ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချီးမြှင့်ပြောကြားသည့် ဗီဒီယိုမိန့်ခွန်း
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချီးမြှင့်ပြောကြားသည့် ဗီဒီယိုမိန့်ခွန်း
Ministry of Information/ Naypyitaw / December 14, 2024

အားလုံး မင်္ဂလာပါ။
ယနေ့ကျင်းပတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်နဲ့ တိုင်းဒေသကြီးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနဲ့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ တာဝန်ရှိသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။
၁၉၆၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဟာ ယခု ၂၀၂၄ ခုနှစ်ဆိုရင် နှစ်ပေါင်း ၆၀ ပြည့် မြောက်ခဲ့ပြီး ယခုလို နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဟာ ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာမှာ စီးပွားရေးပညာရှင်များဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒီလိုအရေးပါတဲ့ စီးပွားရေးပညာရှင်များကို မွေးထုတ်ပေးနေတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ နှစ်(၆၀)ပြည့် သမိုင်းကလည်း ဂုဏ်ယူစရာကောင်းပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်သမိုင်းအစကို ပြန်ကြည့်ရင် ၁၉၂၃-၁၉၂၄ ပညာသင်နှစ်မှာ ရန်ကုန်တက္ကသိုလ်၊ ဘောဂဗေဒဘာသာရပ်ဌာနအနေနဲ့ စတင်သန္ဓေတည်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအချိန်က ဘောဂဗေဒပညာရပ်တစ်ခုတည်းကိုပဲ သင်ကြားပို့ချပေးခဲ့ရာကနေ ၁၉၄၀-၁၉၄၁ ပညာသင်နှစ်မှာ ဝါဏိဇ္ဇဗေဒပညာရပ်နဲ့ ၁၉၅၃ ခုနှစ်မှာ စာရင်းအင်း ပညာရပ်တို့ကို တိုးချဲ့သင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဘောဂဗေဒဌာနရဲ့ နှစ်တစ်ရာခရီးကို လျှောက်လှမ်းနိုင်ခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က ဘောဂဗေဒဌာန ရာပြည့်ပွဲကို ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။
၁၉၅၅ ခုနှစ်မှာ ဝါဏိဇ္ဇဗေဒဌာန၊ ၁၉၅၆ ခုနှစ် မှာ စာရင်းအင်းပညာဌာနတို့ကို သီးခြားဌာနကြီးများအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲဒီဌာနကြီး သုံးခုအပြင် စိတ်ပညာဌာန၊ နိုင်ငံရေးသိပ္ပံနဲ့ ရာဇဝင်ဌာန၊ မနုဿဗေဒနဲ့ လူမှုရေးရာဌာနတို့ကိုပေါင်းပြီး လူမှုရေးသိပ္ပံမဟာဌာန(Faculty of Social Science) အဖြစ် ၁၉၅၈ ခုနှစ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တာတွေ့ရပါတယ်။ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတက္ကသိုလ်ပညာရေးဥပဒေအရ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ သီးခြားတက္ကသိုလ်တစ်ခုအဖြစ် စီးပွားရေးတက္ကသိုလ်(Institute of Economics)ဆိုတဲ့ အမည်နာမနဲ့ စတင်မွေးဖွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က စတင်ပြီး ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ စီးပွားရေးတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးပညာရပ်များ ဖြန့်ဖြူးရာတစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
