နှစ်သစ်မင်္ဂလာ ပျော်ရွှင်ပေါ့ပါး မီးရထားဖြင့် ခရီးသွား


Ministry of Information/ Naypyitaw / January 02, 2026
image_latest


နှစ်သစ်ကူးအခါသမယ ဆောင်းနံနက်ခင်းသည် အေးမြနေသော်လည်း နေရောင်ခြည်နွေးနွေးက လွှမ်းခြုံထားသည်။ အေးမြမှု၊ နွေးထွေးမှု ရောယှက်ထားသည့် နေ့တစ်နေ့ အစနှင့်အတူ ရန်ကုန်- ပြည်အဆန်အထူး လေအိတ်ရထားကြီးသည် တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေပြီး ဘူတာကြီး၏ အမှတ်(၁) စင်္ကြံပလက်ဖောင်း၌ ခရီးသွားများက ရထားထွက်ချိန်ကို အဆင်သင့်စောင့်ဆိုင်းနေရာယူလျက်ရှိကြသည်။ ၂၀၂၆ ခုနှစ်၏ အဦးအစ ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ လေးရက်တာသည် အများပြည်သူ နှစ်သစ်ကူးပိတ်ရက်ဖြစ်သည့်အတွက် ဘူတာကြီးတွင် ခရီးသွားပြည်သူများက အပြည့်။

ရထားကြီးနှင့်အတူ လိုက်ပါ မည့် ခရီးသည်များကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများက လိုက်ပါပို့ဆောင်နှုတ်ဆက်ကြရင်းဖြင့် ရန်ကုန်ဘူတာကြီး နံနက်ခင်းသည် ပို၍သက်ဝင်လှုပ်ရှားနေပြီး မီးရထားဝန်ထမ်းများက ရထားစီးခရီးသွားပြည်သူများကို ခရီးဦးကြိုပြု ဝန်ဆောင်မှုပေးကြကာ ရထားစီးပြည်သူများကို ရထားတွဲဆိုင်းများသို့ ညွှန်ပြပို့ဆောင်ပေးခြင်း၊ လက်မှတ်စစ်ဆေးပေးခြင်း၊ ထွက်ခွာချိန်နှင့်ခရီးစဉ်ကို ကြေညာပေးခြင်းစသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည်။

ရထားစီး ခရီးသွားပြည်သူများအတွက် နွေးထွေးပျူငှာသော ဝန်ဆောင်မှုကိုပေးနိုင်ရန် ကြိုးပမ်းမှုနှင့်အတူ အဆင့်မြှင့်ထားသော မြန်မာ့မီးရထား၏ ရထားလမ်းပိုင်းများ၊ ရထားတွဲဆိုင်းများကို ပြည်သူများက မှတ်မှတ်ထင်ထင် အသိအမှတ်ပြုကြသည်။ အေးအေးငြိမ့်ငြိမ့် သာသာယာယာ ရထားစီးရင်းအပန်းဖြေခရီးထွက်ခြင်းက ပြည်သူအကြိုက် ခရီးသွားပုံစံတစ်မျိုး ဖြစ်လာသည်။

“သမီးက Grade-12 ကျောင်းသူတစ်ဦးပါ။ ရထားမစီးဖူးဘူး။ ပြည်ကိုသွားတိုင်း မှန်လုံယာဉ်နဲ့ပဲ ခရီးသွားဖူးတာ။ လူငယ်တစ်ယောက်အတွက် ရထားစီးပြီး ခရီးသွားအတွေ့အကြုံတစ်ခုရချင်တယ်။ ခရီးသွားခြင်းဟာ အသိဉာဏ်ပွင့်လန်းမှုကို အထောက်အကူပေးတယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ရထားကြီးစီးပြီး အေးအေးချမ်းချမ်းနဲ့ ပြည်ကိုသွားရတဲ့ အတွေ့အကြုံက ဘဝရဲ့အမှတ်တရတစ်ခု ဖြစ်လာမှာပါ။ ဒီလိုရထားကြီးစီးပြီးခရီးသွားရတာ၊ ခရီးသွားရင်းစာဖတ်ရတာ၊ အပြင်ကသဘာဝအလှကိုကြည့်ရှုရမှာက စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ပြီးတော့ ရထားက သန့်သန့် ရှင်းရှင်းရှိတဲ့အတွက် ပိုပြီးအဆင် ပြေတယ်။ ရထားကြီးမစီးရသေးတဲ့သူ စီးကြည့်ပါလို့ အကြုံပြုပါတယ်။ နှစ်သစ်မှာ သမီးလိုခရီးသွားသူအပေါင်း ကိုယ်စိတ်နှလုံး အေးချမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြည်မြို့သို့ ရထားဖြင့် ခရီးသွားရောက်မည့် မချယ်ရီမွှေးက ပြောပြသည်။

