လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ် ၄ ဦး အပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Information/ Naypyitaw / July 08, 2024
image_latest


နေပြည်တော် ဇူလိုင် ၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က ဇူလိုင် ၄ ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ နည်းပညာတက္ကသိုလ်၊ မြကလပ်တောင်၊ သီရိဒေါလမ်းဆုံနှင့် အခြားနေရာအများအပြားသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ ကျောက်တောင်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ရကာ ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်ဒေသအတွင်း အေးချမ်းစွာဖြင့်နေထိုင်လုပ်ကိုင် စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ ပြည်သူလူထုနေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လွိုင်ကော်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေးကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။