လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟုဆိုသူ၏ အပြန်အလှန်ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်


Ministry of Foreign Affairs/ Nay Pyi Taw / July 08, 2024


(၄-၇-၂၀၂၄ ရက်၊ ဂျီနီဗာ)

လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟုဆိုသူ၏ အပြန်အလှန်ဆွေးနွေးပွဲကို ၄-၇-၂၀၂၄ ရက်တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပြန်လည်ရရှိရန် ကိုင်တွယ်ဆောင်ရွက်နေစဉ် လူ့အခွင့်အရေးကောင်စီ၌ အထူးအစီရင်ခံစာတင်သွင်းသူ ပြုလုပ်သော ဆွေးနွေးပွဲများသည် နိုင်ငံ၏ပြည်တွင်းရေးကို ပိုမိုရှုပ်ထွေးစေသည်။ အထူးအစီရင်ခံစာတင်သွင်းသူ၏ လုပ်ပိုင်ခွင့်အား ဖန်တီးခြင်းသည် ကောင်စီ၏ အခြေခံမူများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ၎င်းနှင့် ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးပွဲမှာလည်း လက်တွေ့ကျမှု မရှိပါ။ ထို့အပြင် ဆွေးနွေးပွဲ၌ သက်ဆိုင်ရာနိုင်ငံ မပါဝင်ခြင်းကြောင့် အဓိပ္ပာယ်မဲ့‌သော ဆွေးနွေးပွဲဖြစ်စေသည်။

ရွေးကောက်ပွဲကျင်းပခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက် ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်၍ မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မှုအဖြစ် ယခုနှစ် အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက် NUG ၊ PDF နှင့် ဆက်စပ်သော တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ၏ လက်နက်ကိုင်တိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပိုမိုပြင်းထန်လာခဲ့သည်။ မြန်မာ တပ်မတော်အနေဖြင့် အရပ်သားများကို တိုက်ခိုက်ခြင်းမရှိဘဲ၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများက ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသများရှိ မြို့ရွာများကို သိမ်းပိုက်ရန် ကြိုးပမ်းသည့်အတွက် ၎င်းတို့ကို တုံ့ပြန်တိုက်ခိုက်နေခြင်းသာဖြစ်ပြီး၊ အရပ်သားများကို တိုက်ခိုက်ခြင်း မဟုတ်ပါ။ ၁-၂-၂၀၂၁ ရက်မှ ၃၁-၅-၂၀၂၄ ရက်အထိ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များကြောင့် ကလေး ၂၇၇ ဦး အပါအဝင် အပြစ်မဲ့အရပ်သား ၇,၇၆၄ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် ယင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို အမွှမ်းတင်ရေးသားပြီး၊ ၎င်း၏ လုပ်ပိုင်ခွင့်ကို ထပ်မံအသုံးချကာ၊ နိုင်ငံတကာအသိုက်အဝန်းအား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများနှင့် ထိတွေ့ဆက်ဆံရန် ဆက်လက်လှုံ့ဆော်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။

