စိန်ခေါ်မှုမှသည် အခွင့်အလမ်းဆီသို့
စိန်ခေါ်မှုမှသည် အခွင့်အလမ်းဆီသို့
Ministry of Information/ Naypyitaw / April 29, 2025

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားခဲ့ရသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည့်အပေါ် ဝေဖန်မှုအချို့ရှိနေပြီး ယင်းအနက် အချို့ကိုလည်း လူမှုကွန်ရက်စာမျက်နှာများ၌ တင်နေကြသည်ကိုလည်း တွေ့ရသည်။ ဝေဖန်မှုများ၏ အဓိကအချက်မှာ စာမေးပွဲပြန်လည်ကျင်းပခြင်းမပြုဘဲ အအောင်ပေးလိုက်ရန်ဟူ၍ ဖြစ်သည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စစ်ဆေးမှုပြုလုပ်နေသည့် မန္တလေးတက္ကသိုလ်ကြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာတွင် အဖြေလွှာများလည်း မီးလောင်ပျက်စီးခဲ့ရသည်။ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဘာသာစုံဖြေဆိုထားသော ကျောင်းသား ကျောင်းသူပေါင်း ၆၃၀၀၀ ခန့်ရှိရာ ၎င်းတို့၏ ကြိုးစားအားထုတ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့အလိုက် နိုင်ငံ၏ ထိပ်ဆုံး ၁၀ ဦးတွင် ဝင်မည့်သူများ၊ အထူးအောင်မည့်သူများ၊ သာမန်အောင်မည့်သူများ၊ ခြေချော်လက်ချော်ကျရှုံးမည့်သူများ စသည်ဖြင့် ရှိကြမည်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့အားလုံးကို တစ်ပြေးညီ၊ တစ်တန်းတည်းထား၍ အအောင်ပေးလိုက်မည်ဆိုပါက ရည်မှန်းချက်ကြီးကြီးထား၍ ကြိုးစားခဲ့ကြသူများ နစ်နာကြရမည်ဖြစ်သည်။
ယခုကဲ့သို့ စာမေးပွဲပြန်လည်ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် မျှတမှုဖြစ်စေရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် Academic Career ကို အထောက်အကူပြုရန်ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ရာ အားလုံးနားလည်လက်ခံသဘောပေါက်နိုင်ကြမည်ဖြစ်သည်။ စာမေးပွဲပြန်လည်ဖြေဆိုကြရမည့်သူများအနေဖြင့်လည်း လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်၍ အနီးကပ်သင်ကြားပို့ချပေးမည့်အစီအစဉ်များ၊ ကျောင်းသား ကျောင်းသူများ၏ စားရေး၊ သောက်ရေး၊ နေထိုင်ရေးနှင့် ကျန်းမာ ရေးအစီအစဉ်များ စသည်တို့အပါအဝင် အဘက်ဘက်က ပြည့်စုံအောင် စီစဉ်ပေးထားခြင်းဖြစ်ရာ ရည်မှန်းချက်ကြီးကြီး၊ ဂုဏ်ထူးများများ မျှော်မှန်းထားသူတို့အဖို့ အခက်အခဲမရှိ ပြန်လည်ဖြေဆိုနိုင်ကြမည်သကဲ့သို့ ခြေချော်လက်ချော်ဖြစ်ခဲ့ပြီး ကျရှုံးမည့်အခြေ အနေဖြစ်ခဲ့သူများမှာလည်း ယခုကဲ့သို့ ပြန်လည်ဖြေဆိုခွင့်ရခြင်းက ကြီးမားလှသည့်အခွင့်အရေးရရှိလိုက်ခြင်းပင်ဖြစ်သည်။
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားခဲ့ရသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်တွင် ပြန်လည်ဖြေဆိုကြ ရမည်ဖြစ်ရာ အခြေခံပညာ၏ အဆင့်အမြင့်ဆုံး ကျောင်းသူ ကျောင်းသားလူငယ်များပီပီ စိတ်ဓာတ်ခွန်အားကို အမြင့်ဆုံးထားကြရမည်ဖြစ်သည်။ အထူးသဖြင့် ပြီးခဲ့သည့်စာမေးပွဲတွင် စိတ်တိုင်းကျမဖြေဆိုနိုင်ခဲ့သူများ၊ ကျရှုံးမည့်အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သူများအဖို့ ဂုဏ်သိက္ခာရှိရှိ စာမေးပွဲအောင်မြင်နိုင်သည့်အခွင့်အလမ်း ဖြစ်ပေါ်လာခြင်းဖြစ်ရာ အစွမ်းကုန်ကြိုးပမ်း၍ အောင်ပန်းကိုဆွတ်ခူးကြစေလိုသည်။
လူငယ်ဟူသည် ကာယ၊ ဉာဏတို့ ဖွံ့ဖြိုးသည့်အရွယ်ဖြစ်ပြီး စိတ်အားထက်ထက်သန်သန်နှင့် အညွန့်တလူလူ တိုးတက်နေသည့်အရွယ်ဖြစ်သည်။ ကြီးမားပြင်းထန်သည့် သဘာဝဘေးအန္တရာယ်ကြီး မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခြင်းကြောင့် မိမိတို့ အနာဂတ်အတွက် အရေးပါသည့် စိန်ခေါ်မှုတစ်ရပ်ကို လူငယ်တို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် ရင်ဆိုင်ကျော်ဖြတ်ကာ အခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း။ ။
Newspaper - 3147 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။
