KNU/KNLA(PC) တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး


Kayin State Government/ location / September 10, 2021


ဘားအံ -စက်တင်ဘာ (၉)

            ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။

            ရှေ့ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် KNU/KNLA(PC) (ထို့ကော်ကိုး)နော်တယာဒေသ ပိုးစာပင်နှင့်နနွင်းစိုက်ခင်း(၇)ဧကသို့ ရောက်ရှိပြီး စိုက်ခင်းများအား လိုက်လံကြည့်ရှု့အားပေးကာ ဒေသခံတောင်သူ များအား ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ ပေးအပ်ခဲ့သည်။

            ထို့နောက် ထို့ကော်ကိုးဒေသ ဝင်းသူဇာအရောင်းဆိုင်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရေဘေးသင့်ဒေသများသို့ တိရိစ္ဆာန်အစာများ ထောက်ပံ့သည့်အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က နဘူးတံခွန်တိုင်ကျေးရွာနှင့် နှစ်ခြားကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀ (သုံးသောင်း)တန်ဖိုးရှိ တိရိစ္ဆာန်အစာအိတ် ၃၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ‌ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ထို့ကော်ကိုးဒေသနှစ်သစ်ကူးကွင်း၌ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခဲ့သည်။

            ဆက်လက်၍ အဆိုပါနှစ်သစ်ကူးကွင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့က ရိတ်မြို့နယ်ရုံးမှ One Stop Service စနစ်ဖြင့်နေ့ချင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်မှုအား သွားရောက်ကြည့်ရှု့အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ KNU/KNLA-PC ဥက္ကဋ္ဌ စောထော့လေး၊ အထွေထွေအတွင်းရေးမှူးဒေါက်တာနော်ကပေါ်ထူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် လူမှုရေးဝန်ကြီးဦးစိုးလွင်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ KNU/KNLA-PC ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ထို့ကော်ကိုးဒေသ လုံဖူးကလိုးချောင်းကူးတံတားအား ကြည့်ရှု့ခဲ့ပြီး တံတားသစ်တစ်စင်း တည်ဆောက်နိုင်ရေး တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု့ပြီး ပြန်လည်တင်ပြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။