နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ MDY-PDF နှင့် TNLA အဖွဲ့ဝင် ၁၂ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ MDY-PDF နှင့် TNLA အဖွဲ့ဝင် ၁၂ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
Ministry of Information/ Naypyitaw / July 31, 2025

နေပြည်တော် ဇူလိုင် ၃၀
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၉ ရက် အထိ TNLA အဖွဲ့ဝင် လေးဦး၊ DPLA အဖွဲ့ဝင် ၄၇ ဦးနှင့် MDY-PDF အဖွဲ့ဝင် ၆၁ ဦး၊ ရွာငံ PDF အဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း ၁၁၈ ဦးတို့သည် လက်နက်မျိုးစုံ ၁၄ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန် လည် ဝင်ရောက်လာခဲ့ကြသည်။
ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၌ DPLA အဖွဲ့ဝင် အမျိုးသားလေးဦး၊ MDY-PDF အဖွဲ့ဝင် အမျိုးသား ခြောက်ဦးနှင့် TNLA အဖွဲ့ဝင် အမျိုးသားနှစ်ဦး စုစုပေါင်း ၁၂ ဦး တို့သည် Type-81 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ ၎င်းကျည် ၂၅ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာခြင်းများကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံ ပေးခဲ့သည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက် သူများဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင်ရောက်ပါက မိဘဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မလူသစ် စုဆောင်းခြင်းကိုခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြား ဆက်ဆံခံရခြင်းများရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Opera-tion)များဆင်နွှဲမှုတွင် အကျအဆုံး များပြားလာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက်တိုက်ခိုက် လိုခြင်းမရှိဘဲ အသက်ရှင်သန်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းများကြောင့် စိတ်ဓာတ်များကျဆင်းလာခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာသည်ကို သိရှိနားလည်လာခြင်း၊ မိသားစုများနှင့်အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက် လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာပြီးနီးစပ်ရာ တပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့်နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -
အလင်းဝင် - ၁