၁၉၆၄ ခုနှစ်မှာတော့ အထောက်အကူပြုဌာနလေးခုဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်နဲ့ သင်္ချာဌာနတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းခဲ့တဲ့အတွက် သင်ကြားရေးဌာနခုနစ်ခုအထိ ရှိလာခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)မှာ သုတေသနနဲ့ စီမံခန့်ခွဲမှုပညာဌာနကို ဖွင့်လှစ်နိုင်ခဲ့ပြီး နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တက္ကသိုလ်များပြင်ဆင်တဲ့ ဖွဲ့စည်းပုံအသစ်အရ ပင်မဌာနများအဖြစ် အသုံးချဘောဂဗေဒဌာန၊ ယခင်သုတေသနနဲ့ စီမံခန့်ခွဲမှုဌာနကို စီမံခန့်ခွဲမှုပညာဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အသုံးချစာရင်းအင်းပညာဌာနတို့ကို တိုးချဲ့ဖွဲ့စည်းခဲ့တဲ့အတွက် သင်ကြားရေးဌာန စုစုပေါင်း ၁၀ ခုအထိ ရှိလာခဲ့ပါတယ်။
ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ မုံရွာစီးပွားရေးတက္ကသိုလ်နဲ့ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုစီးပွားရေးတက္ကသိုလ်သုံးခုရှိလာတဲ့အတွက် မူလစီးပွားရေးတက္ကသိုလ်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)ကို စတင်ဖွင့်လှစ်ခဲ့ပြီး ကမာရွတ်၊ လှိုင်နဲ့ ရွာသာကြီးဆိုတဲ့ တက္ကသိုလ်နယ်မြေသုံးခုရှိလာခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီနယ်မြေတွေမှာ ဘွဲ့ကြိုသင်တန်း၊ ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါတယ်။ စီးပွားရေးပညာဘွဲ့(ဘောဂဗေဒ)၊ ဝါဏိဇ္ဇဗေဒဘွဲ့၊ စီးပွားရေးပညာဘွဲ့(စာရင်းအင်းပညာ)၊ မဟာစီးပွားရေးပညာဘွဲ့(ဘောဂဗေဒ)၊ မဟာဝါဏိဇ္ဇဗေဒဘွဲ့၊ မဟာစီးပွားရေးပညာဘွဲ့ (စာရင်းအင်းပညာ)နဲ့ စီမံအုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ(Diploma in Management and Administration-DMA)ကို ၁၉၆၄ ခုနှစ်မတိုင်မီကတည်းက ပေးအပ်ခဲ့တာဖြစ်ပြီး ပါရဂူဘွဲ့(Ph.D)သင်တန်းကို ၁၉၉၈-၉၉ ပညာသင်နှစ်ကစပြီး ဖွင့်လှစ်ပေးလျက်ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတော်မှာ ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေစွာ ဖြစ်စေဖို့ ၂၀၀၁ ခုနှစ်မှာ စာရင်းကိုင်ပညာဘွဲ့၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့၊ ဖွံ့ဖြိုးမှုပညာဘွဲ့၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာဘွဲ့၊ လူဦးရေပညာဘွဲ့သင်တန်းတွေနဲ့ ၂၀၀၃ ခုနှစ်မှာ စာရင်းကိုင်ပညာမဟာဘွဲ့၊ ၂၀၀၄ ခုနှစ်မှာ လူဦးရေပညာမဟာဘွဲ့သင်တန်းတွေကို ဖွင့်လှစ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးရည်မှန်းချက်များနဲ့ စျေးကွက်လိုအပ်ချက်များကို အကောင်အထည်ဖော်ဖြည့်ဆည်းပေးနိုင်ဖို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့(MBA) သင်တန်းကို ၁၉၉၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ယခုအခါ MBA ဘွဲ့ရ ၂၉၂၀ ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MPA)သင်တန်းကို ၂၀၀၀ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး MPA ဘွဲ့ရရှိသူပေါင်း ၁၆၃၁ ဦး၊ ဖွံ့ဖြိုးရေး ပညာမဟာဘွဲ့(MDevS)သင်တန်းကို ၂၀၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး MDevS ဘွဲ့ရရှိသူပေါင်း ၉၂၄ ဦး၊ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးပညာမဟာဘွဲ့(MBF) သင်တန်းကို ၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး MBF ဘွဲ့ရရှိသူပေါင်း ၆၃၇ ဦးကို မွေးထုတ်ပေးခဲ့တာကို သိရပါတယ်။
