နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အားလက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / July 16, 2024
image_latest


နေပြည်တော် ဇူလိုင် ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေး၊ စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။