Channel K ရုပ်သံလိုင်းက သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ပုံမှန်ပြသနေသည့် အစီအစဉ်များအပြင် အစီအစဉ် သစ်များ ထုတ်လွှင့်ပြသသွားမည်
Channel K ရုပ်သံလိုင်းက သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ပုံမှန်ပြသနေသည့် အစီအစဉ်များအပြင် အစီအစဉ် သစ်များ ထုတ်လွှင့်ပြသသွားမည်
Ministry of Information/ နေပြည်တော် / April 09, 2020
ရန်ကုန် ဧပြီ ၈
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)၏ Content Provider တစ်ခုဖြစ်သည့် Channel K ရုပ်သံလိုင်းက ယခုနှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ကြည့်ရှုအားပေးသူ ပရိသတ်များအတွက် ပုံမှန်ထုတ်လွှင့်နေကျ အစီအစဉ်များအပြင် ထူးခြားဆန်းသစ်သည့် အစီအစဉ်သစ်များကို ဧပြီ ၁၃ ရက်မှ စတင်ကာ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
“အခု လက်ရှိမှာ အေးမြတ်သူ ခရီးသွား Solo Myanmar အစီအစဉ်ကို စနေပါပြီ။ နောက်ထပ်လည်း Chit Chat with Ni Ni ဆိုတဲ့ အစီအစဉ်သစ် လေးတစ်ခုကိုလည်း ထုတ်လွှင့်တင်ဆက်ဖို့ လုပ်နေပါတယ်။ ရုံး ပိတ်ရက် တွေမှာ အိမ်မှာပဲနေကြမယ့် ပြည်သူတွေအားလုံးအတွက် ဖျော်ဖြေရေးအစီအစဉ်တွေကို ထည့်ထားတာပါ။ ရုပ်သံဇာတ်လမ်းတွဲတွေကတော့ ပုံမှန် အတိုင်းပြသွားမှာပါ ” ဟု Channel K ရုပ်သံလိုင်းမှ တာဝန် ရှိသူ ဒေါ်ခင်နီ တာထွန်းက ပြောသည်။
နှစ်သစ်ကူးရုံးပိတ်ရက်များအတွက် Chit Chat with Ni Ni အစီအစဉ်
ပရိသတ်များ၏ အချစ်တော် နာမည်ကျော် အဆိုတော် နီနီခင်ဇော်က သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်ဖွယ်ရာဂိမ်းများ ဆော့ကစားခြင်း၊ သိလိုသမျှ မေးမြန်းမှုများ ဖြေကြားခြင်းနှင့် ဖိတ်ခေါ်ထားသည့် အနုပညာရှင်များ၏ ပါဝင်ဖျော်ဖြေမှုများကို ကြည့်ရှုခံစားရမည့် Chit Chat with Ni Ni အစီအစဉ် ကို Channel K ရုပ်သံလိုင်းတွင် တင်ဆက်ပေးသွားမည် ဖြစ်သည်။
ဤ Chit Chat with Ni Ni အစီအစဉ်ကို ဧပြီ ၁၃ ရက်မှ စတင်ကာ အပတ်စဉ် (တနင်္လာနေ့) ညနေ ၅ နာရီခွဲတွင် ထုတ်လွှင့်ပြသမည်ဖြစ် ပြီး သောကြာနေ့ ညနေ ၅ နာရီခွဲတွင် ပြန်လည် ထုတ်လွှင့်ပြသ မည်ဖြစ်သည်။
သင်္ကြန်ကာလအထူးအစီအစဉ် 10 AM Show အစီအစဉ်အသစ်