၂၀၁၇ ခုနှစ် နောက်ပိုင်းကစပြီး အသုံးချစာရင်းအင်းပညာမဟာဘွဲ့၊ ဈေးကွက်စီမံခန့်ခွဲမှု မဟာဘွဲ့၊ ဧည့်ဝတ်နဲ့ ခရီးသွားလာရေးစီမံခန့်ခွဲမှုမဟာဘွဲ့၊ လူမှုစီးပွားတည်တံ့ရေး တီထွင်ဖန်တီးမှု ပညာမဟာဘွဲ့နဲ့ အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့၊ အာမခံသိပ္ပံဘွဲ့ စတဲ့ဘွဲ့သင်တန်းအသီးသီးတို့ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ၁၉၉၈ ခုနှစ်ကစတင်ပြီး တက္ကသိုလ်ဘွဲ့ရတွေအတွက် ဖွံ့ဖြိုးရေးပညာဒီပလိုမာ(Diploma in Development Studies-Dip DS)၊ စျေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Marketing Management - PGDMM)၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ(Postgraduate Diploma in Human Resource Management - PGDHRM)၊ သုတေသနပညာဘွဲ့လွန်ဒီပလိုမာ(Postgraduate Diploma in Research Studies- PGDRS) သင်တန်းတွေကိုလည်း ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေအတွက် စီးပွားရေးအသိအမြင်တွေ ရရှိတိုးပွားစေဖို့ ရည်ရွယ်ပြီး လုပ်ငန်းသုံးစီးပွားရေးပညာ (Certifi-cate in Business Studies-CBS)နဲ့ လုပ်ငန်းသုံး အဆင့်မြင့်စီးပွားရေးပညာ (Certificate in Advanced Business Studies-CABS) လက်မှတ်ရ သင်တန်းတွေကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီသင်တန်းအောင်မြင်ပြီးမြောက်သူများအနေနဲ့ ဆက်လက်လေ့လာသင်ယူနိုင်ဖို့ လုပ်ငန်းသုံးစီးပွားရေးပညာဒီပလိုမာဘွဲ့(Diploma in Business Studies-DBS)ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ၂၀၁၉ ခုနှစ် ကစပြီး One Campus, Two Systems အဖြစ် အဝေးသင်ဘွဲ့များ အပ်နှင်းနိုင်ဖို့ စီးပွားရေးပညာအထူးပြု(Economics)နဲ့ စီးပွားရေးစီမံခန့်ခွဲမှု အထူးပြု(Business Management) သင်တန်းတွေကို ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စီးပွားရေးပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဖြန့်ဖြူးပေးနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပညာရှင်တွေအနေနဲ့ ယခင်လုပ်သားများကောလိပ်၊ အဝေးသင်တက္ကသိုလ်နဲ့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ စီမံကိန်းဦးစီးဌာန၊ စာရင်းစစ်ချုပ်ရုံး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တို့မှာဖွင့်လှစ်တဲ့ သင်တန်းတွေမှာ ဘာသာရပ်ဆိုင်ရာများ ပို့ချဆွေးနွေးပေးခြင်းတို့အပြင် ကျမ်းကြီးကြပ်ခြင်းနှင့် ကျမ်းစစ်ဆေးခြင်းတို့မှာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်များနဲ့အညီ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အား တိုးတက်လာစေဖို့ ရည်ရွယ်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်တာကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဦးဆောင်ပြီး ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ၃၉ ခုမှာ B.A (Economics)ဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အနာဂတ်ကာလမှာ B.A (Economics)ဘွဲ့ရတွေအနေနဲ့ တတ်သိထားတဲ့ စီးပွားရေးအသိအမြင်၊ အတွေးအမြင်တွေကို အသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်လာနိုင်တော့မှာဖြစ်ပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၁၉၆၄ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ နှစ်(၆၀)ခရီးကာလအတွင်းမှာ ပါရဂူဘွဲ့ရရှိသူ ၁၁၀၊ မဟာဘွဲ့ရရှိသူ ၇၅၈၇ ဦး၊ ရိုးရိုးဘွဲ့ရရှိသူ ၆၁၈၅၀၊ ဂုဏ်ထူးဘွဲ့ရရှိသူ ၁၂၁၇ ဦး၊ ဘွဲ့လွန်ဒီပလိုမာရရှိသူ ၇၇၀၈ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိအချိန်မှာလည်း တက္ကသိုလ်အသီးသီးရဲ့ ပုံမှန်သင်တန်းတွေမှာ ကျောင်းသား ကျောင်းသူ ၄၃၅၉ ဦးနဲ့ အဝေးသင်ကျောင်းသား ကျောင်းသူ ၄၆၁၈ ဦး တက်ရောက်ပညာဆည်းပူးလျက်ရှိတာကို သိရှိရပါတယ်။
စီးပွားရေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်တဲ့ MBA ဘွဲ့ရများအနေနဲ့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲမှုပိုင်းတွင် အဆင့်မြင့်အရာထမ်းတွေအဖြစ် လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ MDevS ဘွဲ့ရများအနေနဲ့ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနဲ့ NGO/INGO အဖွဲ့အစည်းတွေမှာ အောင်မြင်စွာ လုပ်ကိုင်နေကြပါတယ်။ MBF ဘွဲ့ရတွေအနေနဲ့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အစိုးရနဲ့ ပုဂ္ဂလိကဘဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှာ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲသူတွေအနေနဲ့ အဆင့်မြင့်ရာထူးတွေမှာ တာဝန်ယူနေကြတာကို တွေ့ရှိရပါတယ်။
ဒီလို စီးပွားရေးတက္ကသိုလ်ဘွဲ့ရ ကျောင်းသား ကျောင်းသူတွေဟာ တိုင်းပြည်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝတဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကဏ္ဍပေါင်းစုံမှာ ပါဝင်ဆောင်ရွက်အကျိုးပြုနေကြတာကို တွေ့ရှိရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။
အလားတူ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရများဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ထင်ရှားကျော်ကြားသူများအဖြစ် ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ စီးပွားရေးတက္ကသိုလ်ဘွဲ့ရရှိသူတွေထဲမှာ နိုင်ငံတော်သမ္မတကစပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ စတဲ့နိုင်ငံတော်ရဲ့ အဆင့်မြင့်တာဝန်အသီးသီးကို ထမ်းဆောင်နေကြတာ ဂုဏ်ယူဖွယ်တွေ့မြင်ရပါတယ်။
ယခုလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍကနေ တစ်တပ်တစ်အားပါဝင်နေတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကြီးရဲ့ နှစ်(၆၀)ပြည့် အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဖြစ်ပေါ်တိုးတက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံပြပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ သုတေသနပိုစတာပြပွဲများကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်သင်ကြားပေးခဲ့ကြတဲ့ ဆရာကြီး ဆရာမကြီးများအတွက် မြတ်ဆရာပူဇော်ပွဲကို ကျင်းပပေးပြီး အထိမ်းအမှတ်အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနားဆောင်ရွက်မှာဖြစ်ကြောင်း သိရှိရပါတယ်။
သက်တမ်း နှစ်(၆၀)ပြည့်ခဲ့ပြီဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကြီးအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထူးချွန်တဲ့ လူတော်လူကောင်းများ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး တော့လည်း မိမိတို့ရဲ့ပညာရပ်ကို တန်ဖိုးထားဂုဏ်ယူတတ်တဲ့ ပညာတတ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်ကြီးအဖြစ် နှစ်(၆၀)ပြည့်မှစပြီး ထာဝရဆက်လက်အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Newspaper - 3199 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download