ကျွန်တော်ကတော့ DPLA ထဲကို ဘယ်လိုစရောက်ခဲ့သလဲဆိုတော့ ကျွန်တော်တို့ကို DPLA က စစ်ကောက် ကောက်တယ်ဗျ။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ ကောက်တယ်။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ကောက်တော့ ကျွန်တော်တို့က မောင်နှမသုံးယောက်ရှိတယ်။ မောင်နှမသုံးယောက်ရှိတဲ့အတွက် ညီတွေ၊ ညီမတွေကြောင့် ကျွန်တော်လိုက်ခဲ့ရတယ်။ လိုက်ခဲ့ရတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကို ညကြီးအချိန်မှာ ကားနဲ့သင်တန်းကွင်းကို ခေါ်သွားတယ်။ သင်တန်းစတက်တဲ့အချိန် အတွေ့အကြုံကတော့ ကျွန်တော်တို့က လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပြီဗျ။ ကျွန်တော်တို့ဘဝတွေက ပြောရမယ်ဆိုရင် ရှင်လျက်နဲ့သေသလို ဖြစ်သွားပြီဗျာ။ ဘာလို့လဲဆိုတော့ ဘေးကိုကြည့်လိုက်ရင်လည်း တောတောင်တွေ၊ အောက်ကိုကြည့်လိုက်ရင်လည်း ရေတွေပဲမြင်ရပြီး အခြားဘာမှမမြင်ရဘူး။ သင်တန်းကွင်းကို ကျွန်တော်တို့ နံနက် ၄ နာရီကနေ ည ၉ နာရီအထိ နားချိန်မရှိဘဲသင်တန်းတက်ရပါတယ်။ အစားအသောက်ကျွေးရင်လည်း အငတ်ငတ်အပြတ်ပြတ်နဲ့ ဘာကျွေးလဲဆိုတော့ ရှူးရှဲနဲ့ စွန်တန်ပဲကျွေးတယ်။ တစ်ခါတလေမှာ ရှူးရှဲတောင်မှ နပ်မမှန်ဘူး။ တစ်ခါတလေ ဆားဖြူးစားရတဲ့အခါတွေလည်းရှိတယ်။ အဲဒီလိုအစားအသောက် နပ်မမှန်တော့ ကိုယ်ဘာသာတောထဲက အသီးအရွက်လေးတွေ ခူးချက်စားရတယ်။ အဲဒီလိုသွားခူးစားလို့ သိသွားရင် အရိုက်အနှက်ခံရတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့ကျွေးတာမစားလို့၊ မင်းတို့က အဲဒီလိုခူးစားလား၊ လုပ်စားလား ဆိုပြီးတော့ ကျွန်တော်တို့ကို ရိုက်နှက်နှိပ်စက်တာတွေရှိတယ်။ ကျွန်တော်တို့ဟာဆိုရင် အစာအာဟာရ ပြည့်ပြည့်ဝဝမစားရဘူး။ အိပ်တာလည်း ဝဝလင်လင် မအိပ်ရဘူး။ ပြီးရင် လူမျိုးရေးခွဲခြားတာတွေလည်းရှိတယ်။ ဘယ်လိုလူမျိုး ရေးခွဲခြားတာလဲဆိုတော့ ပလောင်တွေက သူတို့လူမျိုးဆိုရင် တစ်ခုခုအမှားလုပ်တာတို့၊ အပြစ်လုပ်တာ တို့ဆိုရင်သက်သာတဲ့ အပြစ်ပေးတာပဲရှိတယ်။ ကျွန်တော်တို့ ဓနုလူမျိုးတစ်ယောက်က အမှားလုပ်ပြီဆိုရင် သေမလောက်အထိနှိပ်စက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ကြိတ်မှိတ်ပြီးနေခဲ့ရတယ်။ ကျွန်တော်တို့မှာ အဖိအနှိပ်ခံဘဝနဲ့ ရှင်လျက်နဲ့သေနေသလို သင်တန်းမှာနေခဲ့ရတယ်။ ရှေ့တန်းရောက်ရောက်ချင်း ဘာတွေအတွေ့အကြုံရလဲဆိုတော့ မဖြစ်နိုင်တဲ့အရာကို တက်ခိုင်း၊ လုပ်ခိုင်းတယ်။ ဒီနေရာ မဖြစ်ဘူးဆိုရင်လည်း ဆုတ်ခိုင်းမယ်မရှိဘူး။ တက်တက်ဆိုပြီးတော့ အတင်းတက်ခိုင်းတယ်။ ကျွန်တော့်ရှေ့မှာပဲ သူငယ်ချင်းတွေ သေတာတွေရှိတယ်။ အဲဒီအထဲမှာ ပလောင်လူမျိုးတစ်ယောက်မှမပါဘူး။ ကျွန်တော်တို့ကြေကွဲရတယ်။ ခံစားရတယ်။ ကျွန်တော်တို့ ပြေးချင်တယ်။ လွတ်လမ်းရှာချင်တယ်။ ဒါပေမယ့်အခွင့်မသာဘူး။ နောက်ဆုံး တာဝန်ကျတဲ့ကုန်းကတော့ ကျောက်ကြမ်းကုန်းပေါ့။ အဲဒီကုန်းမှာ အဖြစ်အပျက်က ပိုဆိုးသွားတယ်။ ဘယ်လိုအဖြစ်အပျက် ပိုဆိုးသွားလဲဆိုတော့ ပလောင်တွေအများစုကကျတော့ ခုနက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့ ဓနုလူမျိုးကို လူမျိုးတုန်းသတ်ဖြတ်တာပေါ့ဗျာ။ အမှန်က