Eco – Green City စီမံကိန်း လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်း
Eco – Green City စီမံကိန်း လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်း
Ministry of Construction/ Nay Pyi Taw / January 08, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ဝဲ/ယာ မိုင်တိုင်အမှတ် (၃/ဝ)နှင့် (၅/၄)ကြား Eco – Green City စီမံကိန်းသို့ ရောက်ရှိပါသည်။ စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းဆောင်ရွက်မည့် အခြေအနေ၊ မျှော်မှန်းချက်၊ မြေအသုံးချမှု အစီအမံများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးမှ Eco – Green City စီမံကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့အဝင်တွင် တည်ရှိသည့်အတွက် လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားပြီး စီမံကိန်းဧရိယာအတွင်း ကြည့်ရှုစစ်ဆေးပါသည်။ Eco – Green City စီမံကိန်းကို အပိုင်း(၃)ပိုင်း သတ်မှတ်ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်းမျှော်မှန်းချက် အနေဖြင့် JICA ရေးဆွဲခဲ့သည့် Yangon Vision 2040 တွင် ပါဝင်သည့် အနာဂတ်မြို့သစ် စီမံကိန်း တစ်ခု အကောင်အထည်ဖော်ရန်၊ ဝင်ငွေနည်း ပြည်သူများအတွက် လိုအပ်သည့် အငှားအိမ်ရာများ၊ တန်ဖိုးနည်း အိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ လူမှုဘဝ မြင့်မားလာစေရန် မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော် အပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၃၇/၁)ရှိ စစ်ပင်ဆိပ်တံတား (အသွား/အပြန်)၏ တံတားတိုင်များ ရေတိုက်စားမှုအား ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တံတားများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ် စစ်ဆေးရန် တာဝန်ရှိသူများအား မှာကြားပါသည်။ တံတားဦးစီးဌာန၊ တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၉) က မိုင်တိုင်အမှတ် (၁၄၅/ဝ)ရှိ ခပေါင်းတံတား အား Pilot Canal တူးဖော်ခြင်း၊ ကမ်းပြိုကာကွယ်ခြင်းနှင့် တံတား အထက်/အောက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ တံတား တည်ဆောက်ရေးအဖွဲ့(၃) က မိုင်တိုင်အမှတ် (၁၆၅/၁)ရှိ ဆွာချောင်းတံတား ရေတိုက်စား၍ Settlement ဖြစ်သွားသော Pier No. 5, 6, 7 တို့အား Bored Pile တူး၊ အားဖြည့်ခြင်း၊ နိမ့်ဆင်းသွားသော ကြမ်းခင်းနှင့် ယက်မများကို ပြန်လည် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။ (၆-၁-၂၀၁၉)