နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး


Ministry of Information/ Naypyitaw / September 17, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ညောင်ဦးခရိုင်ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြ

ဦးစွာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဌာနဆိုင်ရာအလိုက် လုပ်ငန်းတာဝန်များထမ်းဆောင်လျက်ရှိမှု၊ မြေအသုံးချမှု၊ မိုးရွာသွန်းမှုနှင့် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရာသီအလိုက်သီးနှံများ စိုက်ပျိုးထုတ်လုပ် လျက်ရှိမှု၊ ဆီထွက်သီးနှံများအား အထူးဇုန်များဖြင့် စိုက်ပျိုးလျက်ရှိမှု၊ ဒေသတွင်းဆန်နှင့် ဆီဖူလုံမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှုနှင့် ပြန်လည်ပေးဆပ်မှု၊ ဆည်တာတမံများတည်ရှိမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးထားမှု၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်မှု၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ စာကြည့်တိုက်များ ဖွင့်လှစ်ပေးလျက်ရှိမှု၊ လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိမှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရေကန်များအတွင်း ရေဝင်ရောက်မှု၊ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းအဆောက်အဦ တချို့ထိခိုက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးမျိုးအောင်က ညောင်ဦးခရိုင်အတွင်း သီးနှံများ ပန်းတိုင်ရည်မှန်းချက်များပြည့်မီရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်ရှည်သီးနှံပင်များစိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသထုတ်ကုန်များဖြင့် MSME လုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးများမှ ပြန်လည်ဆွေးနွေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးလှမိုးနှင့် ဦးမျိုးသန့်တို့က ညောင်ဦးခရိုင်အတွင်း ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှုနှင့် ပုဂံညောင်ဦးဒေသအတွင်း လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လမ်းများကို လမ်းအင်္ဂါရပ်များနှင့်ညီစေရန်နှင့် လမ်းညွှန်အမှတ်အသားများ စနစ်တကျဆောင်ရွက်ရန်လိုအပ်မှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ညောင်ဦးမြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှု၊ လူသွားလမ်းများ စနစ်တကျရှိစေရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းများဖောက်လုပ်ရာတွင် လမ်းဘေးဝဲယာ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများကို ထည့်သွင်းတည်ဆောက်ထားရှိရန်လိုကြောင်း၊ ရေနုတ်မြောင်းများမရှိခြင်းကြောင့် မိုးရွာသွန်းချိန်တွင် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများပေါ်၌ သဲနုန်းများတင်လျက်ရှိကြောင်း၊ ယခင်နှစ်က မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့စဉ် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ ရေကန်များ ပြန်လည်ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း နိုင်ငံအဝန်း မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့စဉ် ညောင်ဦးခရိုင်အနေဖြင့် ထိခိုက်မှုအနည်းငယ်သာရှိခဲ့သည်ကိုတွေ့ရကြောင်း၊ အလားတူ လမ်းညွှန်အမှတ်အသားများကိုလည်း သတ်မှတ်ထားသည့် အင်္ဂါရပ်များအတိုင်း စနစ်တကျဖြင့် ဆောင်ရွက်ထားရှိရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးမှာကြား

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဒေသအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် တိကျစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့လုပ်ငန်းတာဝန်နှင့်ပတ်သက်၍ သိရှိအောင် အမြဲလေ့လာဆောင်ရွက်ပြီး မိမိတို့တာဝန်ယူထားရသည့် လုပ်ငန်းတာဝန်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မှုရှိရ မည်ဖြစ်ကြောင်း။

ဒေသ၏ ပညာရေးပိုင်းနှင့်ပတ်သက်၍ စာရင်းဇယားများအရ ညောင်ဦးခရိုင်အတွင်း လူဦးရေငါးသိန်းကျော်ခန့်ရှိသည်ကို တွေ့ရှိရသော်လည်း ကျောင်းသား၊ ကျောင်းသူများမှာ လူဦးရေ၏ ၁၇ ရာခိုင်နှုန်းကျော်သာရှိသဖြင့် ရာခိုင်နှုန်းနည်းပါး ကြောင်း၊ အထက်တန်းအဆင့်အထိ တက်ရောက်သည်မှာ ၁၂ ဒသမ ၈၈ ရာခိုင်နှုန်းအထိသာ ရှိသဖြင့် တန်းစဉ်ကူးပြောင်းမှုများသည်လည်း နည်းပါးနေကြောင်း၊ ထို့ကြောင့် ညောင်ဦးခရိုင်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟူသည့်အတိုင်း ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများအောက်တွင် အများဆုံးနေရပြီး ကျောင်းစည်းကမ်းများကို လိုက်နာရကြောင်း၊ အထက်တန်းပညာအထိ သင်ကြားခဲ့ရသည့် ကျောင်းသားများနှင့် မူလတန်းပညာအထိသာ သင်ကြားခဲ့ရသည့်ကျောင်းသားများ၏ စည်းကမ်းလိုက်နာမှုများမှာ တူညီမှုမရှိနိုင်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး အနည်းဆုံး KG + 9 အထိ မဖြစ်မနေသင်ကြားထားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေအရ ပညာခေတ်၊ IT နည်းပညာ၊ AI နည်းပညာခေတ်တွင် လူတိုင်းအလယ်တန်းအဆင့်အထိ ပညာတတ်မြောက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ညောင်ဦးခရိုင်အတွင်း ပညာရေးကို အားပေးဆောင်ရွက်ကြစေရေး တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အသိပညာပေးခြင်း၊ ထိန်းကျောင်းတည့်မတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပညာတတ်မှသာ အတွေးအခေါ်များ ကောင်းမွန်တိုးတက်လာပြီး စဉ်းစားဆင်ခြင်တုံ တရားများလည်း မြင့်မားလာမည်ဖြစ်ကြောင်း။

ဒေသ၏ ပညာရည်မြင့်မားရေး

ထို့ပြင် ပညာရေးအားပေးရမည်ဖြစ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ်သဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့်မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းဖြင့် ပညာသင်ကြားခြင်းမပြုနိုင် တော့သည့်အရွယ်သို့ ရောက်ရှိနေသူများအနေဖြင့် ဘဝတိုးတက်ရေးအတွက် သိရှိရန်လိုအပ်သည့် အသိပညာများ၊ အတတ်ပညာများကို လေ့လာဆည်းပူးနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးငယ်များ၏စာဖတ်ခြင်း အလေ့အကျင့်ကောင်းနှင့် စာဖတ်စွမ်းအားများတိုးတက်လာပြီး ဗဟုသုတအသိအမြင်များ ပိုမိုသိရှိလာမည်ဖြစ်ကြောင်း၊ ပညာရည်မြင့်မားရေးသည် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နိုင်ရေးပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်နေရသည့်ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာဖြစ်စေနိုင်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

စိုက်ပျိုးရေး

ညောင်ဦးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြချက်များအရ ပန်းတိုင်ရည်မှန်းချက်များပြည့်မီရန် လိုအပ်နေသေးသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်မည်ဆိုပါက ဒေသအတွင်းဖူလုံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးတက်ရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးတို့အတွက် မျိုးကောင်းမျိုးသန့်များရရှိရန်လိုသကဲ့သို့ မြေပြုပြင်ခြင်းနှင့်ပတ်သက်၍လည်း မြေဩဇာထည့်သွင်းခြင်းအပါအဝင် သွင်းအားစုများ အလုံအလောက်စိုက်ထည့် ရမည်ဖြစ်ကြောင်း၊ မြေဩဇာနှင့်ပတ်သက်၍ သစ်စိမ်းမြေဩဇာကို စိုက်ပျိုးဆောင်ရွက်၍ရသကဲ့သို့ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့်လည်း ဇီဝမြေဩဇာကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီမရွေးဆောင်ရွက်နိုင်ရန်အတွက် မြစ်ရေတင်လုပ်ငန်းများဖြင့် ရေတင်ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်စီမံကိန်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်ဖြစ်သော်လည်း ဥစ္စာရင်းလို၊ ဥစ္စာရင်းခဲဟူသည့် စကားနှင့်အညီ မိမိတို့ ကိုယ်တိုင်လည်း အားစိုက်ထုတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေ ရေးအခြေခံနည်းလမ်းလေးသွယ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းကို စနစ်တကျဖြင့် ဆောင်ရွက်သွားမည်ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်ကာ တောင်သူများအနေဖြင့်လည်း ဝင်ငွေပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒေသခံများ ဝင်ငွေကောင်းမွန်မည်ဆိုပါက ဒေသတွင်းလည်ပတ်ငွေအားကောင်းလာပြီး ဒေသ၏စီးပွားရေးတိုးတက်လာ မည်ဖြစ်ကြောင်း။  

