စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း
Ministry of Information/ Naypyitaw / December 04, 2025
ရဲဘော်တို့
ဒီနေ့ဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) ရဲ့ သင်တန်းဆင်းတဲ့နေ့ဖြစ်သလို အမိစစ်တက္ကသိုလ်မှာ စာပေပညာ၊ စစ်ပညာတွေကို သင်ကြားတတ်မြောက်ခဲ့ပြီးဖြစ်လို့ ရဲဘော်တို့ကို တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်တွေအဖြစ် တပ်မတော်က စတင်တာဝန်ပေးအပ်တဲ့နေ့လည်း ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဟာ ရဲဘော်တို့အတွက် ဘဝမှတ်တိုင်သစ် စိုက်ထူနိုင်တဲ့နေ့ဖြစ်တဲ့အပြင် နိုင်ငံတော်နဲ့ တပ်မတော်အတွက်လည်း ခွန်အားသစ်တွေ တိုးပွားတဲ့ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုတယ်။
ရဲဘော်တို့
အမိစစ်တက္ကသိုလ်ကြီးကနေ “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံး ရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ရဲဘော်တို့ကို တပ်မတော်ရဲ့ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ပြီးဖြစ်တယ်။ ဒီလိုကောင်းမွန် တဲ့ ရည်ရွယ်ချက်တွေနဲ့ မွေးဖွားလာတဲ့ ရဲဘော်တို့ဟာ တာဝန်ကျရာ တပ်အသီးသီးမှာ ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း “သစ္စာ၊ သူရ၊ သိပ္ပ” အရာမှာ စံတင်ဂုဏ်ပြုထိုက်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။
ရဲဘော်တို့
တပ်မတော်ရဲ့ အဓိကလုပ်ငန်းကြီး ၃ ခုကို စတင်ထမ်းဆောင်ကြရတော့မယ့် ရဲဘော်တို့ဟာ ခေါင်းဆောင်မှုပညာရပ်ကိုလည်း နားလည် တတ်ကျွမ်းထားဖို့လိုအပ်တယ်။ ခေါင်းဆောင်မှုဆိုတာ မွေးရာပါ အရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင် လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ပြီး ရယူ ရတာဖြစ်လို့ ရဲဘော်တို့အနေနဲ့ တပ်မတော်မှာ ပြဋ္ဌာန်းထားတဲ့ ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နဲ့ ကိုက်ညီအောင် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ အထူးသဖြင့် ခေါင်းဆောင်လုပ်သူဟာ လက်အောက်ငယ်သားတွေရဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်ကို စနစ်တကျစုစည်းပြီး ပေးအပ်လာတဲ့ ရည်မှန်းချက်တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်ကြရမှာ ဖြစ်တာကြောင့် ရဲဘော်တို့အနေနဲ့ မိမိခေါင်းဆောင်ရတဲ့အဖွဲ့အစည်းကို အမြဲစည်းလုံးညီညွတ်မှုရှိနေအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။
အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား၊ လုပ်ဆောင်နိုင်စွမ်းများနဲ့ အားနည်းချက်/အားသာချက်များကို သိရှိအောင်လေ့လာပြီး လူမှန်/နေရာမှန် တာဝန်ပေးအပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်သလို လက်အောက်ငယ်သားတွေကို ကျောသားရင်သား မခွဲခြားဘဲ ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်သွားရမှာလည်းဖြစ်တယ်။ ဒါ့အပြင် လက်အောက်ကို မှန်ကန်တဲ့ခေါင်းဆောင်မှုပေးနိုင်ဖို့ဆိုရင် ရဲဘော်တို့မှာ တည်ကြည်ရိုးသားမှုနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကိုယ်ကျင့်တရားရှိဖို့လည်း လိုအပ်တယ်။
မည်သည့်လုပ်ငန်းတာဝန်မဆို ရိုးသားတဲ့စိတ်ကိုအခြေခံပြီး မှန်ကန်စွာ လုပ်ဆောင်မှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်တယ်။ မရိုးဖြောင့်တဲ့ စိတ်နဲ့လုပ်တဲ့ လုပ်ငန်းတိုင်းဟာ အောင်မြင်မှုမရနိုင်တဲ့အပြင် ရှက်ဖွယ်ကောင်းတဲ့လုပ်ရပ်များသာဖြစ်ပြီး ရဲဘော်တို့ရဲ့ ခေါင်းဆောင်မှုကိုလည်း ကျဆင်းစေမှာဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ နိုင်ငံတော်အပေါ်၊ တပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့နဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ပြီး အခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းမှာ မှတ်ကျောက်အတင်ခံနိုင်တဲ့ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။
ရဲဘော်တို့
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ဟာ အဲဒီနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနဲ့လည်း အများကြီးသက်ဆိုင်တယ်။ အလားတူပဲ အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတို့ဟာလည်း အဲဒီအဖွဲ့အစည်းအတွင်းမှာ ပါဝင်ဆောင်ရွက် နေသူတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်း လိုက်နာမှုအပေါ်မှာ များစွာမူတည်နေတာ တွေ့ရ တယ်။ ဒို့တပ်မတော်အနေနဲ့လည်း ယနေ့အချိန်အထိ မယိမ်းမယိုင် ရပ်တည်နိုင်ခြင်းဟာ ခေတ်အဆက်ဆက် တပ်မတော်သားတွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်ရဲ့အစဉ်အလာကောင်းတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းကြရမယ့် ရဲဘော်တို့ဟာ စည်းကမ်းအရာမှာ စံနမူနာပြ လိုက်နာကြဖို့ လိုအပ်တယ်။
စည်းကမ်းဆိုရာမှာ အကြမ်းဖျင်းအားဖြင့် တိုက်တွန်းချက် စည်းကမ်း၊ တားမြစ်ချက်စည်းကမ်း ဆိုပြီး နှစ်မျိုးရှိတယ်။ တိုက်တွန်းချက်စည်းကမ်းဆိုတာကတော့ ရဲဘော်တို့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကိုလုပ်ကြဖို့ တိုက်တွန်းထားတဲ့ စည်းကမ်းတွေဖြစ်ပြီး တားမြစ်ချက် စည်းကမ်း ဆိုတာကတော့ ရဲဘော်တို့ မလုပ်ဆောင်သင့် မလုပ်ဆောင်ထိုက်တာကို မလုပ်ကြဖို့ တားမြစ်ထားတဲ့ စည်းကမ်းတွေပဲဖြစ်တယ်။ အထူးသဖြင့် ဒို့တပ်မတော်မှာ ပြဋ္ဌာန်းထားတဲ့ စစ်သည်တော်ကျင့်ဝတ် (၆၀) ပါးဟာ ရဲဘော်တို့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို တိုက်တွန်းထားတဲ့ စည်းကမ်းချက်တွေဖြစ်လို့ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာသွားကြရမှာဖြစ်တယ်။ တပ်မတော်အက်ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ပြစ်မှု ၄၁ မျိုးနဲ့သက်ဆိုင်တဲ့ပုဒ်မတွေကတော့ မလုပ်ဆောင်သင့် မလုပ်ဆောင်ထိုက်တာတွေကို တားမြစ်ထားတဲ့စည်းကမ်းတွေဖြစ်တာကြောင့် ရဲဘော်တို့အနေနဲ့ အထူးရှောင်ကြဉ်သွားကြရမှာဖြစ်တယ်။ ဒါ့အပြင် တပ်မတော်သားတွေဖြစ်တဲ့ ရဲဘော်တို့ဟာ တပ်မတော်က ချမှတ်ပြဋ္ဌာန်းထားတဲ့ စစ်မြေပြင်စည်းကမ်းတွေ၊ လုပ်ငန်းခွင်စည်းကမ်းတွေကို လေးစားလိုက်နာကြရမှာဖြစ်သလို နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပဒေတွေကိုလည်း လေးစားလိုက်နာသွားကြဖို့ အလေးထားမှာကြားလိုတယ်။
ရဲဘော်တို့
