ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / April 29, 2025
image_latest


နေပြည်တော် ဧပြီ ၂၈

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၌ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဉာဏိဿရ အမှူးပြုသော သံဃာတော်များက ငလျင်ဒဏ်ကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကွယ်လွန်သွားကြသော လူပုဂ္ဂိုလ်များအတွက် တစ်လပြည့် ရည်စူးကုသိုလ်အမျှအတန်းပေးဝေပွဲကို ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့ မြစေတီရဲကျောင်း ပရိယတ္တိစာသင်တိုက်မှ ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဝိနယပါဠိပါရဂူ အဘိဓဇအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ပ-သုံးလုံးသာသနာပြုဟိတဓရ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကိုယ်စား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) အတွင်းရေးမှူး-၁ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် မင်္ဂလဓမ္မဇောတိက ဓဇ ဦးမြတ်မင်းက ဝမ်းမြောက်ကြောင်းစကား လျှောက်တင်ပြီး နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဉာဏိဿရထံမှ သံဝေဂတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ရှိ ဆွမ်းဦးပုညရှင်စေတီ၊ ဥမင်သုံးဆယ်စေတီ၊ ဥမင်ကိုးဆယ်စေတီ၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်မြတ်စွာဘုရား၊ နန်းဦးမြို့သစ်ရှိ မဟာလှစေတီနှင့် မရှိခဏစေတီများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများကို သွားရောက်ကြည့်ရှုကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ငလျင်ဘေးကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ သေဆုံးသူများ၏ မိသားစုများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ နှစ် ၇၀၀ ပြည့် အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ခရိုင်/မြို့နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် သေဆုံးသွားသော မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ငလျင်ဘေးကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်ပေးကြသည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား အားပေးစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌထံသို့ ထောက်ပံ့ငွေကျပ် သိန်းပေါင်း ၅၄၆၀ (၅၄၆ ဦး X ၁၀) လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးကြောင့် သေဆုံးသွားသော မိသားစုဝင်များအား တစ်ဦးချင်း ထောက်ပံ့ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ပါရမီရပ်ကွက်ရှိ မဟာစည်းခုံကြီးစေတီအတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်းတွင် ထောက်ပံ့ပစ္စည်းများ ပေးဝေနေမှုကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပန်းပဲတန်းရပ်ကွက်နှင့် မင်းလမ်းရပ်ကွက်ရှိ လူနေအဆောက်အအုံများ ဖယ်ရှားရှင်းလင်းနေမှု ကို ကြည့်ရှုအားပေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ်ကြောင့် တိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် လတ်တလော စားသောက်ရေးအဆင်ပြေစေရန် တစ်လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်၍ အခမ်းအနားမစတင်မီ အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော သေဆုံးသူများ၏ မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ‌ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ငါးသိန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် သုံးသိန်းနှုန်းဖြင့် စုစုပေါင်း သေဆုံးသူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၁၈ သိန်းနှုန်းဖြင့် သေဆုံးသူ ၂၁၅၂ ဦးအတွက် ငွေကျပ် ၃၈၇၃၆၀၀၀၀၀ နှင့် နိုင်ငံတော်မှ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးသင့်သူ ၁၃၇၀၈၁ ဦးတို့အတွက် လတ်တလော စားသောက် ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တစ်လစာအတွက် ထောက်ပံ့ငွေကျပ် ၇၂၅၉၉၇၉၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် စိတ္တသုခကျောင်း၌ စိတ္တသုခ ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒကအား အမှူးထား၍ ၇ ရက်သားသမီးတို့၏ ကုသိုလ်ကောင်းမှုအစုစုတို့ဖြင့် သံဃာတော်များအား ပင့်ဖိတ်၍ ကျင်းပပြုလုပ်အပ်သော ငလျင်ဘေးဒဏ်ကြောင့် ဘဝတစ်ပါး ဘုံတစ်ပါးသို့ ကူးပြောင်းကွယ်လွန်ပြီးဖြစ်သော ဆွေတော်မျိုးတော်အပေါင်းတို့အား ဖြစ်လေရာဘုံဌာနတို့၌ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့ ရရှိခံစားနိုင်ရန် စိတ်ရည်သန်၍ မတကဘတ္တကုသိုလ်ပြု အမျှပေးဝေပွဲသို့ တက်ရောက်၍ အလှူရှင်များနှင့်အတူ ကြွရောက်လာသောဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ၍ ၇ ရက်သားသမီးအပေါင်းတို့အား အမျှအတန်းပေးဝေခြင်းနှင့် အနုမောဒနာတရား နာယူကြည်ညိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် သင်ခန်းစာများ ပြန်လည်သင်ကြားလေ့ကျင့်နေသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား တွေ့ဆုံအားပေးစကား ပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့်အဖွဲ့သည် မန္တလေးမြို့ နန်းမြို့ရိုးသို့ ရောက်ရှိပြီး ကျုံးပတ်လည်တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှုများကို လည်းကောင်း၊ ကျုံး၏အရှေ့ဘက်ရှိ ရတနာပုံဥယျာဉ် ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများကိုလည်းကောင်း၊ ကျုံး၏ တောင်ဘက်ရှိ ကျွန်းလုံးယူတံခါး ပြိုကျပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းနေပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်၊ ရှေးဟောင်း လက်ရာများ ပါရှိသည့်အတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ မူလပုံစံအတိုင်း ရှေးမူလက်ရာမပျက် တည်ဆောက်ရမည်ဖြစ်ပြီး ပြန်လည်သုံးစွဲ၍ရသည့် ရှေးဟောင်း လက်ရာပစ္စည်းများအား ထည့်သွင်းသုံးစွဲရမည်ဖြစ်သည့်အတွက် ပျက်စီးသွားသော အဆောက် အအုံများမှ ဆယ်တင်နိုင်သည့်ပစ္စည်းများအား ဆယ်တင်၍ စနစ်တကျ စာရင်းပြုစုထိန်းသိမ်းထားရှိရန်၊ အပျက်အစီးများအား စနစ်တကျစွန့်ပစ်သွားရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများ နှင့်အတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်း နေမှု၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အမရပူရမြို့နယ်ရှိ တောင်မင်းကြီး မြတ်စွာဘုရား၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ မာနိတာရာမ ပရိယတ္တိစာသင်တိုက်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နေသည်များကိုလည်းကောင်း၊ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေနှင့် လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သန့်ရှင်းရေး ဆောင်ရွက်နေသည့်အဖွဲ့များကို စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည် မြို့ စက်မှုဝန်ကြီးဌာန ကျောက်ဆည်စက်ရုံများ နယ်မြေရှိ REVA ကုမ္ပဏီမှ ငှားရမ်းဆောင်ရွက်သည့် ဖိနပ်စက်ရုံ၊ Keys Shine ကုမ္ပဏီမှ ငှားရမ်းဆောင်ရွက်သည့် အထည်ချုပ်စက်ရုံနှင့် စဉ့်ကိုင် မြို့နယ် ဈေးတန်းကျေးရွာမှ တမာပိုးသတ်ဆေးစက်ရုံများသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း၊ အဆောက်အအုံများပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့၍ လုပ်ငန်းများ ရပ်တန့်ခဲ့ရာမှ ယခုအခါပြုပြင်ပြီး လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုများကို သွားရောက်စစ်ဆေးပြီး ပြည်ပဝင်ငွေတိုးမြှင့်ရရှိရေး၊ ဝန်ထမ်းများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး တို့အတွက် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများ၏တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် စဉ့်ကိုင်မြို့နယ် ရှမ်းကန်ကျေးရွာ အုပ်စု၊ ရှမ်းကန် (မ) ကျေးရွာရှိ M-Steelသံရည်ကျိုစက်ရုံသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်ရုံများပြုပြင်ပြီး ပြန်လည် လည်ပတ်၍ XRB 400 သံချောင်းများ ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်သင့်ဒေသများအား ဦးစားပေးရောင်းချပေးနိုင်ရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် စဉ့်ကိုင်မြို့နယ် တောင်ရင်းကျေးရွာအုပ်စု တောင်ရင်းကျေးရွာရှိ POWERGEN KYAUKSE သဘာဝဓာတ်ငွေ့အင်ဂျင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့်စက်ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အင်ဂျင်အမှတ် (၁) နှင့် အမှတ် (၂) မူလနေရာသို့ ပြန်လည်ရွှေ့ပြောင်းပြီးစီးမှုအခြေအနေများ၊ အင်ဂျင်အမှတ် (၃) နှင့် (၄) မူလနေရာသို့ ပြောင်းရွှေ့နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စက်များအားလုံး ပြုပြင်ပြီးပါက တစ်ရက်လျှင် ယူနစ်သန်းပေါင်း ၃.၅ သန်း နိုင်ငံတော်သို့ ပေးသွင်းနိုင်မည်ဖြစ်သဖြင့် မေလအလယ်တွင် စတင်လည်ပတ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3147 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download