အထူးအစီရင်ခံစာတင်သွင်းသူ၏ တင်ပြချက်နှင့် နိုင်ငံအချို့၏ ပြောကြားချက်များတွင် ရခိုင်ပြည်နယ်၏ အ‌ခြေအနေကို ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော အေအေအဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကျော့ပြန် တိုက်ခိုက်မှုများ စတင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ ဆိုးရွားလာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်အထိ အေအေ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများအပါအဝင် အပြစ်မဲ့အရပ်သား ၂၁၇ ဦး အသက်ဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို ဝင်ရောက်ပေးအပ်ခွင့်မပြုကြောင်း စွပ်စွဲချက်များသည် မမှန်ကန်ကြောင်း အလေးပေးဖော်ပြလိုသည်။ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့်စပ်လျဉ်း၍ မြေပြင်လုံခြုံရေးအခြေအနေပေါ်မူတည်၍ မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားသို့ သွားရောက်လုပ်ငန်းဆောင်ရွက်ခွင့်ပြုလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အစိုးရက ကုလသမဂ္ဂနှင့် INGO ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ၎င်းတို့၏ မေတ္တာရပ်ခံချက်အရ ယာယီရွှေ့ပြောင်းပေးခဲ့ပြီး၊ အဆိုပါဝန်ထမ်းများသည် လုံခြုံသည့်နေရာ၌ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အထူးကိုယ်စားလှယ်သည် “လူအများအား သေစေနိုင်သော ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း၊ ဘဏ်များနှင့် အစိုးရများက မြန်မာနိုင်ငံရှိ တပ်မတော်အစိုးရကို ထောက်ပံ့ပေးသည့် နည်းလမ်းများ” ဆိုသည့်ခေါင်းစဉ်ဖြင့် အစည်းအဝေးစာရွက်စာတမ်းတစ်စောင် (A/HRC/56/CRP.7) ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါစာရွက်စာတမ်းတွင် နိုင်ငံခြားကုန်သွယ်မှုကို အထောက်အကူပြုနေသော မြန်မာနိုင်ငံရှိ ဘဏ်များ၏ ငွေကြေးလွှဲပြောင်းလက်ခံမှုများအားလုံးသည် လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများအား ဝယ်ယူခြင်းဖြစ်ကြောင်း ခြုံငုံဖော်ပြထားပြီး၊ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအား နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို သွေဖည်၍၊ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူမှုများ ပြုလုပ်ရန် လှုံ့ဆော်ထားသည်။ မြန်မာ့ဘဏ်များအပေါ် နိုင်ငံအချို့၏ ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှု ကြန့်ကြာခြင်း၊ ဘဏ်ဝန်ဆောင်ခ ကောက်ခံမှုများအပါအဝင် ကုန်ကျစရိတ်မြင့်မားခြင်း၊ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန် ကန့်သတ်ထားခြင်း၊ ကုန်သွယ်မှုတန်ဖိုး ကျဆင်းခြင်း၊ ဆေးဝါးနှင့် စက်သုံးဆီအပါအဝင် မရှိမဖြစ် သွင်းကုန်များ ဈေးနှုန်းကြီးမြင့်ခြင်း၊ သွင်းကုန်စရိတ်မြင့်မားလာခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှု ထိခိုက်ခြင်းတို့ကို ခံစားရလျက်ရှိသည်။ ထိုကဲ့သို့သော အကျိုးဆက်များသည် ကလေးများ၊ အမျိုးသမီးများနှင့် နာမကျန်းသူများအပါအဝင် ထိခိုက်လွယ်သူများနှင့် မြန်မာပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ခွင့်ကို ထိခိုက်စေသည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရန် ကောင်စီအဖွဲ့ဝင်နိုင်ငံများအား လှုံ့ဆော်ခြင်းသည် လူတစ်စု၏ အကျိုးစီးပွားအတွက် လူသန်း ၆၀ အား ထိခိုက်စေသည့် တာဝန်မဲ့သောလုပ်ရပ် ဖြစ်သည်။ ထို့အပြင် အဆိုပါစာတမ်းသည် တစ်ဖက်သတ်အရေးယူမှုများ၏ ဆိုးကျိုးနှင့် အကျိုးဆက်များကို ဂရုပြုရန် အထူးအစီရင်ခံစာတင်သွင်းသူများအား တိုက်တွန်းသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် A/HRC/RES/55/7 ကို လျစ်လျူရှုလျက်ရှိကြောင်း ပြသနေသည်။ အစည်းအဝေးစာရွက်စာတမ်းပါ တောင်းဆိုချက်များသည် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် မြန်မာ့ဘဏ်များက ယင်းစာရွက်စာတမ်းအား ကန့်ကွက်ကြောင်း ၂၈-၆-၂၀၂၄ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ စင်စစ်တွင် ဘဏ်ငွေကြေးလွှဲပြောင်း လက်ခံမှုများသည် ဆေးဝါး၊ လောင်စာဆီ၊ စားသုံးဆီ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ ဓာတ်မြေဩဇာများ အပါအဝင် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော သွင်းကုန်များအတွက် အရေးကြီးသည်။ မြန်မာနိုင်ငံရှိ ဘဏ်များနှင့် လက်တွဲဆောင်ရွက်နေသော နိုင်ငံခြားဘဏ်များသည် ပြည်ပငွေကြေးလွှဲပြောင်းမှုများအပေါ် အလေးထားစိစစ်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence-EDD) ဆိုင်ရာ လုပ်ငန်းစဉ်အား လိုက်နာဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံဘဏ်များသည် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) က သတ်မှတ်ထားသော အကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအမံများကို ယင်းအဖွဲ့၏ အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့် ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အထူးအစီရင်ခံစာတင်သွင်းသူသည် ၁-၇-၂၀၂၄ ရက်တွင် အစည်းအဝေးစာရွက်စာတမ်း တစ်စောင်ကို ထပ်မံထုတ်ပြန်ခဲ့သည်။ အဆိုပါစာရွက်စာတမ်းတွင် မျက်မှောက်ခေတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ ကျင့်သုံးခြင်းမရှိသော ဓလေ့ထုံးတမ်းအချို့ဖြစ်သည့် အမျိုးသမီးများအနေဖြင့် အမျိုးသားများ၏ ကာကွယ်စောင့်ရှောက်မှု လိုအပ်ခြင်းနှင့် အဓမ္မလက်ထပ်ထိမ်းမြားခြင်းကဲ့သို့ စံနှုန်းများနှင့် အယူအဆများကို ထည့်သွင်းဖော်ပြထားသည်။ မြန်မာအမျိုးသမီးများအနေဖြင့် ၁၅ ရာစု ရှင်စောပုဘုရင်မ အုပ်ချုပ်ခဲ့စဉ်ကတည်းက ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် အစဉ်အဆက် ပါဝင်ခဲ့ကြပြီး၊ ယနေ့ခေတ်တွင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းကျော်သည် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများ၌ ဆုံးဖြတ်ချက်ချမှတ်သည့် ညွှန်ကြားရေးမှူးနှင့်အထက် ရာထူးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည်။ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် မည်သည့်လိင်အကြမ်းဖက်မှုမျိုးကိုမဆို သည်းခံခွင့်လွှတ်မှုမရှိရေး နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေများနှင့် ညွှန်ကြားချက်များကို တင်းကျပ်စွာ လိုက်နာလျက်ရှိသည်။ မြန်မာနိုင်ငံသည် အမျိုးသမီးများ၏ အခွင့်အရေးကာကွယ် မြှင့်တင်ရန် နိုင်ငံတော်အဆင့်ယန္တရားကို တည်ထောင်ထားသည့်အပြင်၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂနှင့် ၇-၁၂-၂၀၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းကြေညာချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် အမျိုးသားကော်မတီတစ်ရပ်ကို တည်ထောင်ခဲ့ပြီး၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားစီမံချက်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ အထူးအစီရင်ခံစာတင်သွင်းသူ၏ လိုရာဆွဲပြုစုထားသော စာတမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ခိုင်လုံသော အထောက်အထားမရှိသည့် စွပ်စွဲချက်များ ဖော်ပြထားပြီး၊ PDF အကြမ်းဖက်အဖွဲ့နှင့် ၎င်းနှင့် ဆက်စပ်သည့် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကိုမူ လျှော့ပေါ့ဖော်ပြထားသည်။ အဆိုပါစာတမ်းက အထူးအစီရင်ခံစာတင်သွင်းသူ၏ စိတ်ခံစားမှုနှင့် ဘက်လိုက်သည့် အပြုအမူကို ပြသလျက်ရှိပြီး၊ NUG ဆိုသည့်အဖွဲ့အစည်းအား နိုင်ငံတကာအသိုက်အဝန်းက တိုးမြှင့်ထောက်ခံလာရေးအတွက် ပညာရှင်မဆန်စွာ တိုက်တွန်းထားသည်။ ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်အောက်ခံဖြစ်သော ဒေသခံ တိုင်းရင်းသားအဖွဲ့အစည်းများအား အားပေးထောက်ခံသင့်သယောင် ပုံဖော်ရေးသားထားသည်။

အထူးကိုယ်စားလှယ်သည် အစိုးရဆန့်ကျင်သူအုပ်စုများနှင့် အစိုးရကို ဆန့်ကျင်သည့်သတင်းမီဒီယာများ၏ ပြောကြားချက်များကို သံယောင်လိုက်ကာ၊ ပုံကြီးချဲ့ထားသော သတင်းအချက်အလက်များကို အသုံးပြု၍ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ဖြန့်ဝေလျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် အထူးအစီရင်ခံစာတင်သွင်းသူ၏ နှုတ်ဖြင့် တင်သွင်းသော အစီရင်ခံစာ၊ ၎င်း၏ တာဝန်မဲ့သော အစည်းအဝေးစာရွက်စာတမ်းများနှင့် အကြံပြုချက်များကို ပြတ်သားစွာ ပယ်ချသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး

ဂျီနီဗာမြို့။

********************************************