ဒေသ၏ ရှိရင်းစွဲဆုလာဘ်တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

ထို့ပြင် ညောင်ဦးခရိုင်အနေဖြင့် ဒေသ၏ရှိရင်းစွဲဆုလာဘ်တစ်ခုဖြစ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများမှလည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တွင် ပိုင်ဆိုင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များ၊ အလှအပများကိုလာရောက်လေ့လာခံစားကြသည့် ခရီးသွားများ၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက် ဆွဲဆောင်ခြင်းအားဖြင့် မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ အိမ်သာမှ ဧည့်လာမည်ဖြစ်သည့်အတွက် ဒေသတွင်းသာယာ လှပရေး၊ မျက်စိပသာဒဖြစ်ဖွယ် ပတ်ဝန်းကျင်နှင့် စိမ်းလန်းစိုပြည်သည့်မြင်ကွင်းများ ရရှိခံစားနိုင်ရေး၊ ဒေသထွက်စားသောက်ကုန်ပစ္စည်းများ အဆင့်မီကောင်းမွန်စေရေး၊ အဆင့်မီသည့် တည်းခိုနေထိုင်မှု စနစ်ရှိစေရေး ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ စေတီပုထိုးများနှင့် ပတ်သက်၍လည်း ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာမြင်တွေ့ဖူးမြင်နိုင်ရေး စနစ်တကျစီမံထား ရှိရန်လိုကြောင်း။

မြေယာစီမံခန့်ခွဲမှုများ စနစ်တကျဖြစ်ရန်လို

ဒေသရှိ မြေလွတ်မြေရိုင်းများ၊ လယ်ယာမြေများ၊ ရှေးဟောင်းမြေများ စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့နှင့်အညီ ဖြစ်ရန်လိုကြောင်း၊ မြေနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်သွားရန် လိုကြောင်း၊ မြို့မြေများ တိုးချဲ့ရာတွင်လည်း Town Plan များ စနစ်တကျရေးဆွဲပြီး စည်းကမ်းနှင့်အညီ တင်ပြပြီးမှသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြေများရှိသည့်အတွက် မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်သုံးစွဲခြင်းကြောင့် ဒေသ၏ဖူလုံရေးကို ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသရှိမြေများကို အကျိုးရှိရှိ အသုံးချရန်လိုပြီး Town Plan များ စနစ်တကျရေးဆွဲ၍ ဆောင်ရွက်ရန်လိုကြောင်း၊ Town Plan ရေးဆွဲရာတွင်လည်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ ရုံးဌာနအဆောက်အဦများ၊ အပန်းဖြေနေရာများကို စနစ်တကျထည့်သွင်းနိုင်ရေး အချိန်ယူဆွေးနွေးတိုင်ပင်၍ တွက်ချက်ရေးဆွဲသွားရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက် ဆောင်ရွက်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပုဂံညောင်ဦးဒေသ၏ အခြေအနေအရပ်ရပ်မှာ တိုးတက်လာမည်ဖြစ်ကြောင်း မှာကြားသည်။