လေ့ကျင့်ရေးဆိုတာ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ တပ်မတော်ရဲ့လုပ်ငန်းစဉ်သုံးရပ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်လျက်ရှိသလို ဒို့တပ်မတော်ရဲ့ မြဲသုံးမြဲနဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ်မှာလည်း ပထမဆုံးအချက်အနေနဲ့ ဦးစားပေးထည့်သွင်းဖော်ပြထားတာကို တွေ့ရှိ ရမှာပဲဖြစ်တယ်။ ရဲဘော်တို့ နေ့စဉ်လုပ်ဆောင်နေရတဲ့၊ လုပ်ဆောင်ဖို့ စည်းကမ်းနဲ့အညီ သတ်မှတ်ထားတဲ့ သမားစဉ်လုပ်ငန်းများကို လိုက်ပါ၊ လိုက်နာလုပ်ဆောင်ခြင်းဟာ တစ်နည်းတစ်ဖုံအားဖြင့် လေ့ကျင့်နေခြင်းပဲဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒို့တပ်မတော်ရဲ့ အရေးကြီးဆုံးလုပ်ငန်းဟာ လေ့ကျင့်ရေးပဲဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ မိမိတို့တစ်ဦးချင်းရဲ့ အရည်အသွေးနဲ့ အရည်အချင်းတွေ တိုးတက်စေဖို့သာမက မိမိကွပ်ကဲအုပ်ချုပ်ရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းတွေကိုပါ တိုးတက်နေစေဖို့အတွက် လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာပဲဖြစ်တယ်။
မိမိကို ပေးအပ်လာတဲ့တာဝန်တွေ ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာကြံ့ခိုင်နေဖို့လည်း လိုအပ်တယ်။ ဒါကြောင့် နေ့စဉ်ပုံမှန်လုပ်ဆောင်ရမယ့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို မှန်မှန်ကန်ကန် လုပ်ဆောင်ကြဖို့လိုသလို ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အရက်၊ ဆေးလိပ်နဲ့ ကွမ်း သုံးစွဲခြင်းတွေကို ရှောင်ရှားကြဖို့ တိုက်တွန်း မှာကြားလိုတယ်။
ရဲဘော်တို့
မျက်မှောက်ခေတ်ကာလရဲ့ တိုးတက်လာတဲ့ နည်းပညာနဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေဟာ စစ်မှုရေးရာတွေကို ပြောင်းလဲလာစေပြီး ပထဝီဝင်ကန့်သတ်ချက်တွေကိုပါ ကျော်လွန်လုပ်ဆောင်နိုင်နေပြီဖြစ်တယ်။ ယခင်က လူ/လက်နက်အင်အားနဲ့ သမားရိုးကျ စစ်နည်းဗျူဟာစတာတွေကို အခြေခံ ခဲ့တဲ့ စစ်မြေပြင်ကနေ ယနေ့ခေတ်မှာတော့ ဒရုန်းကဲ့သို့ နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ လွှမ်းမိုးလာတဲ့အပြင် ဉာဏ်ရည်တုနည်းပညာ (AI)၊ ဆိုက်ဘာ၊ အာကာသနဲ့ သတင်းအချက်အလက်ကဲ့သို့ စစ်ဆင်မှုနယ်ပယ်များ ပိုမိုကျယ်ပြန့်လာတာကိုလည်း တွေ့ရှိရတယ်။ တစ်နည်းအားဖြင့် လေကြောင်းအကဲသာမှု၊ အီလက်ထရောနစ်နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှုနဲ့ ထိရောက်တိကျမှုတို့ဟာ စစ်ပွဲရဲ့အနိုင်အရှုံးကို အဓိကအဆုံးအဖြတ်ပေးလျက်ရှိ တယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ ပြောင်းလဲကျင့်သုံးလာတဲ့ စစ်နည်းဗျူဟာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို နားလည်တတ်ကျွမ်းပြီး ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့ ပညာရည်မြင့်မားနေဖို့လိုတယ်။
ခေတ်မီတပ်မတော်တည်ဆောက်ရာမှာ ပညာရည်မြင့်မားရေးဟာ လွန်စွာအရေးကြီးတာကြောင့် တပ်မတော်အနေနဲ့ အရာရှိ၊ စစ်သည်အားလုံးရဲ့ ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက် ပေးလျက်ရှိတယ်။
တစ်ဖက်မှာလည်း ရဲဘော်တို့အနေနဲ့ သင်ကြားပေးလိုက်တဲ့ အတတ်ပညာတွေကို လက်တွေ့ဘဝနဲ့ပေါင်းစပ်ပြီး မိမိကိုယ်ကို အမြဲတိုးတက်နေအောင် လုပ်ဆောင်နေကြရမယ်။ ဗဟုသုတရရှိမယ့် စာပေတွေကို ဖတ်ရှုပြီး အသိဉာဏ်ပညာတွေ ကြွယ်ဝလာအောင် ကြိုးပမ်းအားထုတ်နေဖို့ လိုအပ်တယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမယ့် အသိပညာနဲ့ အတွေးအမြင်ဆိုင်ရာ စာပေတွေကိုလည်း လေ့လာဖတ်ရှုသွားရမှာ ဖြစ်တယ်။
