နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA အဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင် ၂၁ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA အဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင် ၂၁ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
Ministry of Information/ Naypyitaw / July 30, 2025

နေပြည်တော် ဇူလိုင် ၂၉
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၈ ရက်အထိ TNLA အဖွဲ့ဝင်လေးဦး ၊ DPLA အဖွဲ့ဝင် ၄၁ ဦး နှင့် MDY-PDF အဖွဲ့ဝင် ၅၂ ဦး စုစုပေါင်း ၉၇ ဦး တို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည် မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့် အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
ယနေ့တွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ DPLA အဖွဲ့ဝင် အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦး၊ MDY-PDF အဖွဲ့မှ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ ရွာငံ PDF အဖွဲ့မှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ၂၁ ဦးတို့သည် Zoraki အမျိုးအစားပစ္စတို ၁ လက်နှင့်အတူ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာခြင်းများကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့သည်။
အဆိုပါ ဥပဒေဘောင်အတွင်းဝင် ရောက်လာသူများ၏ ပြောကြားချက်များအရ ယင်းတို့သည် အေးချမ်းစွာနေ ထိုင်လုပ်ကိုင်စားသောက်သူများဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့မဝင်ရောက်ပါက မိဘဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကို ခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ခဲ့ ရကြောင်း၊ ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက်အနိုင်ကျင့် ဗိုလ်ကျလူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြား ဆက်ဆံခံရခြင်းများ ရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)များ ဆင်နွှဲမှုတွင် အကျအဆုံးများပြားလာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက်တိုက်ခိုက် လိုခြင်းမရှိခြင်းကြောင့် အသက်ရှင်သန်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းများကြောင့် စိတ်ဓာတ်များကျဆင်းလာခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာသည်ကို သိရှိနားလည်လာခြင်း၊ မိသားစုများနှင့်အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေးပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာပြီး နီးစပ်ရာတပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား နွေးထွေးစွာပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေး လျက်ရှိခြင်းများကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ အမျိုးသား
