင့်စီးသည့် ကစားနည်းဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး လေးတန်းစီထည့်သွင်းကျင်းပထားကာ မြန်မာအသင်းသည် အမျိုးသား လေးဦး၊ အမျိုးသမီးတစ်ဦး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ် ကြောင်း သိရသည်။
မြန်မာအားကစားသမားအနေဖြင့် အိမ် ရှင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ အကြိမ် (၃၀)မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ တွင် Surfing Sport သည် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပ သည့်အတွက် လာအို၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့ မပါဝင်ကြောင်း သိရ သည်။
သတင်းနှင့်ဓာတ်ပုံ- အာကာစိုး