ဂန့်ဂေါမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ


Ministry of Information/ Naypyitaw / July 16, 2024
image_latest


နေပြည်တော် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လာပို့ကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီချိန်ခန့်က လာပို့ကျေးရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ထိုသို့အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခဲ့သည့်ရအတွက် ညနေ ၆ နာရီခွဲချိန်ခန့်တွင် အဆိုပါနယ်မြေခံတပ်ရင်းအား အကြမ်းဖက်သမားများမှ လက်လုပ်စိန်ပြောင်းများ၊ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ သေဆုံးခဲ့ရမှုအား ပြည်သူများထိခိုက်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။