ကျွန်တော်ကတော့ DPLF/DPLA အကြမ်းဖက်အဖွဲ့အစည်းကနေပြီးတော့ အလင်းဝင်ရောက်လာတဲ့သူဖြစ်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်းကို မဝင်ရောက် ခင်အချိန်မှာ ကျွန်တော်က ဒီပင်းတယမြို့မှာပဲ မိသားစုရဲ့လုပ်ငန်းဖြစ်တဲ့ တိုင်းရင်း ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းကို ကူညီလုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ စိတ်ပါဝင်စားမှုမရှိခဲ့ပေမယ့် လူငယ်တစ်ယောက်ပီပီ Social Network သုံးစွဲတာတွေနဲ့ အဲဒီအထဲကို ကြိုတင်ရောက်နှင့်ပြီးသား သူငယ်ချင်းတစ်ယောက်က ဆွဲဆောင်မှုကြောင့် အဲဒီအကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိသွားတာဖြစ်ပါတယ်။ ကျွန်တော်အဲဒီအကြမ်းဖက်အဖွဲ့အစည်းကို ကျောက်မဲမြို့ ခွန်ကော်ကျေးရွာမှာ သင်တန်း(၃)လ တက်ပြီးတာနဲ့ ကျွန်တော်က (၁၀) တန်းအောင်မြင်ထားတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် KIA/KPDF/NUG က ဦးစီးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းကို ကျွန်တော်(၃)လ တက်ရောက်ခဲ့ရပါတယ်။ အဲဒီ(၃)လ ကျွန်တော်တက်ရောက်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ နောင်ချိုမြို့ ပါဟက်ရပ်ကွက်ထဲမှာ ဒီအကြမ်းဖက်အဖွဲ့ထဲက ထိခိုက်ဒဏ်ရာ ရရှိလာတဲ့သူတွေကို ကုသပေးနေတဲ့ CDM ဆေးဆရာဝန်နဲ့အတူ ကျွန်တော်ဆေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။ ဆေးမှူးတာဝန်ကိုပဲ ထမ်းဆောင်ရတာဖြစ်တဲ့အတွက် အခွန်ငွေကောက်ခံတဲ့ ကိစ္စတွေ၊ တချို့သောကိစ္စတွေကို ကျွန်တော်သေချာမသိပါဘူး။ ဒီအတင်း အဓမ္မလူသစ်စုဆောင်းတဲ့ ကိစ္စတွေကိုတော့ ကျွန်တော်တချို့သိခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ လူသစ်စုဆောင်းလာတဲ့အထဲမှာ လူသစ်စုဆောင်းလာတဲ့လူတွေကို နေရာထားတာမလုံလောက်လို့ ကျွန်တော့်ဆေးခန်းမှာ လာထားတဲ့အတွက် ကျွန်တော်သိရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီလူသစ်စုဆောင်းတဲ့ အချိန်မှာလည်း ရွာတွေကိုဝိုင်းပြီးတော့ ကျည်တွေဖောက်ပြီးတော့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း လူသစ်ဆွဲတာတွေဖြစ်တယ်။ ရှေ့တန်းစစ်မျက်နှာပြင်မှာဆိုရင်လည်း ဒီအကြမ်းဖက်အဖွဲ့အစည်းမှာ အထက်လူကြီးတွေက အောက်လက်ငယ်သားတွေကို အနိုင်ကျင့်တာတွေ၊ သူတို့ကျတော့ အဆင်ပြေပြေနေပြီးတော့ အောက်ကလူတွေကို အတင်းတိုက်ခိုင်းတာတွေ၊ ခံစစ်မှာဆိုရင်လည်း အတင်းခံစစ်ပြင်ခိုင်းတာတွေရှိတယ်။ အဲဒီလိုမျိုးတွေလည်း ကျွန်တော့်ဆီရောက်လာတဲ့ ထိခိုက်ဒဏ်ရာရလာတဲ့ သူတွေဆီကတဆင့် ကျွန်တော်ပြန်ကြားရတာဖြစ်တယ်။ သူတို့ရဲ့ ဖိအားပေးမှုတွေကြောင့် တချို့ကျွန်တော်တို့ ဒီတောထဲဝင်တဲ့အကြမ်းဖက်အဖွဲ့အစည်းက သူငယ်ချင်းတွေလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာတွေလည်း အများကြီးရှိတယ်။ အဲဒီလိုကိစ္စတွေကြားတဲ့အတွက် ကျွန်တော်က အလင်းဝင်ရောက်ဖို့ စဉ်းစားတယ်။ ဒါပေမယ့် အလင်းဝင်ရောက်ဖို့လုပ်တဲ့ အချိန်မှာလည်း