နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / March 12, 2025
image_latest


အထူးစီးပွားရေးဇုန်များသို့ ရင်းနှီးမြှုပ်နှံမှုများ စည်းရုံးဖိတ်ခေါ်ရာတွင် နိုင်ငံတကာသို့ တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုအား ဦးစားပေးဖိတ်ခေါ်စေလို

နေပြည်တော် မတ် ၁၁

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော်ရာတွင် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားသည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေများကိုအခြေခံပြီး ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံ၏လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေအရ နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော်ရာတွင် စီးပွားရေးရှုထောင့်တစ်ခုတည်း မကြည့်ဘဲနိုင်ငံရေးအနေဖြင့်လည်း ထည့်သွင်းစဉ်းစားသွားကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်တွင် အကောင်အထည်ပေါ်လာမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်ပြီး နိုင်ငံရေးနှင့်ယှဉ်တွဲ၍ နိုင်ငံရေးနှင့် စီးပွားရေးပေါင်းစပ်ကာ ဆောင်ရွက်ကြရန် အဖွဲ့ဝင်များကို ပြောကြားလိုကြောင်း။   

အထူးစီးပွားရေးဇုန်များ အလေးထားဆောင်ရွက်သွားကြရမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးသည် အဓိကအလေးပေးဆောင်ရွက်နေသည့် ဦးတည်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းဦးတည်ချက်များနှင့်အညီ အထူးစီးပွားရေးဇုန်များကလည်း အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် အထူးစီးပွားရေးဇုန်များနှင့် သီးသန့်ဇုန်များ ထားရှိကြကြောင်း၊ ထိုသို့ထားရှိကြရာတွင် နိုင်ငံများအလိုက် နည်းဥပဒေ၊ ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပြီး ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ အလားတူနိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်နိုင်ရန်အတွက် ဖြေလျှော့မှုများ၊ မက်လုံးပေးခြင်းများ၊ ဆွဲဆောင်စည်းရုံးမှုများကိုလည်း နိုင်ငံအလိုက်ဆောင်ရွက်ကြရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေများတွင် ယင်းကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

မိမိ၏ အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု၌ မိမိတို့ရင်းနှီးမြှုပ်နှံမှု၏ ဦးတည်ချက်ဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့် ပို့ကုန်တိုးမြှင့်နိုင်ရေးသည် အဓိကဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များသို့ ရင်းနှီးမြှုပ်နှံမှုများစည်းရုံးဖိတ်ခေါ်ရာတွင် နိုင်ငံတကာသို့ တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုအား ဦးစားပေးဖိတ်ခေါ်စေလိုကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ပို့ကုန်သွင်းကုန်အပိုင်း တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ပို့ကုန်အမေရိကန် ဒေါ်လာ ၁၆၃ ဒသမ ၄၆၆ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၅၅၉ ဒသမ ၂၈၄ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏကို ကြည့်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၇၂၂ ဒသမ ၇၅ သန်းရှိခဲ့ကြောင်း၊ သို့သော်လည်းအိမ်နီးချင်းနိုင်ငံများရှိ အထူးစီးပွားရေးဇုန်များနှင့် နှိုင်းယှဉ်ပါက အင်မတန်နည်းနေသေးကြောင်း၊ သို့ဖြစ်၍ သီလဝါအထူးစီးပွားရေးဇုန်၏ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇုန်၏အခြေအနေ၊ ပတ်ဝန်းကျင်နိုင်ငံများရှိ အထူးစီးပွားရေးဇုန်များ၏ အခြေအနေများကို အမြဲတမ်းစိစစ်သုံးသပ်၍ မိမိအထူးစီးပွားရေးဇုန် ပိုမိုတိုးတက်လာအောင်၊ ပို့ကုန်နှင့် သွင်းကုန်များ၏ လိုငွေပြမှုကို အတတ်နိုင်ဆုံးနည်းပါးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အလားတူ အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များတွင်လည်း ပို့ကုန်တိုးမြှင့်ရေးအတွက် ပို့ကုန်များကို ဦးစားပေး ထုတ်လုပ်မည့် လုပ်ငန်းရှင်များကို ရွေးချယ်ဖိတ်ခေါ် ရန်လိုကြောင်း၊ လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် တင်သွင်းမှုနှင့် တင်ပို့မှုကို ကြည့်မည်ဆိုပါက တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများတွင် အများဆုံးလယ်ယာသုံးစက်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရန်ကုန်ကြမ်းများ၊ ကားကုန်ကြမ်းအပိုပစ္စည်းများ၊ စည်သွတ်ဘူးထုတ်လုပ်ရန် ကုန်ကြမ်းများဖြစ်ကြောင်း၊ အလားတူပို့ကုန်များတွင် အများဆုံးသည် အဝတ်အထည်များ၊ ခွဲခန်းသုံးလက်အိတ်များ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆေးဝါးများနှင့် Speaker များဖြစ်ကြောင်း၊ တင်ပို့ သည့်အပိုင်းတွင် ယခုထက်ပိုမိုတင်ပို့နိုင်အောင် စည်းရုံးတိုက်တွန်းရမည်ဖြစ်ပြီး သွင်းကုန်အပိုင်းတွင်လည်း တင်သွင်းလာသည့် ကုန်ပစ္စည်းများတွင် မိမိတို့၏ MSME လုပ်ငန်းက မည်မျှသွင်းကုန်အစားထိုးပေးနိုင်မည်ကို တစ်ဖက်ကလည်း MSME လုပ်ငန်းများနှင့် ချိတ်ဆက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်း MSME များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျအောင်၊ ပြည်ပပို့ကုန်မြှင့်တင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိ MSME လုပ်ငန်းမှ သွင်းကုန်အစားထိုးမည့် ကုန်ပစ္စည်းများ ပေးသွင်းရာတွင် ပစ္စည်းအရည်အသွေး အဆင့်အတန်းမြင့်မားရန်လည်းလိုကြောင်း။

