နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Ministry of Information/ Naypyitaw / November 02, 2024
နေပြည်တော် နိုဝင်ဘာ ၂
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများ မှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းများကို ဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဟိန္ဒူအသင်းအဖွဲ့ပြခန်းများ၊ ဟိန္ဒူမျိုးနွယ်စုပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဒီပါဝလီနေ့နှင့် ဆီမီးထွန်းညှိခြင်းတို့နှင့်ပတ်သက်၍ အခမ်းအနားမှူးက ရှင်းလင်းတင်ပြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တစ်ကိုယ်တော်အကဖြင့် ဖျော်ဖြေမှု၊ Ganesha ဓမ္မတေးဖြင့် ပူဇော်မှု၊ ဆီမီးခွက်အကဖြင့် ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ရိုးရာမီးထွန်းပွဲတော်ဖြစ်ပြီး “ဒီပ” ဟူသည့် မီးအလင်းရောင်နှင့် “အာဝလိ” ဟူသည့် စီတန်းခြင်းဟူသော အဓိပ္ပာယ်တို့ကို ပေါင်းစပ်၍ ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိပူဇော်ခြင်းအဓိပ္ပာယ်ရသည်ဟု သိရှိရပါကြောင်း၊ ထိုသို့ ဆီမီးပူဇော်ခြင်းအားဖြင့် အလင်းမှ အမှောင်ကို ခွင်းနိုင်သကဲ့သို့ မကောင်းသည့်အခြေအနေဆိုးမှ ကောင်းခြင်းတရားများ ရောက်ရှိလာစေရန်၊ မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွန်းလာစေရန်ဟူသည့် ယုံကြည်ချက်များဖြင့် ယခုကဲ့သို့ ဆီမီးပူဇော်ကြသည်ဟု သိရပါကြောင်း၊ စာပေ၌ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟုဆိုကြပြီး အလင်းရောင်သည် လူသားတို့အားလုံးအတွက် ကောင်းကျိုးဖြစ်စေမည့် အဓိကခွန်အား၊ စွမ်းအားဖြစ်ကာ အလွန်ပင်အဓိပ္ပာယ်ရှိပါကြောင်း၊ ထို့ကြောင့် ဟိန္ဒူဘာသာဝင်များအနေဖြင့် ယခုကဲ့သို့ ပွဲတော်ကျင်းပသည့်အခါသမယတွင် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ဘုရားကျောင်းများ၊ မိမိတို့၏နေအိမ်များတွင် ဆီမီးများကို လှပစွာထွန်းညှိပူဇော်ကြခြင်းသည် ဘဝ၏တိုးတက်မှုခွန်အားများကို အားလုံးရစေမည်ဟု ယုံကြည်ပါကြောင်း။
ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားသည်လည်း ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများအပါအဝင် လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဘာသာဝင်များ၊ အခြားသောဘာသာဝင်များစုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားခြင်းဖြစ်ကြောင်း၊ ယင်းသည် မိမိတို့နိုင်ငံအတွင်း၌ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဟိန္ဒူဘာသာဝင်များအားလုံး စုစုစည်းစည်းပါဝင်ဆင်နွှဲခြင်းသည် မှတ်တိုင်တစ်ခုဖြစ်သည့်အတွက် မိမိအနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းကို ပြောကြားလိုပါကြောင်း။
မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံကြည်ရာဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း၊ သို့သော်လည်း ယနေ့အချိန်တွင် မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် လှုံ့ဆော်မှုအမျိုးမျိုးကို အခြေခံနေသည်ကိုတွေ့ရကြောင်း၊ ယင်းသို့ သွေးထိုးလှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာ ကျူးလွန်နေကြခြင်းပင်ဖြစ်ကြောင်း၊ သွေးကွဲနေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာ သုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးပြီး နေကြရန်လိုကြောင်း၊ ယနေ့အချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းပြီး မိမိတို့အားလုံးသွားလိုသည့် လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် မတူညီမှုများ ကွဲပြားမှုများရှိနေသည်မှန်သော်လည်း အဆိုပါ မတူကွဲပြားမှုများကို စုစုစည်းစည်းရုံးနိုင်ခြင်းကသာ အင်အားကို ဖြစ်စေပါကြောင်း၊ ထိုကဲ့သို့စုစည်းသည့်အင်အားရရှိစေရေး မိမိကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် မြန်မာပြည်ဖွား အိန္ဒိယလူမျိုးစုအဖွဲ့အစည်းများ၊ တရုတ်လူမျိုးစုအဖွဲ့အစည်းများနှင့် မိမိ၏ကိုယ်စားလှယ်များတွေ့ဆုံစေခဲ့ကြောင်း၊ အဆိုပါအဖွဲ့အစည်းများ၏ လိုအပ်ချက်များကို မေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့်အပြင် ၎င်းတို့၏သုံးသပ်ချက်များအပေါ် အဖြေရှာဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဘာသာပေါင်းစုံ၏ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ လူမျိုးစုများဆိုင်ရာ အထိမ်းအမှတ်နေ့များနှင့် အခမ်းအနားများကို မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သမျှ အားပေးကူညီနေသည်ကိုလည်း အားလုံးက မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း ဒီပါဝလီပွဲတော်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သူများအားလုံးနှင့်အတူ စည်းလုံးမှု၊ စုစည်းမှုအားကို မြင်တွေ့ရသည့်နေ့ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ယခုထက်ပိုခိုင်မြဲအောင် ဆက်လက်တည်ဆောက်သွားကြရန် လိုပါကြောင်း။
ထို့ကြောင့် ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်များ၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီးထွန်းညှိပူဇော်ခြင်းပွဲတော်ကာလမှစပြီး မိမိတို့နိုင်ငံသားအားလုံးက တစ်ဦးအပေါ်တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှုများ မျှဝေပေးပြီး နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့် ဆန္ဒပြုဆုမွန်ကောင်းစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အမှတ်တရစကား ပြောကြားပြီး ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 2971 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်၊ နိုဝင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်၊ နိုဝင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download