အတတ်ပညာက လူတော်ဖြစ်စေနိုင်ပြီး အသိပညာက လူကောင်းဖြစ်စေနိုင်တာကြောင့် လူတော်လူကောင်းများဖြစ်လာစေဖို့ အတတ်ပညာရော အသိပညာများပါ ကြွယ်ဝလာစေရန် ကြိုးစား လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ဆိုရင် ရဲဘော်တို့မှာ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ်နဲ့ ပြည့်စုံနေဖို့လိုအပ်တယ်။ စွမ်းရည်သုံးရပ်နဲ့ ပြည့်စုံနေမှသာလျှင် ပေးအပ်တဲ့အမိန့်နဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှာဖြစ်တယ်။ စွမ်းရည်သုံးရပ်လုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အုပ်ချုပ်ရေးစွမ်းရည် ကောင်းမွန်လာတာနဲ့အမျှ စစ်ရေးစွမ်းရည်တိုးတက်လာနိုင်သလို စည်းရုံးရေးစွမ်းရည်ကိုလည်း ပိုမိုကောင်းမွန်လာစေမှာ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ စာပေပညာ၊ စစ်ပညာတွေကို အခြေခံပြီး စွမ်းရည်သုံးရပ်နဲ့ပြည့်စုံတဲ့ အရာရှိကောင်းတွေဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြဖို့ တိုက်တွန်းမှာကြား လိုတယ်။
ရဲဘော်တို့
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဆိုးရွားစွာ ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ရချိန်မှာ အကြမ်းဖက် NUG၊ CRPH အဖွဲ့တွေက တပ်မတော်အနေနဲ့ ဒီမိုကရေစီနောက်ပြန်ဆွဲလုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်တွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခဲ့ကြတယ်။ လက်နက်ကိုင်လမ်းစဉ်တွေကြောင့် မျှော်မှန်းတည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ဒီလိုလက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့်ရလဒ်မျှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုတယ်။
တစ်ဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှု ပြုလုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အခြေခံပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ရရှိနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား ဖြစ်သင့်တာတွေကိုပြောဆိုပြီး ဖြစ်နိုင်တာတွေကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ လက်တွေ့ကျပြီး အောင်မြင်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ ကောင်းကျိုးကို ရှေးရှုဆောင် ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးပြောကြားလိုတယ်။
ရဲဘော်တို့
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃၉ မှာ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်” လို့ ပြဋ္ဌာန်းထားတယ်။ ဒို့နိုင်ငံရဲ့ ကာကွယ်ရေးရည်မှန်းချက်တာဝန်ထဲမှာလည်း “နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတွင် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကို အခြေခံ၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ် ကြိုးပမ်းဖော်ဆောင်ရန်” လို့ ဖော်ပြပါရှိတယ်။ လက်ရှိ ပထဝီနိုင်ငံရေး အခြေ အနေနဲ့ ဖြစ်ပျက်နေတဲ့ နိုင်ငံတကာအခြေအနေတွေအပေါ် မူတည်ပြီး ဒို့နိုင်ငံအပါအဝင် နိုင်ငံငယ်တွေရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟာ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့အင်အားစုများနဲ့ တည်ဆောက်သွားမှသာ ခိုင်မာမှုရှိမှာဖြစ်တယ်။ ဒို့နိုင်ငံရဲ့ကာကွယ်ရေး မဟာဗျူဟာအနေနဲ့ ပြည်သူများပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကျင့်သုံးနေတာကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအပေါ် ထိပါးနှောင့်ယှက်လာတဲ့ ရန်စွယ်မှန်သမျှ တပ်မတော်ကို မဏ္ဍိုင်ပြုထားတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအားတွေနဲ့ တွန်းလှန်ချေမှုန်းသွားကြရမှာက နိုင်ငံသားတိုင်းရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ပဲဖြစ်ကြောင်း လေးလေးနက်နက် ပြောကြားလိုတယ်။
