နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုအား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို


Ministry of Information/ ​နေပြည်တော် / December 17, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၇

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် မျက်နှာစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုသည်။

 

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုသည် ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုတို့သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာယူ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးကာ တက်ရောက် လာကြသည့် နှစ်နိုင်ငံအဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။

 

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုသည် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုတို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး၊ နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းစေမည့် ကိစ္စရပ် များတွင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက် ရေး၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု (၄၅) နှစ်ပြည့်အထိမ်းအမှတ် အဆင့်မြင့် ကိုယ်စားလှယ်ခရီးစဉ်များစီစဉ်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေး၊ ခရီးသွားကဏ္ဍများပိုမိုတိုးတက်စေရေး၊ နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးမင်းသူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး ဒေါက်တာလုသွီဇွန်း လည်းတက်ရောက်သည်။

 

Ref; Myanmar President Office