တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်


Ministry of Information/ Naypyitaw / December 16, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၆

တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ China Texmatech Co. Ltd. မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မိတ္ထီလာမြို့နယ်မှ ရပ်မိရပ်ဖများ၊ စက်ရုံမှူး၊ စက်ရုံဝန်ထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်က စက်ရုံတည်ဆောက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)၊ ၂/၈၀ ချည်ချောစက်ရုံခွဲ မှတ်တမ်းရုပ်သံကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူတို့အနေဖြင့် စတင်ဖြစ်တည်စဉ်ကတည်းပင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် ကိစ္စရပ်ကြီး ၃ ခုကို နေ့စဉ် မလွဲမသွေရင်ဆိုင်နေကြရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယင်းအရေးကိစ္စကို အဆင်ပြေစွာဖြေရှင်းနိုင်ရေး နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့်ကုန်ထုတ်လုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ခဲ့ကြောင်း၊ စား၊ ဝတ်၊ နေရေးတွင် ဝတ်ရေးဟူသည့် အဝတ်အထည်သည် လူသားများမွေးဖွားချိန်မှ သေဆုံးချိန်အထိ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကြောင်း၊ အဝတ်အထည် အသုံးအဆောင် ဖူလုံရန်မှာ လူ့ဘဝတစ်လျှောက် အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်တွင်းအဝတ်အထည် ဖူလုံစေရေးအတွက် ပြည်တွင်း၌စိုက်ပျိုးနေသည့် ဝါမှတန်ဖိုးမြင့် ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း။

ဝါစိုက်ပျိုးရေးနှင့်ပတ်သက်ပါကလည်း ၂၀၁၆ ခုနှစ်ကစ၍ ဝါစိုက်ပျိုးမှုနှုန်း လျော့ကျလာသည့်အခြေအနေကို သုံးသပ်ပြီး ဝါစိုက်ပျိုးနိုင်သည့်ဒေသများတွင် အထွက်နှုန်းကောင်းပြီး အဆင့်မီချည်ထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ချည်ထည်များကို အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပကိုပြန် လည်တင်ပို့ခြင်းဖြစ်စေ ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဖြစ်ကြောင်း။

ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုကြောင်း။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ကို ဝတ်ရေးဆိုင်ရာ အထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှ မှာယူတင်သွင်းမှု လျော့နည်းစေရန်အတွက် တရုတ်-မြန်မာ အစိုးရတို့အကြား သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ကို ၁၉၆၆-၁၉၆၇ တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်ရုံကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း။

မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်လည်း တပ်မတော်အတွက် လိုအပ်သည့်စစ်ဝတ်ပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်စက်ပစ္စည်းများကို ဝယ်ယူပေးခဲ့ပြီး နိုင်ငံတကာတပ်မတော်များနည်းတူ စစ်ဝတ်ပစ္စည်းများ အဆင့်မီစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် တပ်မတော်သားများအတွက် လိုအပ်သည့်ဝတ်စုံအမျိုးမျိုးအပြင် တပ်မတော်သားများနှင့် ပြည်သူများအတွက် လိုအပ်သည့်အခြားသော အထည်အလိပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း။

ယခုကဲ့သို့ စက်ရုံအဆင့်မြှင့်တင်ခြင်းများ၊ စက်အသစ်ပြောင်းလဲ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အဆင့်မြင့် ၂/၈၀ ချည်များ မထုတ်လုပ်နိုင်သေးသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ၂/၈၀ ချည်များကို ပြည်တွင်းကထွက်သည့် ဝါများနှင့်ထုတ်လုပ်နိုင်ရေးစက်ပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့သည်မှာ ယခုဆိုပါက စတင်လည်ပတ်နိုင်ပြီဖြစ်ကြောင်း၊ ယခုတည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် ၂ တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့်လုံချည်နှင့်ပိတ်များအဖြစ် ရက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း။

ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်သည်ဟုပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန်လို လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့်အထည် စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီးနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုများတိုးတက်အောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့်စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို့ ယနေ့ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့် အထည်အလိပ်များကို ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့အဝတ်အထည်လောကကို တစ်ခေတ်ဆန်းစေမည့် ဆောင်ရွက်ချက်များကို ယခုစက်ရုံကအစပြုပြီး တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးက ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် China Texmatech Co. Ltd. မှတာဝန်ရှိသူတစ်ဦးက စက်ပစ္စည်းတပ်ဆင်မှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို စက်ရုံမှူးထံသို့လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့် CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအား သစ်သီးခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီး၊ CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က စက်တပ်ဆင်ရေးလုပ်ငန်းများကို ဦးစီးကြပ်မတ်ဆောင်ရွက်ခဲ့သည့် Project Chief Engineer အား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်ထုတ်လုပ်မှုအဆင့်ဆင့်ပြကွက်များနှင့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)၊ ၂/၈၀ ချည်ချော စက်ရုံခွဲမှ ထုတ်လုပ်ထားသည့် ချည်ထည်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစောတို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအားအမွှေး နံ့သာရည်များပက်ဖျန်းပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စက်ရုံအတွင်းရှိ ချည်ငင်အလုပ်ရုံ၊ ချည်ကျစ်အလုပ်ရုံနှင့် ချည်ဆေးဆိုးအလုပ်ရုံများအတွင်းချည်များအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကစက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါတပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများကိုချုပ်လုပ်ပေးလျက်ရှိ သကဲ့သို့ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ဝတ်ရေးကို ပိုမိုအထောက် အကူပြုစေရန်နှင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ တိုးတက်စေရေးဆောင်ရွက် လျက်ရှိချိန်တွင် ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက် နိုင်ခဲ့ခြင်းဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေသည့် ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခု အထိထုတ်လုပ်ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3014 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 10, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download