မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ပေးအပ်၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


Ministry of Information/ Naypyitaw / July 08, 2024
image_latest


နေပြည်တော် ဇူလိုင် ၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဇူလိုင် ၂ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး တနိုင်းမြို့အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ယခုအခါမြစ်ရေပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်ရှိ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ယနေ့တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍စာသင်တိုက်အတွင်းရှိ စေတီပုထိုးများ၊ ကျောင်းဆောင်များအတွင်း ကျန်ရှိနေသော နှုံးများ၊ သဲများနှင့် အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ပေးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ခန္တီးမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်ရှိ မြသိန်းတန်စေတီ၊ ဇီးဖြူကုန်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ဇီးဖြူကုန်း)၊ နာဂရိုးရာကွင်း၊ နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းနှင့် မော်လိုက်မြို့နယ်၊ ကျောက်တောင်ရပ်ကွက်၊ တံတားဦးရပ်ကွက်၊ ကျောက်မြောင်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။