ရဲဘော်တို့
မကြာမီရက်ပိုင်းအတွင်းမှာပဲ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်တယ်။ ရွေးကောက်ပွဲကျင်းပရာမှာ နိုင်ငံရေးပါတီများ တရားမျှတစွာ ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းပေး ခဲ့ပြီးဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုလည်း နိုင်ငံတော် ကနေ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးလျက်ရှိတယ်။
ယခုကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူများမှအပ ကျန်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးကြရမှာဖြစ်တယ်။ မိမိတို့ရွေးချယ်မယ့် ရွေးကောက်ခံကိုယ်စားလှယ်များဟာ နိုင်ငံရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူနဲ့ နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မယ့်သူတွေဖြစ်ဖို့ လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေနဲ့ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အသိပေးပြောကြား လိုတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဘက်ပေါင်းစုံက ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့က ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေရေး နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာကို သတိပြုကြရမှာဖြစ်တယ်။ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်လာခဲ့ရင် လက်ရှိနိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ အဖျက်အမှောင့်အကြမ်းဖက်သမားတွေအနေနဲ့ သူတို့ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် အခုလိုလုပ်ဆောင်နေကြခြင်းဖြစ်တယ်။ ဒါကြောင့် အဲဒီ အဖျက်အမှောင့်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကို တားဆီးကာကွယ်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ရဲဘော်တို့အနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ကျရာကဏ္ဍ အသီးသီးကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့
- တာဝန်ကျရာတပ်အသီးသီးမှာ ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း “သစ္စာ၊ သူရ၊ သိပ္ပ” အရာမှာ စံတင်ဂုဏ်ပြုထိုက်သူများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါ။
- ရဲဘော်တို့အနေနဲ့ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ပြီး အခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းမှာ မှတ်ကျောက်အတင်ခံနိုင်တဲ့ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါ။
- “စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဆိုတဲ့အတိုင်း စည်းကမ်းနဲ့ဥပဒေကို လေးစားလိုက်နာတတ်တဲ့ တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးစားနေထိုင်ကြပါ။
- ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိတဲ့ အခြေအနေမှန်တွေကို တိုင်းရင်းသားပြည်သူအားလုံး သိမြင်လာအောင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက်တယ်။
Newspaper - 3369 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