သူတို့ကအရှေ့ကမတိုက်ဘူး။ ကျွန်တော်တို့ ဓနုလူမျိုး လူ အယောက်လေးငါးဆယ်ကို အရှေ့ကိုအတက်ခိုင်းပြီး အတိုက်ခိုင်းတယ်။ သူတို့လူမျိုးကျတော့ တစ်ယောက်နှစ်ယောက်ပဲပါတယ်။ ပြီးရင်သူတို့က တက်တက်ဆိုရင် မြန်မာလိုပြောပြီးတက်တယ်ဗျာ။ ဆုတ်ဆုတ်ဆိုရင် ပလောင်လိုပြောပြီး ဆုတ်သွားတယ်။ ကျွန်တော်တို့က ပလောင်စကား နားမလည်တော့ အဲဒီမှာခံရပါတယ်။ ဘာခံရလဲဆိုတော့ ကျွန်တော်တို့ ဘုမသိဘမသိနဲ့ ဓနုတွေပဲကျန်ခဲ့တဲ့အတွက်ကြောင့် ဓနုလူမျိုးတွေသေကြတယ်ဗျာ။ အဲ့ဒီလိုပလောင် စကားနားမလည်တဲ့ ဓနုလူမျိုး တွေသေဆုံးတဲ့အတွက် ကျွန်တော် တို့ မကျေနပ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ငါတို့အလင်းဝင်မှ ရတော့မယ်။ ငါတို့ဒီလိုအခက်အခဲ ဘဝနဲ့ အဆင်မပြေတော့ဘူး။ ဘာလို့လဲဆိုတော့ ငါတို့အသက် ရှင်အောင် ငါတို့ကြိုးစားမှရမယ်လို့ တိုင်ပင်ပြီး ကျွန်တော်နဲ့အတူ သူငယ်ချင်းလေးယောက် ည ၁၂ နာရီအချိန်မှာ ထွက်ပြေးလာပြီး ပြင်ဦးလွင်ရောက်ဖို့ နှစ်ရက်ဆက်တိုက် လမ်းလျှောက်ခဲ့ရတယ်။ ကျန်တဲ့သူငယ်ချင်းတွေကိုလည်း ပြောချင်တာကတော့ အဲဒီမှာ ပေကပ်မနေနဲ့တော့၊ ကိုယ့်အသက်ကို နှမြောတယ်ဆိုရင် တပ်မတော်နဲ့လာပူးပေါင်းပါလို့ ပြောချင်တယ်။ သူတို့ပလောင်တွေ ဝါဒဖြန့်သလို အလင်းဝင်သူတွေ ကို တပ်မတော်က သတ်တယ်၊ နှိပ်စက်တယ်တို့ ထင်ခဲ့မိတာ။ လက်တွေ့မှာတော့ ကျွန်တော်တို့ ထင်ခဲ့သလိုမဟုတ်ဘဲ တကယ်တမ်း အလင်းဝင်လာတော့ တပ်မတော်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ အဲဒီလိုတွေမြင်ရတော့ ဝမ်းသာကြည်နူးပြီး မျက်ရည်တောင် ကျမိတယ်။ သူငယ်ချင်းတွေကိုသိအောင် ပြောချင်တာက တပ်မတော်က တကယ်နွေးထွေးစွာကြိုဆိုတယ်။ ဒီရောက်လာမှ အစားအသောက်လည်း ကောင်းကောင်းစားရတယ်။ အိပ်ကောင်းချင်းလည်း အိပ်ရတယ်။ ပြောမယ် ဆိုရင် စိတ်လွတ်ကိုယ်လွတ်နေရ ထိုင်ရတယ်။ အရင်ကဆိုကြောက် စိတ်တွေနဲ့နေခဲ့ရတယ်။ ဘယ်နေ့သေမလဲ။ ဘယ်နေ့လက်နက်ကြီးကျမလဲ။ ဘယ်နေ့လေယာဉ်ကြဲမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့နေခဲ့ရတဲ့အချိန်တွေနဲ့ အခုအလင်းဝင်ရောက်တဲ့အခြေအနေနဲ့ တခြားစီကွာခြားသွားပြီလို့ ပြောချင်ပါတယ်။
အလင်းဝင် - ၂
ကျွန်တော် ဒီအဖွဲ့အစည်းထဲကို ကိုယ့်စိတ်ဆန္ဒနဲ့ဝင်သွားတာ မဟုတ်ပါဘူး။ ပြောချင်တာတော့ သူတို့ ကျွန်တော်တို့ကို တစ်အိမ်တစ်ယောက် မဖြစ်မနေ ဝင်ရမယ်ဆိုပြီးတော့ မဝင်ရင်လည်း ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေကို ဒုက္ခပေးမယ်ပေါ့။ တစ်ခုခုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ကျွန်တော် အခုလိုဝင်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ထဲကိုဝင်တဲ့အချိန်မှာလည်း အဆင်မပြေမှုတွေအများကြီး ကြုံရတယ်။ ဘယ်လိုကြုံရလဲဆိုတော့ လူမျိုးရေးခွဲခြားတာတွေရှိတယ်။ နောက်ပြီးတော့သူတို့က