နောက်ထပ် အထူးအစီအစဉ်အနေဖြင့် မေလအတွင်း ပြသရန် စီစဉ်ထားသည့် 10 AM Show အစီအစဉ် သစ်အား Channel K Facebook Page တွင် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီအချိန် တိုင်း တင်ဆက်ပေးသွားမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် ခေတ်နှင့်အညီ ထွက်ပေါ်လာသည့် နည်းပညာအသစ်အဆန်းများအကြောင်း၊ အမျိုးသားများအတွက် Fashion ၊ Make –up နှင့် အသားအရေထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာများ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာ၊ ကြံ့ခိုင်မှုရှိစေမည့် လေ့ကျင့်နေထိုင်နည်းများ၊ အမျိုးသမီး ငယ်လေးများ အတွက် Fashion ၊ မိတ်ကပ်နှင့် အသားအရေထိန်းသိမ်းမှု ဆိုင်ရာအကြောင်းအရာများ၊ ကလေးငယ်လေးများ ဖွံ့ဖြိုးမှုဆိုင်ရာ အရေးပါ သည့် အချက်အလက်များ၊ အားကစားလှုပ်ရှားမှုများနှင့် သင်တန်းဆရာများ၏ လေ့ကျင့်သင်ကြားပေးမည့် ကျန်းမာလှပခြင်းဆိုင်ရာ နည်းလမ်းကောင်းများ အစရှိသည့် အမျိုးအစား စုံလင် သည့် အစီအစဉ်ကောင်းများကို Channel K ရုပ်သံလိုင်းတွင် အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ နံနက် ၁၀ နာရီတွင် နယ်ပယ်အသီးသီးမှ အောင်မြင်ကျော်ကြားသူများနှင့်အတူ တင်ဆက်ပေး သွားမည်ဖြစ်သည်။
စိတ်ဝင်စားဖွယ်အကြောင်းအရာများဖြင့် Solo Myanmar အစီအစဉ်
နှစ်သစ်ကူးကာလတွင် မိမိအိမ်တွင်နေထိုင်ရင်း သာယာလှပသည့် ရေမြေတောတောင် သဘာဝ အလှ တရားများ၊ စိတ်ဝင်စားဖွယ်ကောင်းလှသည့် လူမျိုးစုတို့၏ ရိုးရာယဉ်ကျေးမှု ၊ ရှင်သန်ရပ်တည်မှု၊ ထူးခြား ဆန်းပြား မှုများ၊ သမိုင်းဝင်အမွေအနှစ်တို့တည်ရှိရာ နေရာဒေသများ၊ သွားရောက် လည်ပတ်ချင် စရာကောင်းလှသည့် နေရာဒေသများ၊ ရိုးသားပွင့်လင်းမှု များနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်စွန့်စားမှု ပြကွက်များကို ကြည့်ရှုခံစား နိုင်မည့် အေးမြတ်သူ ခရီးသွား Solo Myanmar အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၇ နာရီတွင် ပြသလျက်ရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့် ပြသပေးမည်ဖြစ်သည်။
မြန်မာနှင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ
ထို့ပြင် ဧပြီ ၁၃ ရက် ည ၁၀ နာရီတွင် တန်ခူးရင်ခွင်၊ ဧပြီ ၁၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ကညာပျိုနဲ့ ဇရာအို၊ ဧပြီ ၁၅ ရက် ည ၁၀ နာရီ တွင် မောင်တို့ချယ်ရီမြေ စသည့် မြန်မာဇာတ်ကားကောင်းများကို ပြသပေးမည်ဖြစ် သည်။
Channel K ရုပ်သံလိုင်းမှ ပြသနေဆဲ ဇာတ်လမ်းတွဲများအနက် ပရိသတ်အကြိုက်တွေ့နေသည့် ကဝေပျိုရဲ့ အမုန်း(အိန္ဒိယ ဇာတ်လမ်းတွဲ)၊ ဓားသွားထက်က ပျားရည်(ဖိလစ်ပိုင် ဇာတ်လမ်းတွဲ) ၊ တော်ဝင်ပန်းတစ်ပွင့် ဒဏ္ဍာရီ (တရုတ်ဇာတ်လမ်းတွဲ) စသည့် ပြသနေဆဲ ဇာတ်လမ်းတွဲများ အပြင် အိန္ဒိယ ဇာတ်လမ်း တွဲဖြစ်သည့် ရာဇဝင်ထဲက မောရိယဇာတ်လမ်းတွဲ သစ်ကို ဧပြီ ၂၁ ရက်မှစ၍ ပြသသွားရန် စီစဉ် ထားပြီးဖြစ် သည်။
သီသီမင်း
