ဒေသတွင်းထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာမှ ကျော်ကျော်မုန့်တိုက်လုပ်ငန်း
ဒေသတွင်းထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာမှ ကျော်ကျော်မုန့်တိုက်လုပ်ငန်း
Ministry of Information/ Naypyitaw / September 18, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများ အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးဆိုသည့်အချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ မှတ်ပုံတင်ထားသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း (၅၁၁)ခု ရှိကြောင်း တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်ထံမှ သိရသည်။ ယင်းလုပ်ငန်းများအနက် ထားဝယ်မြို့ရှိ ဒေသတွင်းထုတ်လုပ်ရောင်းချနေသည့် ကျော်ကျော်မုန့်တိုက်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လုပ်ငန်းရှင် ဦးကျော်ဌေးနှင့် တွေ့ဆုံမေးမြန်းမှုအား ဖော်ပြလိုက်ရပါသည်-
မေး။ ။ ကျော်ကျော်မုန့်မျိုးစုံလုပ်ငန်းလိပ်စာနဲ့ စတင်လုပ်ကိုင်ဖြစ်ခဲ့ပုံအကြောင်း ရှင်းပြပေးပါဦး ခင်ဗျာ။
ဖြေ။ ။ လိပ်စာကတော့ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာမှာတည်ရှိပါတယ်။ ကျော်ကျော်မုန့်မျိုးစုံ လုပ်ငန်းကို ၂၀၀၇ ခုနှစ်က စတင်ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ စတင်လည်ပတ်ချိန်တုန်းက အလုပ်သမားလေးယောက်လောက်နဲ့ စတင်လည်ပတ်ခဲ့ပါတယ်။ မုန့်လုပ်နည်းပညာကို စိတ်ဝင်စားတဲ့အတွက် ငယ်စဉ်ကတည်းက နေရာအနှံ့ လေ့လာသင်ယူခဲ့ပါတယ်။
မေး။ ။ ဈေးကွက်အတွင်း ရောင်းအားကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံနဲ့ ကုန်ကြမ်းကို ဝယ်ယူရရှိမှုကိုလည်း ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ဈေးကွက်အတွင်း အားပေးသူတွေ စိတ်တိုင်းကျအောင် သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို အဓိကထားပြီး ထုတ်လုပ်ရောင်းချပါတယ်။ စားသုံးသူတွေစိတ်ကြိုက် ရွေးချယ်စားသုံးနိုင်အောင် အမျိုးအစားအစုံအလင်နဲ့ အရသာစုံရရှိနိုင်အောင် ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ စားသုံးသူတွေရဲ့ အကြံပြုချက်တွေကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။ ကုန်ကြမ်းကိုတော့ ရန်ကုန်မြို့က မှာယူအသုံးပြုပါတယ်။
မေး။ ။ စားသုံးသူအကြိုက်တွေ့စေပြီး ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စီမံထားရှိပုံတွေကိုလည်း ရှင်းပြပေးပါခင်ဗျာ။
ဖြေ။ ။ ကျော်ကျော်မုန့်မျိုးစုံလုပ်ငန်းက ထုတ်ကုန်ပစ္စည်းတွေဟာ ဓာတုပစ္စည်း လုံးဝပါဝင်မှုမရှိဘဲ သန့်ရှင်းလတ်ဆတ်တဲ့ ဂျုံ၊ ကြက်ဥ၊ သကြားတွေကို အခြေခံထားပါတယ်။ မုန့်ရဲ့အရသာဟာ ရာနှုန်းပြည့် သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ထားတာဖြစ်ပြီး လုပ်ငန်းအဆင့်တိုင်းမှာ စနစ်တကျထုတ်လုပ် ရောင်းချနေတာ ဖြစ်ပါတယ်။ မုန့်ရဲ့အရသာကိုလည်း ကျွန်တော်ကိုယ်တိုင် စမ်းသပ်စားကြည့်ပြီးမှ စိတ်ကျေနပ်မူရှိမှ ထုတ်လုပ်ရောင်းချပါတယ်။ ပြည်သူတွေအနေနဲ့ အရည်အသွေးပြည့်ဝပြီး ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်အောင် ကုန်ကြမ်းပစ္စည်း ဝယ်ယူရေးမှာလည်း ကိုယ်တိုင်ပါဝင် ဆောင်ရွက်တယ်။ ဈေးနှုန်းကိုလည်း လူအများစားသုံးနိုင်တဲ့ဈေးဖြစ်အောင် စေတနာထားဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ ထုတ်ကုန်အသစ်တွေ ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး စဉ်းစားဖြစ်ခဲ့ပုံကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ပိုပြီးကောင်းမွန်တဲ့မုန့်တွေကို ပြည်သူတွေကို စားသုံးစေချင်တဲ့ဆန္ဒနဲ့ ထုတ်ကုန် မုန့်အသစ်တွေ ထပ်မံတိုးချဲ့ထုတ်လုပ်လျက်ရှိပါတယ်။ ထုတ်လုပ်တဲ့အရာ မှန်သမျှလည်း ရောင်းအား
ကောင်းမွန်ခဲ့ပါတယ်။
မေး။ ။ ကျော်ကျော်မုန့်မျိုးစုံလုပ်ငန်းအနေနဲ့ အဓိကထားထုတ်လုပ်တဲ့ မုန့်အမျိုးအစားတွေနဲ့ ဘယ်ဒေသတွေကို အဓိကထားရောင်းချနေတယ်ဆိုတာကိုလည်း သိပါရစေခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ အဓိကထားထုတ်လုပ်တာကတော့ ကိတ်မုန့်၊ ပေါင်မုန့်နဲ့ ကိတ်ခြောက်တွေ ထုတ်လုပ်ရောင်းချနေပါတယ်။ အမျိုးအစားပေါင်း ၄၀ နီးပါးရှိပါတယ်။ ထားဝယ်ခရိုင်နဲ့ ထားဝယ်မြို့နယ်အတွင်းကို အဓိကထားရောင်းချပါတယ်။
မေး။ ။ မုန့်တွေကို စနစ်တကျထုပ်ပိုးပုံကိုလည်း အသေးစိတ်ရှင်းပြပေးပါဦး။
ဖြေ။ ။ အရင်ကမုန့်တွေကို ပါကင်ထုပ်ပိုးတဲ့စနစ်က လူအားနဲ့ဆောင်ရွက်ခဲ့ပေမယ့် အခုတော့ ခေတ်မီစက်ပစ္စည်းတွေနဲ့ ပါကင်ထုပ်တဲ့စနစ်အထိ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ ထုတ်လုပ်မှု အရည်အသွေး စံချိန်စံညွှန်းတွေကို အဆင့်မီစွာ ထုတ်လုပ်နိုင်ခဲ့ပြီး ကုန်ပစ္စည်းအညွှန်း အမှတ်အသားတွေနဲ့ ရိုက်နှိပ်ရောင်းချနေပါတယ်။
မေး။ ။ ရောင်းအားကောင်းမွန်လာတာကြောင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ထားမှုနဲ့ ပတ်သက်ပြီးတော့လည်း သိပါရစေ။
ဖြေ။ ။ တဖြည်းဖြည်းနဲ့ ရောင်းအားကောင်းမွန်လာလို့ အလုပ်သမားအသစ်တွေ ထပ်မံဖြည့်ဆည်း ခေါ်ယူပြီး စားသုံးသူတွေကို အသစ်အသစ်တွေပေးချင်တဲ့ဆန္ဒနဲ့ နောက်ထပ် မုန့်အသစ် အဆန်းတွေကို ထပ်မံထုတ်လုပ်ကာ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။ သန့်ရှင်းလတ်ဆတ်မှုနဲ့စားသုံးသူအဆင်ပြေစေဖို့အတွက် အဓိကထား ထုတ်လုပ်တာဖြစ်တဲ့အတွက် စားသုံးသူတွေရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုစေခဲ့ပါတယ်။ အဲဒီလိုမျိုး စေတနာထားတဲ့အတွက်လည်း အားပေးသူတွေ များပြားလာပြီး လုပ်ငန်းအောင်မြင်လာခဲ့တာလို့ ထင်ပါတယ်။ ထားဝယ်မြို့မှာ ထုတ်လုပ်မူနဲ့ဝန်ဆောင်မူကို တပြိုင်တည်းရရှိနိုင်တဲ့ Coffee Bar လို ဆိုင်မျိုးဖွင့်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူများအနေနဲ့ အဆင့်မြင့်မြင့်စားသုံးနိုင်တဲ့ဆိုင်မျိုးဖြစ်အောင် ကျွန်တော်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ လုပ်ငန်းတွေတစ်စတစ်စအောင်မြင်လာတဲ့အတွက် အလုပ်သမားတွေ ထပ်မံဖြည့်တင်းရလို့ ဒေသခံတွေကိုအလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပေးနိုင်လာမှုနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါခင်ဗျ။
