ခန္တီးမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်


Ministry of Information/ Naypyitaw / July 07, 2024
image_latest


နေပြည်တော် ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဇွန် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါမိုင်းရပ်ကွက်ရှိ သာသနာဟိတ(ဗဟိုကျောင်း)၊ အခြေခံမူလတန်းကျောင်း(ပေါမိုင်း)တို့တွင် တိမ်းရှောင်နေသည့် ရေဘေးသင့်ပြည်သူများနှင့် မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)တို့၌ ရွှေ့ပြောင်းနေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သတင်းရရှိသည်။