မြန်မာ့မီးရထားသည် ပုံမှန်ရထားခရီးစဉ်များ ပြေးဆွဲမှုနှင့်အတူ ရက်ရှည်ရုံးပိတ်ရက်များ၌ အထူးရထားများ ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူခရီးသွားလာမှုအတွက် ကြိုးပမ်းဝန်ဆောင်မှုပေးလျက်ရှိသည်။

ရထားစီး ခရီးသွားပြည်သူများအတွက် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပုံမှန်အမှတ်(၁) အဆန်စာပို့ရထား၊ အမှတ်(၂)အစုန်စာပို့ရထား၊ အမှတ်(၁၁)အဆန်ရထားနှင့် အမှတ်(၁၂) အစုန်ရထားဖြင့်လည်းကောင်း၊ ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် အမှတ်(၃၁) အဆန်ရထားနှင့် အမှတ်(၃၂) DEMU ရထား၊ အမှတ်(၇)အဆန်နှင့် အမှတ်(၈)အစုန် DEMU ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ်(၈၁)အဆန်ရထားနှင့် အမှတ်(၈၂)အစုန်ရထားဖြင့် လည်းကောင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ် (၇၁)အဆန်နှင့် အမှတ်(၇၂) အစုန်ရထားဖြင့် လည်းကောင်း၊ ရန်ကုန်- ပဲခူးလမ်းပိုင်း၌ အမှတ် (၁၃)အဆန်နှင့် အမှတ်(၁၄)အစုန် DEMU ရထားဖြင့်လည်းကောင်း ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထား အမှတ်(၇) တိုင်းမန်နေဂျာ ဦးယဉ်မင်းဦးက ပြောပြသည်။

ထို့အတူ ကြည့်မြင့်တိုင်ဘူတာမှ ပြည်မြို့အထိ အမှတ်(၆၃)အဆန်နှင့် အမှတ်(၆၄) အစုန်ရထားကိုလည်း ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

“ကျွန်တော်တို့ မြန်မာ့မီးရထားအနေနဲ့ ခရီးသွားများပြားလာမှုအခြေအနေအပေါ်မှာမူတည်ပြီး ရထားတွဲဆိုင်း တိုးချဲ့ပြေးဆွဲပေးတာလည်းရှိပါတယ်။ ပြီးတော့ ရထားလမ်းပိုင်းတွေ ခေတ်မီကောင်းမွန်လာတာနဲ့အတူ ခေတ်မီစက်ခေါင်းတွေနဲ့ လူစီးတွဲတွေကို အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာပိတ်ရက်နဲ့ ခရစ္စမတ်ပိတ်ရက်မှာ ဝန်ထမ်းတွေနဲ့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေအောင် အထူးရထား ပြေးဆွဲပေးခဲ့တာ ရှိပါတယ်။ ဒီဇင်ဘာရုံးပိတ်ရက်မှာ ရန်ကုန်-နေပြည်တော်လမ်းပိုင်းဆိုရင် အထူး DEMU စပိန်ရထား ပြေးဆွဲပေးခဲ့တယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ DEMU တွဲဆိုင်းတွေ ပြေးဆွဲပေးနိုင်ခြင်း ဟာ ရထားမြန်နှုန်းမြင့် ပြေးဆွဲပေးနိုင်တဲ့အပြင် တွဲဆိုင်းတွေက သန့်ရှင်းသပ်ရပ်မှုရှိတဲ့အတွက် ခရီးသွားတွေ ကြိုက်နှစ်သက်ပြီး စီးနင်းမှုပိုပြီးများလာတာကို တွေ့ရပါတယ်။ အခုလို နိုင်ငံတကာ နှစ်သစ်ကူးပိတ်ရက်မှာ ရထားတိုးချဲ့ပြေးဆွဲမှုနဲ့အတူ လေအိတ်တွဲအထူးရထားတွဲ ဆိုင်းတွေပြေးဆွဲပြီး ဝန်ဆောင်မှုကောင်းတွေ ပေးထားပါတယ်” ဟု တိုင်းမန်နေဂျာက ရှင်းပြသည်။