ဖြေ။ ။ လုပ်ငန်းအောင်မြင်လာတော့ လူသစ်တွေထပ်ခေါ်ရပါတယ်။ လူသစ်တွေထပ်ခေါ်ဖြစ်တော့ ဒေသခံတွေ ကိုယ့်ဒေသအတွင်းမှာဘဲ အလုပ်အကိုင်တွေ ရရှိလာတယ်။ သူတို့ကို စေတနာထားပြီး စောင့်ရှောက်ပေးတဲ့အတွက်လည်း သူတို့မိသားစု စားဝတ်နေရေးနဲ့ ဘဝရှေ့ရေးအတွက် အထောက်အကူများစွာ ဖြစ်ထွန်းစေတယ်။ အဲဒီကနေတစ်ဆင့်ကျွန်တော့လိုပဲ လုပ်ငန်းထူထောင်နိုင်အောင်နဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်အောင်လည်း စနစ်တကျ သင်ကြားပေးပါတယ်။
မေး။ ။ ကျော်ကျော်မုန့်တိုက်အနေနဲ့ ဒေသအကျိုးပြုလုပ်ငန်းများရှိရင်လည်း သိပါရစေ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ ထားဝယ်မြို့အတွင်း အများအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းလျက်ရှိပြီး အထူးသဖြင့် ဒေသအကျိုးပြုလုပ်ငန်းတွေ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လှူဒါန်းတာတွေလည်း ရှိပါတယ်။
မေး။ ။ ဌာနဆိုင်ရာများက ကူညီပံ့ပိုးမှုများရှိရင်လည်း သိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ လုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှာမှတ်ပုံတင်ထားပါတယ်။ မုန့်တွေကိုလည်း ဌာနမှာဓာတ်ခွဲစမ်းသပ်ထားပြီး စားသုံးသူပြည်သူလူထုအနေနဲ့ ဘေးဥပါဒ်ကင်းရှင်းကြောင်း ဓာတ်ခွဲစမ်းသပ်ချက်လည်း ရရှိထားပါတယ်။ ဈေးကွက်တိုးချဲ့ရရှိရေးအတွက် ပြပွဲ၊ ပြိုင်ပွဲတွေမှာလည်း ပါဝင်ပြသနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ အခက်အခဲများရှိလို့ တင်ပြရင်လည်း ကူညီဆောင်ရွက်ပေးပါတယ်။
မေး။ ။ နိုင်ငံတော်အနေနဲ့ အခုလို MSME လုပ်ငန်းတွေကို အလေးထားဆောင်ရွက်ပေးနေမှုအပေါ် သဘောထားအမြင်များပြောပြပေးပါ။
ဖြေ။ ။ MSME လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ပေးနေမှုတွေအပေါ် တစ်ပိုင်တစ်နိုင် လုပ်ငန်းအသစ်တွေ ထူထောင်ဆောင်ရွက်မယ့် လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမှတ်ပုံတင်ဖို့၊ MSME အသင်းဝင်ဖြစ်အောင် ဆောင်ရွက်ကြဖို့နဲ့ လုပ်ငန်းတူသူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရင် MSME လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ကဏ္ဍလည်း လျင်မြန်စွာအကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။
သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအနက်မှ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည့်လုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေသည့် ထားဝယ်မြို့၊ ကျော်ကျော်မုန့်တိုက်လုပ်ငန်းအကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
တွေ့ဆုံမေးမြန်း- ကျော်ကျော်လတ် (ထားဝယ်)
Newspaper - 3044 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download