သံသယတော့ရှိမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ဝါဒဖြန့်ထားတာက တပ်မတော်ဘက်က ကျွန်တော်တို့ အလင်းဝင်ရောက်တဲ့သူတွေကို ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ သတ်ဖြတ်တယ်၊ ထောင်ချတယ်ဆိုပြီးတော့ ဝါဒဖြန့်ထားတယ်။ အဲဒီအတွက် စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမယ့် ဟိုမှာနေပြီးတော့ အလကားသေမဲ့အစားတော့ ကျွန်တော်ဒီဘက်ကိုပဲ အလင်းဝင်ရောက်လိုက်မယ်ဆိုပြီးတော့ပဲ ဆုံးဖြတ်လိုက်တယ်။ အဓိက အလင်းဝင်ရတဲ့အကြောင်းရင်းက DPLA အကြမ်းဖက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေကျတော့ ဓနုအမျိုးသားလွတ်မြောက်ရေး တပ်မတော်လို့ထောင်ပြီးတော့ ဓနုပြည်သူတွေကို အဓမ္မဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ ပြီးတော့ အသက်မပြည့်သေးတဲ့သူတွေပါပါတယ်။ သူတို့တွေကိုပါ လူသစ်စုဆောင်းတာတွေရှိတယ်။ ပြီးတော့ အောက်လက်ငယ်သားတွေကိုလည်း အနိုင်ကျင့်ဖိနှိပ်တာတွေ၊ အရာရှိပိုင်းတွေပဲ အဆင်ပြေနေတာမျိုးတွေပဲ မြင်နေရတဲ့အတွက် ကျွန်တော်အလင်းဝင်ရခြင်းဖြစ်ပါတယ်။ အခုလိုမျိုး ကျွန်တော်အလင်းဝင်ရောက်ပြီးတော့ မိသားစုနဲ့အတူတူ ပြန်လည်နေထိုင်တဲ့အချိန်မှာ ဒီတောထဲမှာ အတူတူသင်တန်းတက်ရောက်ဖူးတဲ့သူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အကုန်လုံးကိုလည်း မိသားစုနဲ့နွေးနွေး ထွေးထွေးပြန်နေဖို့ တိုက်တွန်းချင်ပါတယ်။ တပ်မတော်ကလည်း နွေးနွေးထွေးထွေးကြိုဆိုနေပါတယ်။ အလင်းဝင်ရောက်တဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ဟိုဘက်ကဝါဒဖြန့်ထားတာနဲ့ တခြားဆီဘဲဗျ။ ဘယ်လိုခေါ်မလဲဆိုတော့ နွေးနွေးထွေးထွေးမိသားစုလိုမျိုး၊ ညီအစ်ကိုမောင်နှမလိုမျိုး ဆက်ဆံတယ်၊ ပြောဆိုတယ်၊ နေထိုင်ရတယ်။ အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အလင်းဝင်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဟိုဘက်မှာနေထိုင်ပြီးတော့ တောထဲမှာကျန်ခဲ့တဲ့သူငယ်ချင်းတွေ၊ အတင်းအဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေ၊ လမ်းမှားနေတဲ့လူငယ် တွေအကုန်လုံးကို တပ်မတော်ဘက်က နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်။
၂။ အမျိုးသား
ကျွန်တော်ကတော့ ဖယ်ခုံ PDF အကြမ်းဖက် ပျားစစ်ကြောင်းမှ အလင်းဝင်ရောက်လာသူဖြစ်ပါတယ်။ ကျွန်တော်အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်လာ ခင်မှာပင်လောင်းမြို့နယ် နမ့်ဖာမူကျေးရွာမှာ မိသားစုနဲ့အတူနေထိုင်ပြီး တောင်ယာလုပ်ကိုင်နေပါတယ်။ အဲဒီလို နေရင်းနဲ့ ပအိုဝ်းရွာမှာနေတဲ့ ကျွန်တော့် သူငယ်ချင်းက သူတို့အဖွဲ့အစည်းထဲ ဝင်ဖို့လာခေါ်တဲ့ အချိန်မှာ ကျွန်တော့်အိမ်နဲ့ အဆင်မပြေဖြစ်နေတာကြောင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်အကြမ်းဖက်သင်တန်းသုံးလကို ဖယ်ခုံမြို့နယ် ဆင်ဖြူကျေးရွာ စာသင်ကျောင်းကျောင်းဝင်းထဲမှာတက်ရောက်ကာ ဆင်ဖြူကျေးရွာ စာသင်ကျောင်းဝင်းထဲမှာပဲအခြေချပြီးတော့ ဖယ်ခုံမြို့အရှေ့ ဘက်အခြမ်းရပ်ရွာတွေမှာ ဆက်လက် လှုပ်ရှားပြီးတော့ အကြမ်းဖက်ဝင်တပ်သားတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကြမ်းဖက်ခေါင်းဆောင်ပိုင်းတွေမှာ ကယန်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီးတော့ တချို့ လက်အောက်ငယ်သားတွေမှာ ဗုဒ္ဓဘာသာဗမာ၊ ပအိုဝ်းလူမျိုးတွေပါဝင်ခဲ့ပေမယ့် ဘာသာရေးအရ ခွဲခြားဆက်ဆံတာတွေ၊ လူမျိုးရေးအရခွဲခြားဆက်ဆံ တာတွေအပြင် တပ်မတော်နဲ့တိုက်ခိုက်ရ တဲ့အချိန်တွေမှာလည်းဗမာ၊ ပအိုဝ်းလူမျိုးတွေကို ရှေ့တန်းကျကျ တိုက်ခိုက်ခိုင်းပြီးတော့ သူတို့ကယန်းလူမျိုးတွေကို ပိုပြီးအရေးပေးဆက်ဆံတာကိုတွေ့ရပါတယ်။ ကျွန်တော်အကြမ်းဖက်အဖွဲ့ဝင် ထဲကို ဝင်တာကြာလာတဲ့အချိန်မှာတော့ ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေကို ကျွန်တော်သိမြင်လာတဲ့အခါမှာ မိသားစု နဲ့ပဲ ပြန်လည်နေထိုင်ဖို့ ကျွန်တော်စဉ်းစား ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အရင်ကကျွန်တော်ကြားသိထားတဲ့ တပ်မတော်ထံအလင်းဝင်သွားတဲ့သူတွေကို တပ်မတော်က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ ထောင်ချမှုစတဲ့ ဝါဒဖြန့်တာတွေကြောင့် ကျွန်တော်အလင်းဝင်ရောက်ဖို့ အဆင်ပြေပါ့မလားလို့ စိုးရိမ်စိတ်ဖြစ်မိပါတယ်။ ကျွန်တော်အဓိက အလင်းဝင်ရတဲ့အကြောင်းရင်းကတော့ ကျွန်တော်အကြမ်းဖက်အဖွဲ့ထဲ ဝင်ရောက်လာတဲ့အချိန်က အိမ်နဲ့အဆင်မပြေတာကြောင့် သူငယ်ချင်းခေါ်လို့ လိုက်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ် လက်နက်ကိုင်တိုက်ခိုက်ရေးလုပ်ငန်းတွေ လုပ်တဲ့အချိန်မှာတော့ အဖွဲ့ဝင်မှ ခေါင်းဆောင်ပိုင်းတွေက ဘာသာရေးအရ ခွဲခြားဆက်ဆံတာတွေ၊ လူမျိုးရေးအရ နှိမ့်ချဆက်ဆံတာတွေအပြင် တိုက်ပွဲမှာလည်း ကျွန်တော်တို့ပအိုဝ်းလူမျိုးတွေကိုပဲ ပြန်တိုက်နေရတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လုပ်ဆောင်ချင်စိတ်မရှိတော့ပဲ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်နဲ့ချိတ်ဆက်ပြီး အမှန်တကယ်ဝင်ရောက် တဲ့အချိန်မှာတော့ အရင်ကကျွန်တော် ကြားသိထားတဲ့ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ ထောင်ချမှုသူတို့ဝါဒဖြန့် သလိုမဟုတ်ပါဘူး။ ကျွန်တော်အလင်းဝင်ရောက်တဲ့အချိန်မှာတော့ တပ်မတော်မှတာဝန်ရှိသူတွေက နွေးထွေးစွာကြိုဆို ဆက်ဆံကြပါတယ်။ ကောင်းမွန်စွာထားတယ်။ မိသားစုသဖွယ်ဆက်ဆံကြတယ်။ အဲဒါတွေကို ကျွန်တော်မြင်ရတွေ့ရတော့ အလွန်ကိုဝမ်းသာမိပါတယ်။ ကျွန်တော် အခုလိုအလင်းဝင်ရောက်လာတဲ့အချိန်မှာ မိသားစုတွေနဲ့အတူ အေးအေးချမ်းချမ်း နေရသလိုမျိုး ကျွန်တော်နဲ့အတူတောထဲမှာ နေထိုင်ခဲ့ဖူးတဲ့သူငယ်ချင်းတွေ၊ အဖွဲ့ထဲမှလူငယ်တွေကိုလည်းတောထဲမှာနေပြီး အကြောင်းမဲ့သေရမယ့်အစား မိသားစုနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းပြီးတော့ ကျွန်တော့်လို အလင်းဝင်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ တပ်မတော်အနေနဲ့လည်း အလင်းဝင်ရောက်လာမယ့် လမ်းမှားနေတဲ့လူငယ်တွေကို နွေးထွေးစွာကြိုဆိုဆက်ဆံပြီးတော့ အရင်ကကြားသိထားတဲ့ ဝါဒဖြန့်တာတွေကို နားမယောင်ဘဲ အမြန်အလင်းဝင်ရောက်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