သီလဝါအထူးစီးပွားရေးဇုန်တွင် ကင်းလွတ်ဇုန် (Free Zone)နှင့် လုပ်ငန်း မြှင့်တင်ရေးဇုန်(Promotion Zone) ခွဲခြားသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကင်းလွတ်ဇုန်(Free Zone)ရှိ လုပ်ငန်းများအနေဖြင့် နိုင်ငံခြားငွေကြေးဆိုင်ရာ အခက်အခဲများမရှိသော်လည်း လုပ်ငန်းမြှင့်တင်ရေးဇုန် (Promotion Zone)တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အခြေအနေများအရ နိုင်ငံခြားငွေကြေးဆိုင်ရာ အခက်အခဲအချို့ရှိနေကြောင်း၊ ယင်းအခက်အခဲအချို့ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရှိရကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျရန်အတွက် သွင်းကုန်ကုန်ကြမ်းများစွာ သက်သာစေမည့် MSME ထုတ်ကုန်လုပ်ငန်းများမှ သွင်းကုန်များများ အစားထိုးနိုင်ရန် ဝိုင်းဝန်အကြံပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ရရှိသည့်အခွန်အခဝင်ငွေများ ပြည့်ပြည့်ဝဝရရှိအောင်ဆောင်ရွက်

MSME ထုတ်ကုန်လုပ်ငန်းများကို ချိတ်ဆက်ပေးပြီး အစားထိုးမှုရရှိသည့် ဝင်ငွေပိုင်းကို ကြည့်မည်ဆိုပါက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၅၉၆ သန်းနှင့် မြန်မာကျပ်ငွေ ၅၁ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း၊ ယင်းအပေါ် ကျေနပ်မနေဘဲ MSME နှင့်ပတ်သက်၍ တာဝန်ယူထားသည့် Agencyအဖွဲ့များ၊ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ရှိသူများအနေဖြင့် ယခုထက်ပိုမို၍ နိုင်ငံတော်အကြီးအကဲချမှတ်ထားသည့် မူဝါဒနှင့်အညီ မိမိတို့၏ MSME ထုတ်ကုန်များကို အထူးစီးပွားရေးဇုန်များ၏ သွင်းကုန်အစားထိုးမှုအပိုင်းတွင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ အခွန်ရရှိသည့် ငွေမှာကျပ် ၉၃၅သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငွေကျပ် ၉ ဘီလီယံကျော်၊ ကြိုတင်ဝင်ငွေခွန် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံနှင့်ဝင်ငွေခွန်ငွေကျပ် ၂ ဒသမ ၆၈ ဘီလီယံရှိသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စာရင်းများအရ သိရှိရကြောင်း၊ One Stop Service ဆောင်ရွက်နေသည့် အဖွဲ့များသည် မိမိနိုင်ငံ၏ အကျိုးစီးပွား၊ မိမိ၏အခွန်ဘဏ္ဍာ အပြည့်အဝကောက်ခံရရှိမှု၊ ကုမ္ပဏီများ ၏ မသမာမှုများမဖြစ်အောင် ဆောင်ရွက်ပေးနိုင်မှုအပေါ်မူတည်၍ ရရှိသည့်အခွန်အခဝင်ငွေများ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ကြရန်ပြောကြား လိုကြောင်း။

အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ချမှတ်ဆောင်ရွက်ရာတွင် MSME လုပ်ငန်းသည် အဓိကပါဝင်သကဲ့သို့ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရန်အတွက် များစွာအထောက်အကူပြုရ မည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးကိုလည်းများစွာ အထောက်အကူပြုနိုင်သည့် ဇုန်များဖြစ်ရန်ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၏ အဓိကလိုအပ်ချက်သည် လျှပ်စစ်စွမ်းအားပြည့်ဝရရှိရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် သီလဝါအထူးစီးပွားရေးဇုန်တွင် မိမိအစီအစဉ်ဖြင့် တစ်ပိုင်တစ်နိုင် Solar Plantများဆောင်ရွက်ရန် အကြံပြုခဲ့ရာမူလအစ စတင်ဆောင်ရွက်စဉ် ကီလိုဝပ်ရာဂဏန်းမျှသာရှိသော်လည်း အကျိုးဖြစ်ထွန်းသည့်အတွက် လိုက်ပါဆောင်ရွက်ခဲ့ကြရာ ယနေ့စာရင်းဇယားများအရ တပ်ဆင်ပြီးပါက ထုတ်လုပ်မှုစွမ်းအား ၁၆ မဂ္ဂါဝပ်ကျော် နီးပါးထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ တပ်မတော်တွင်လည်း ၂၀ မဂ္ဂါဝပ် Solar Plant အား တပ်ဆင်အသုံးပြုခဲ့ရာ အရင်းကျေကာလမှာ သုံးနှစ်ခွဲဖြစ်၍ မကြာမီအရင်းကျေကာလ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့်တွက်ခြေကိုက်သည့်အပြင် ပိုလျှံသည့် လျှစ်စစ်ဓာတ်အားများအား နိုင်ငံတော်သို့ ပြန်လည်ရောင်းချနိုင်သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များသို့ တာဝန်ရှိသူများက ရှင်းလင်းပြောကြား တိုက်တွန်းဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူနောင်အကောင်အထည် ဖော်ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်များတွင်လည်း တစ်ပိုင်တစ်နိုင် Solar Plant များ ဆောင်ရွက်နိုင်ရေး ထည့်သွင်းဆွေးနွေးကြရန်လိုကြောင်း။

ဆက်လက်၍ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးလိုကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်၌ စီမံကိန်းကုမ္ပဏီနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို သက်တမ်းတိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်တမ်းတိုးမြှင့်ထားသည့်ကာလသည် ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်တွင် ပြည့်မြောက်မည်ဖြစ်သည့်အတွက် သတ်မှတ်ကာလမတိုင်မီ နှစ်လအလိုတွင် နှစ်ဦးနှစ်ဖက်လုပ်ငန်းများ ပြီးပြတ်အောင် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သည့်အတွက် လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အခြားပါဝင်သည့် ကော်မတီများကလည်း လုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ကန့်သတ်ချက်များ ကြားမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။

ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေးအရ၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက်အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Belt and Road စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း။

ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရမည်ဆိုပါက ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် SPV (Special Purpose Vehicle) ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံညှိနှိုင်းဆွေးနွေးပြီး ပီပြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ အခွင့်အလမ်းများ များစွာဖော်ဆောင်နိုင်ခဲ့သည့်အတွက် မကြာမီတွင် အရှိန်အဟုန်ဖြင့် အောင်မြင်ဖြစ်ထွန်းလာတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုချိန်ကပင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများ စိတ်ချမ်းသာစွာဖြင့် လုပ်ငန်းများအဆင်ပြေချောမွေ့လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ထားကြရန်လိုကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် အီတာလျှံ-ထိုင်းဆောင်ရွက်သည့် ကိစ္စများပြီးမြောက်သွားသော်လည်း ဥပဒေကြောင်းအရ ဆက်လက်ရှင်းလင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာဖြင့် သက်ဆိုင်ရာဥပဒေပညာရှင်များဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်အရေးကြီး ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လာရောက်ရင်းနှီးမြှုပ်နှံသူအပါအဝင် သုံးဦးသုံးဖလှယ် Win- Win Situation ဖြစ်ရန် ဆောင်ရွက်သွားကြရန်လိုကြောင်း။

ဆက်လက်၍ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အစည်းအဝေးဖြစ်သည့်အတွက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြပေးရန်၊ အထူးစီးပွားရေးဇုန်အလိုက် ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှေ့လာမည့် ကာလများတွင် ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများက တင်ပြပေးရန်နှင့် ဇုန်အလိုက်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားမှသာ အချိန်မရွေး လာရောက်ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းများအခက်အခဲမရှိ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များကလည်း အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အတွင်းရေးမှူး(၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာအထူးစီးပွားရေးဇုန်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်ခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး(၂) စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက မြန်မာအထူးစီးပွားရေးဇုန်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်း အဝေးသို့တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြု ချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူးက မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3103 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download