မြန်မာ့မီးရထား တစ်ခေတ်ဆန်းသစ်လာပြီဖြစ်သည်ကို ပြေးဆွဲ နေသည့် ရထားတွဲဆိုင်းသစ်များနှင့် စက်ခေါင်းများ၊ လမ်းပိုင်းဆိုင်ရာများ ခေတ်မီတိုးတက် ပြောင်းလဲလာမှုက သက်သေပြုလျက်ရှိသည်။ ယခင်က ရထားလက်မှတ်ကို အထက်တန်းအတွက် သုံးရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းကို တစ်ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူ ရသော်လည်း ယခုအခါ MMQR Code ဖြင့် ငွေပေးချေပြီး ပို၍ လွယ်ကူစွာဝယ်ယူစီးနင်းနိုင်ပြီ ဖြစ်သည်။

မြန်မာ့မီးရထား အနေဖြင့် ရန်ကုန်-နေပြည်တော် DEMU ရထားလိုင်းဖြစ်သည့် အမှတ်(၇) အဆန်နှင့် အမှတ်(၈) အစုန်၊ အမှတ်(၃၁)အဆန်နှင့် အမှတ် (၃၂) အစုန်ရထားများအတွက် အွန်လိုင်းဝန်ဆောင်မှု ပေးထား ပြီဖြစ်သည့်အတွက် ရထားစီးပြည်သူအများက နှစ်ခြိုက်သဘောကျလျက်ရှိသည်။

“ တခြားပိတ်ရက်တွေမှာ ခရီးသွားရတာထက် နှစ်သစ်ကူးမှာခရီးသွားရတာ ပိုပြီးသဘောကျတယ်။ နှစ်သစ်မှာ အကောင်းဆုံးဘာတွေပြင်ဆင် လုပ်ဆောင်ရမလဲဆိုတာ အေးအေးဆေးဆေး ခရီးသွားရင်းစဉ်းစားပြင်ဆင်ရတာကို သဘောကျတယ်။ ဒီလိုခရီးသွားတဲ့အခါ ကားနဲ့ ခရီးသွားတာက ရိုးသွားပြီ။ ပတ်ဝန်းကျင်အလှအပ၊ မြို့ရွာတွေရဲ့ ပြောင်းလဲတိုးတက်မှုတွေကို ရထားကြီးပေါ်ကနေ အေးအေးဆေးဆေးကြည့်ရတာက အတွေ့အကြုံသစ်ပါ။ ရထားတွေက ခေတ်မီတယ်၊ သန့်ရှင်းတယ်၊ သက်သောင့် သက်သာရှိတယ်။ ရထားစီးရတာ ကောင်းတဲ့အကြောင်း တခြားသူတွေက လူမှုမီဒီယာတွေမှာ ဖော်ပြကြတယ်။ ဒါကြောင့် နောင်လည်း ရထားစီးပြီး ခရီးသွားဖြစ်မှာပါ။ နိုင်ငံသားတစ်ဦးအနေနဲ့ မြန်မာ့မီးရထားရဲ့ တိုးတက်ပြောင်းလဲမှု၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုကို ကြည်နူးခံစားမိပါတယ်။ မြန်မာ့မီးရထား ဆက်လက်အောင်မြင်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း စကားပါးလိုက်ပါတယ်” ဟု ရထားစီးပြည်သူ ဒေါ်ပြုံးလဲ့ချိုက ပြောသည်။  

ရထားပို့ဆောင်ရေးစနစ်သည် အများပြည်သူ သွားလာရေးအတွက် အဓိကကျပြီး အကျိုးရှိသည့် ပို့ဆောင်ရေးစနစ်ဖြစ်သည်။ ပြည်သူများ ဆက်သွယ်သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ရထားပို့ဆောင်ရေးစနစ် ခေတ်မီဆန်းသစ်လာပြီး ပြည်သူများသို့ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက် မြန်မာ့မီးရထားမှ ကြိုးပမ်းလျက်ရှိသည်။ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မြန်မာ့မီးရထားအနေဖြင့် တစ်ခတ်ဆန်းသစ်သော ရထားပို့ဆောင်ရေးစနစ်ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများကို ဆက်လက်၍ အကျိုးပြုနိုင်ပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သစ္စာ(MNA) ၊ ဓာတ်ပုံ - ဇွဲမာန်

Newspaper - 3398 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2026

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download