အမျိုးသမီး
ကျွန်မတို့ နောင်ချိုနယ်ထဲမှာတိုက်ပွဲ တွေဖြစ်ပွားတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေဟာ ကျွန်မတို့နေထိုင်တဲ့ကျေးရွာ တွေကိုလာပြီးတော့ အဓမ္မဖမ်းဆီးတဲ့အတွက် အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မကတော့ အဖွဲ့ထဲမှာတပ်သားအနေနဲ့ ဘဏ္ဍာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်မတို့အကြမ်းဖက်အဖွဲ့မှာ လူသစ်စုဆောင်ရေးအတွက် နောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို လိုက်ပြီးတော့ အဓမ္မဖမ်းဆီးတာတွေ၊ တစ်အိမ်တစ်ဦးမဖြစ်မနေဝင်ရောက်တာတွေ လုပ်ဆောင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မကတော့အဖွဲ့ထဲမှာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် တိုက်ခိုက်ရတာမျိုးတော့ လုပ်ဆောင်ခြင်းမရှိပါဘူး။ ကျွန်မတွေ့မြင်ရတာကတော့ ခေါင်းဆောင်ပိုင်းတွေရဲ့ အာဏာပြပြီးတော့ ဆဲဆိုတာတွေ၊ မတရားညှဉ်းပန်း နှိပ်စက်တာတွေတော့တွေ့ရပါတယ်။ ကျွန်မအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အဖွဲ့ထဲမှာနေထိုင်ရတာ ဘဝလုံခြုံမှုတော့မရှိပါဘူး။ ခေါင်းဆောင်ပိုင်းတွေရဲ့ အာမခံချက်နဲ့ လုပ်ဆောင်ချက်တွေက ကိုက်ညီမှုမရှိတဲ့အတွက် အဖွဲ့မှာနေရတာ ကြာလာတာနဲ့အမျှ စိတ်ဓာက်ကျဆင်းလာခဲ့ပါတယ်။ ကျွန်မအလင်းဝင်ဖို့ တပ်မတော်ထံချိတ်ဆက်တဲ့အချိန်မှာ စိတ်ကတော့စိုးရိမ်စိတ်တွေတော့ ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်မအမှန်တကယ် အလင်းဝင်ဖို့လာရောက်တဲ့အချိန်မှာ တပ်မတော်အနေနဲ့ သားသမီးတစ်ဦးလို နွေးထွေးစွာဆက်ဆံတယ်။ မိသားစုဝင်တစ်ဦးလို နွေးထွေးစွာဆက်ဆံတဲ့အတွက် စိတ်လုံခြုံမှုရှိခဲ့ပါတယ်။ ကျွန်မအခုလို အလင်းဝင်ရောက်လာရတဲ့အတွက် ကျွန်မကိုယ် ကျွန်မမှန်ကန်တယ်လိုမြင်မိပါတယ်။ ကျွန်မအခုလိုအလင်းဝင်ရောက်လာပြီးတော့ မိသားစုနဲ့အတူ နွေးထွေးစွာနေထိုင်ရသလိုမျိုး အဖွဲ့ထဲမှာရှိတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေ၊ လူငယ်တွေကိုလည်း တောထဲမှာ အခုလိုနေထိုင်နေမယ့်အစားမိသားစုနဲ့အတူ ပြန်လည်နွေးထွေးစွာနေထိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့ တပ်မတော်အနေနဲ့လည်း အလင်းဝင်ရောက်လာမယ့် လမ်းမှားတဲ့လူငယ်တွေကို ကြိုဆိုလျက်ရှိပါတယ်။ ကျွန်မတို့အရင်ကကြားခဲ့ဖူးတဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ မဟုတ်မမှန်ဘဲနဲ့ ပြောတဲ့စကားဖြစ်စေ၊ မှန်တာပြောတဲ့စကားဖြစ်စေ သူတို့ရဲ့စကားတွေကို နားမယောင်ပဲနဲ့ ဘဝရှေ့ရေးအတွက်၊ လျှောက်လှမ်းဖို့အတွက် အလင်းဝင်ရောက်ဖို့ တိုက်တွန်းလိုပါတယ်။
သတင်းစဉ်



Newspaper - 3240 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