ယွန်းပညာကောလိပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ယွန်းပညာကောလိပ်သို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ယွန်းပညာကောလိပ်၏ အဓိကလုပ်ငန်းတာဝန်များ၊ ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ NSSA (National Skills Standards Authority) အသိအမှတ်ပြု ယွန်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း အဆင့်ဆင့်ဆောင်ရွက်မှု၊ စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိမှု၊ အိပ်ဆောင်များ၊ ယွန်းနည်းစဉ်ခန်းမ၊ ယွန်းပြတိုက်၊ ယွန်းလက်မှုအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ယွန်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က ယွန်းပညာသင်ကြားမှုအခြေအနေများ၊ ပြည်ပနိုင်ငံများရှိ ကျောင်းများ၌ ယွန်းအတတ်ပညာသင်ကြားနေမှုများနှင့် ပြည်ပမှပညာရှင်များမှ လာရောက်ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ယွန်းပညာရပ်နှင့်ပတ်သက်၍ လုပ်သားရှားပါးမှုဖြစ်ပေါ်လာမှု၊ ယွန်းပညာကောလိပ် ဖြစ်ပေါ်လာမှုတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယွန်းပညာရပ်နှင့်ပတ်သက်၍ မှေးမှိန်ပပျောက်မသွားစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ယွန်းနည်းစဉ်ခန်းမအတွင်း သင်တန်းသား၊ သင်တန်းသူများ၏ ဝါး၊ အနက်ထည်၊ ကညစ်၊ ရွှေဇဝါ ယွန်း၊ သားရိုးပန်းကြွ စသည်ဖြင့် ယွန်းနည်းစဉ်အဆင့်ဆင့်အား လက်တွေ့ဆောင်ရွက်နေမှုများကိုလှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ယွန်းပြတိုက်အတွင်း အထူးပြခန်း၊ ယွန်းပစ္စည်းပြုလုပ်ပုံ အဆင့်ဆင့်ပြခန်း၊ နိုင်ငံတကာ ယွန်းပစ္စည်းပြခန်း၊ လူမှုရေးအသုံးအဆောင်ပစ္စည်း ပြခန်းတို့တွင် ခင်းကျင်းပြသထားသည့် ယွန်းထည်များအား ပြခန်းတစ်ခုချင်းစီအလိုက် ခင်းကျင်းပြသထားမှုများကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းမှုများအပေါ် သိရှိလို သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး မိမိတို့နိုင်ငံမှပြုလုပ်သည့် ယွန်းထည်ပစ္စည်းနှင့် စဉ့်ထည်ပစ္စည်းများသည် နာမည်ကောင်းရရှိပြီးဖြစ်သည့်အတွက် ယင်းပညာရပ်များ မပျောက်ပျက်သွားစေရေး ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ယွန်းပညာကောလိပ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ယွန်းပညာကောလိပ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားစေတီပုထိုးများ ထိန်းသိမ်းထားရှိမှု၊ မြကန်ရေလှောင်တမံအပါအဝင် ရှေးဟောင်းကန်များအတွင်းရေများ ဝင်ရောက်လျက်ရှိမှုနှင့် ပုဂံညောင်ဦးဒေသအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပုဂံ-ညောင်ဦး-ပျော်ဘွယ် ဒေသတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းလျက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုအားကြည့်ရှု

ယင်းနောက် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှု၏ ရေစီးဆင်းရာအစဖြစ်သည့် ရှမ်းကုန်းပြင်မြင့်နှင့် ဆက်စပ်တောင်ကုန်း တောင်တန်းများပေါ်မှ ရေများစီးဆင်းတိုက်စားခဲ့မှုကြောင့် တောင်ပြို၊ မြေပြိုမှုများဖြစ်ပေါ်နေမှု၊ အဆိုပါ တောင်ကုန်းတောင်တန်းများပေါ်မှ ဖြတ်သန်းစီးဆင်းလာသည့် တောင်ကျချောင်းရေများသည် မုန်ချောင်း၊ နဝင်းချောင်း၊ ကင်းသာချောင်းတို့နှင့် ၎င်းချောင်းများအားလုံးစုစည်း၍ စီးဝင်ရာဆင်သေချောင်း တစ်လျှောက်တို့၌ တောင်ကျချောင်းရေအရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုကြောင့် ရေတိုက်စားရာလမ်းကြောင်း ကြီးများဖြစ်ပေါ်နေမှုနှင့် ရေပြန်လည်ကျဆင်းသွားပြီးနောက် သဲနုန်းများ၊ အပျက်အစီးများဖြစ်ပေါ်ကျန်ရှိနေမှု၊ စိုက်ဧကအများအပြားပျက်စီးခဲ့မှုနှင့် ရေစီးဆင်းရာလမ်းကြောင်းနှင့်နီးစပ်သည့် အချို့သောကျေးရွာများ ရေဖုံးလွှမ်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ရဟတ်ယာဉ်ပေါ်မှ အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3044 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download