ဒေသတစ်ခုချင်းစီဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်
ဒေသတစ်ခုချင်းစီဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်
Ministry of Information/ Naypyitaw / May 26, 2025

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့်ကဏ္ဍမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖြစ်သည်။ ပညာတတ်များ ပေါများကြွယ်ဝပြီး ကျန်းမာကြံ့ခိုင်သည့် အလုပ်လုပ်နိုင်သော လူသားအရင်းအမြစ်များပြည့်စုံမှသာ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော်တစ်ဝန်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ တိုးတက်မှုရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၄ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် “ဒေသ အလိုက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်မည့် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝရန်လိုပြီး ဒေသတွင်းမှ ပေါ်ထွက်လာသည့် ပညာတတ်လူသား အရင်းအမြစ်များအနေဖြင့် ဒေသ၏လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဖော်ဆောင်ပေးရမည်၊ လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ချိန်တွင် တိုင်းရင်းသားဒီဂရီကောလိပ်၌ တက်ရောက်ပညာသင်ကြား အောင်မြင်ခဲ့ကြသူများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်နေရာချထား တာဝန်ပေးနိုင်ရေးမူဝါဒကို ချမှတ်ဆောင်ရွက်ပေးခဲ့သည်။ အထူးသဖြင့် ပြည်နယ်များ၌ ပညာရေးဝန်ထမ်းများ အားနည်းချက်ရှိသဖြင့် ပညာသင်ယူခဲ့ကြသူများအား ၎င်းတို့နှင့်နီးစပ်သည့် နေရာဒေသများအလိုက် နေရာချထားဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် သင်တန်းဆင်း ဆရာ ဆရာမများအတွက် ရရှိသည့်ဘွဲ့လွန်နှင့် ဒီဂရီတို့အပေါ်မူတည်၍ ချီးမြှင့်ခြင်းများကို ဆောင်ရွက်ပေးထားသည်။
နယ်စပ်ဒေသပြည်နယ်များတွင် ကျောင်းနေရာခိုင်နှုန်းနည်းပါးပြီး တန်းစဉ်ကူးပြောင်းမှုတွင်လည်း နည်းပါးသည်ကိုတွေ့ရသည်။ ပညာသင်ယူမှု၊ တန်းစဉ်ကူးပြောင်းမှုနည်းပါးရခြင်းမှာ ဘာသာစကားအခက်အခဲ၊ မိဘများ၏ စီးပွားရေးအခက်အခဲနှင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသောဒေသများ၌ ဘေးဒုက္ခအခက်အခဲများကြောင့် အားနည်းမှုဖြစ်ရသည်ကိုတွေ့ရသည်။ လက်နက်ကိုင်ပဋိပက္ခကင်းဝေးရေးအတွက် အားလုံးတွင်တာဝန်ရှိပြီး ဘာသာစကားနှင့် စီးပွားရေးအခက်အခဲများအတွက် ဒေသဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းပြီးဆောင်ရွက်ရမည်ဖြစ်သည်။
ပြည်နယ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ပေါ်စေရန်အတွက် ပညာတတ်များပေါများအောင် ဆောင်ရွက်ပေးရမည်ဖြစ်သလို ပညာသင်ကြားပေးသည့် ဆရာ ဆရာမများ အရည်အချင်းပြည့်ဝအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်အလိုက် လုပ်ငန်းခွင်ဝင်နိုင်သည့် ပိုလီတက်ကနစ်နည်းပညာများ သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သည်။ ကွန်ပျူတာနှင့် နည်းပညာများပေါင်းစပ်ထားသည့် ပိုလီတက်ကနစ်တက္ကသိုလ်များ ဖွင့်လှစ်ရေးဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး အောင်မြင်မှုမရှိသူများ တက်ရောက်နိုင်မည့် ပိုလီတက်ကနစ်သိပ္ပံများ ဖွင့်လှစ်နိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကျောင်းတွင် ပထမနှစ်တက်ရောက်အောင်မြင်ပြီးပါက အသိအမှတ်ပြုလက်မှတ်ရရှိကာ နောက်ထပ် နှစ်နှစ်တက်ရောက်အောင်မြင်ပြီးပါက ဒီပလိုမာလက်မှတ်ရရှိပြီး ထိုမှတစ်ဆင့် ပိုလီတက်ကနစ်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။
ထို့ပြင် အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ပိုလီတက်ကနစ်နည်းပညာများကို သင်ကြားခြင်းဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တွင် ကျွမ်းကျင်သူများ ပေါ်ထွက်လာမည်ဖြစ်သည်။ ထိုသို့ ပညာတတ်များပေါများအောင် ဒေသအလိုက်ဆောင်ရွက်ပေးပြီး ပညာတတ်များစွမ်းပကားဖြင့် ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးပြီး ဒေသတွင်း၌ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များပေါများအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တိုးတက်ထွက်ရှိ အောင်ဆောင်ရွက်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသဝင်ငွေ တိုးတက်ပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် GDP သည် အရေးကြီးပြီး နိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ယခုအခြေအနေထက် ပိုမိုတိုးတက်အောင် ပေါ်ထွက်လာသည့် ပညာတတ်လူသားအရင်းအမြစ်များဖြင့် ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းဖော်ဆောင်ပေးရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3174 items

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။