လက်နက်ကိုင်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့လည်းသူတို့ခိုင်းတာကို မဖြစ်မနေလုပ်ရတာပဲဖြစ်တယ်။ သင်တန်းတွေဆက်တက်တဲ့အချိန်မှာလည်း လူမျိုးရေးခွဲခြားတယ်။ တစ်ယောက် နဲ့တစ်ယောက် အနိုင်ကျင့်ပြောဆို ဆက်ဆံခံရတာတွေ အများကြီးရှိတယ်။ အဲဒါတွေကြုံခဲ့ရတယ် အများကြီးဗျာ။ နောက်ပြီးတော့ ဒီသင်တန်းတက်ပြီးလို့ ရှေ့တန်းကို ထွက်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ရှေ့ပဲထိုးခိုင်းတယ်။ အကြီးပိုင်း ပလောင်တွေကတော့ နောက်မှာပဲနေတယ်။ မဖြစ်မနေ ရအောင်တိုက်ဆိုပြီး ပြောထားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့လည်း အသေခံတိုက်ရတယ်။ အဲဒီလိုမျိုးကြုံခဲ့ရတယ်။ သူတို့က နောက်မှာနေပြီးတော့ ကျွန်တော်တို့တိုက်လို့ နိုင်ထားတဲ့မြို့တွေ၊ သိမ်းလို့ရထားတဲ့ မြို့တွေ၊ ရွာတွေကို သူတို့ဝင်တယ်။ ဝင်ပြီးတော့ သူတို့အဲဒီမှာရှိတဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေကိုယူတယ်။ ယူပြီးတော့ အဲဒါတွေကိုလည်း ကျွန်တော်တို့ DPLA အဖွဲ့အစည်းတွေ ကောင်းစားဖို့အတွက်မဟုတ်ဘူး။ တကယ်တမ်းတော့ ပလောင်တွေ ကောင်းစားဖို့အတွက်ပဲ၊ သူတို့ကိုယ်သူတို့ ကောင်းစားဖို့အတွက်ပဲ သူတို့လုပ်ကြတယ်။ သူတို့က ပြည်သူတွေရဲ့ပစ္စည်းတွေ ကို ယူတယ်။ ယူပြီးတော့ သူတို့ပဲကောင်းစားဖို့အတွက်လုပ်တယ်။ သူတို့ကနောက်မှာ ထိုင်တယ်။ အေးဆေးပိုက်ဆံကို ဆီနဲ့ရေလိုသုံးကြတယ်။ ကျွန်တော်တို့ကိုကျတော့ ရှေ့တန်းမှာဆိုရင် ရှူးရှဲ၊ စွန်တန်နဲ့ ဖြစ်သလိုကျွေးတယ်။ ဖြစ်သလိုကျွေးပြီးတော့ အသေခံတိုက်ခိုင်းတယ်။ နောက်ဆုတ်လာ ပြီဆိုရင်လည်း ပစ်သတ်တာမျိုးတွေ၊ ခြိမ်းခြောက်တာမျိုးတွေ အများကြီးရှိတယ်ဗျာ။ အဲဒါကြောင့်မလို့ နောင်ချိုမြို့ကို မရမကထိုးမနိုင်ရင် မင်းတို့ကို သတ်မယ်ခြိမ်းခြောက်လို့ ကျွန်တော်တို့လည်း ရှေ့တန်းက အမြင်မှန်ရပြီးတော့ တပ်မတော်ထဲကို အလင်းဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အခုမှဝင်လာတယ်ဆို ပေမယ့်လည်း ကိုယ့်ကိုယ်ကို နောင်တရလို့မဆုံးဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ ဒီထဲဝင်လာရင် တပ်မတော်ဘက်ကလည်း အေးအေးချမ်းချမ်းနဲ့ ကြိုဆိုတယ်။ ကောင်းကောင်းမွန်မွန်နွေးထွေးစွာနဲ့ ကြိုဆိုတဲ့အတွက် ကျွန်တော်တို့မှာ ပြောမပြ တတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်နောင် တပ်မတော်နှင့် ပြည်သူအတွက်ကို ဘယ်လိုတာဝန်ပဲပေးပေး ကျွန်တော်တို့ရဲရဲဝံ့ဝံ့နဲ့ တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိပေးပါတယ်။ နောက်နောင်လည်း အကြမ်းဖက်အဖွဲ့အစည်းထဲကိုလည်း မဝင်တော့ပါဘူးလို့ ဝန်ခံကတိပြုပါတယ်။
သတင်းစဉ်


Newspaper - 3241 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download