၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့်တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ပါဝင်လာ


Ministry of Information/ Naypyitaw / July 08, 2024
image_latest


နေပြည်တော် ဇူလိုင် ၈

မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့်နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ်ပြက္ခဒိန်နှစ်တစ်နှစ်မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရသည်။ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီလ ၁ ရက်နေ့၊ နိုင်ငံတကာနှစ်သစ်ကူးနေ့အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်းအခြားအာဆီယံနိုင်ငံများကဲ့သို့လည်းကောင်း၊ အချို့သော ကမ္ဘာ့နိုင်ငံများကဲ့သို့လည်းကောင်း၊ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။