ဇဗ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / July 16, 2024
image_latest


ဇူလိုင်၊ ၁၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် လျှပ်စစ်သံဂဟေ ဆက်နည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက ဇဗ္ဗသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှိ ကျေးရွာ ခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊  သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများ နှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် ကာလတိုသင်တန်းများအပြင် “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းသင်တန်းများ” ကိုပါ တိုးမြှင့်ဖွင့်လှစ်ပေး လျက်ရှိကြောင်း၊ ယခု သင်တန်းကို ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသည့် လူငယ် လူရွယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားခြင်းကို စိတ်ပါဝင်စားပြီး ထူးချွန်သူ၊ အမှန်တကယ် လုပ်ငန်းထူထောင်လိုသူ(၅)ဦးကို စနစ်တကျရွေးချယ်ပြီး သင်တန်းဆင်းသည့်အခါ လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် လက်သုံးကိရိယာများ သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း၊  လုပ်ငန်းအောင်မြင်ပြီး အမှန်တကယ် မိသားစုဝင်ငွေတိုးရန် ဌာန အနေဖြင့် ကူညီပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

          ယခု ဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား (၁၀)ဦးအား လျှပ်စစ်သံဂဟေဆက်နည်း ပညာသင်တန်းကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ (၁)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။