ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့်မိန့်ခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့်မိန့်ခွန်း
Ministry of Information/ Naypyitaw / April 10, 2026
(၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်)
အားလုံးပဲ မင်္ဂလာပါ။
နိုင်ငံတော်တာဝန်ကို ဒီမိုကရေစီအစိုးရသစ်ဖွဲ့စည်းပြီး စတင်တာဝန်ယူကြတော့မယ့် ဒုတိယသမ္မတများ၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ Online ကတက်ရောက်နေကြတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့များနဲ့ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ တက်ရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ နိုင်ငံ့အကျိုးပြည်သူ့အကျိုးကို ဆတက်ထမ်းပိုးတိုးပြီး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဧပြီလ (၃) ရက်နေ့မှာ ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး ဒုတိယသမ္မတများကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော့်အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့အညီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေရဲ့ အကြီးအကဲများနဲ့အဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးများနဲ့ပြည်နယ်များရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများကို စိစစ်ရွေးချယ်ပြီး တာဝန်ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်သွားရာမှာ လိုအပ်တဲ့မူဝါဒများနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရမယ့် လုပ်ငန်းတာဝန်တွေကို မှာကြားသွားမှာဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်းပဲ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ မဲလိမ်မဲခိုးမှုတွေအပေါ် မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိဘဲ လွဲမှားတဲ့အတွေးအခေါ် အယူအဆတွေနဲ့ ပြည်တွင်းပြည်ပ အဖျက်အမှောင့်ပယောဂတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ နိုင်ငံအနှံ့မှာဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ စိတ်သဘောထားမမှန်တဲ့ တစ်ချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပွဲလန့်တုန်းဖျာခင်း၊ မီးလောင်ရာလေပင့်လုပ်ပြီး နိုင်ငံကိုဆင်းရဲဒုက္ခတွင်းထဲရောက်အောင် နည်းမျိုးစုံလုပ်ကြံဖျက်ဆီးခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုတွေကြားကပဲ ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ရွေးကောက်ပွဲကျင်းပကာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့သမိုင်းကိုပြန်ကြည့်ရင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာ၊ ကိုလိုနီလက်အောက်မှာ ကာလရှည်ကြာခဲ့တာ၊ လွတ်လပ်ရေးရပြီးစကတည်းက ခုချိန်ထိ တည်ငြိမ်အေးချမ်းမှုမရှိသေးတာတွေရဲ့ အဓိကအကြောင်းရင်းကလည်း အချင်းချင်းစည်းလုံးညီညွတ်မှုအားနည်းလို့ဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးကိုအလေးထားပြီး ဆက်လက်ဆောင်ရွက်သွားကြဖို့ အလေးထားမှာကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) လမ်းကြောင်းကို မဖြစ်မနေဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ သိရှိလက်ခံကြဖို့နဲ့ နိုင်ငံနဲ့ပြည်သူရဲ့အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကိုအချိန်မီပြုပြင်ကြဖို့လိုအပ်ပါတယ်။ ဖြစ်ချင်တာတွေ တောင်းဆိုနေမဲ့အစား ဖြစ်သင့်တာဘဲတောင်းဆိုပြီး ဖြစ်နိုင်တာတွေ ဆောင်ရွက်သွားဖို့လိုပါတယ်။ ကျွန်တော်တို့တစ်တွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်သွားကြမယ်ဆိုရင် သိပ်မကြာတဲ့အချိန်မှာ တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကျွန်တော်တို့မျှော်မှန်းတဲ့ နိုင်ငံသစ်ကိုရောက်မှာအသေအချာပဲဖြစ်ပါတယ်။
အလားတူပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဆူပူအကြမ်းဖက်မှု ကျူးလွန်နေကြသူများအနေနဲ့လည်း အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အပြစ်ကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့နဲ့ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးဆွေးနွေးညှိနှိုင်းအဖြေရှာပြီး စုစည်းညီညွတ်မှု အင်သစ်အားသစ်တွေနဲ့ နိုင်ငံသစ်ကို တက်ညီလက်ညီ တည်ဆောက်ကြပါစို့လို့ ဖိတ်ခေါ်လိုပါတယ်။
တစ်ဖက်ကလည်း နိုင်ငံရဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ကဏ္ဍအသီးသီးကို မြင့်မားလာစေဖို့နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ကို နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံမှာ စီးပွားရေးအင်အား မတောင့်တင်းရင်၊ နိုင်ငံမချမ်းသာရင် ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သလို ပြည်သူများရဲ့လူမှုစီးပွားဘဝဟာလည်း နိမ့်ကျနေမှာဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးဟာ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးအားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်အောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ရင် ကျွန်တော်တို့နိုင်ငံရဲ့ GDP ဟာ လွန်စွာနည်းပါးနေတာတွေ့ရပါတယ်။ အဓိကကတော့ ကုန်ထုတ်လုပ်မှု အားနည်းခြင်းဖြစ်ပါတယ်။ ကာလကြာရှည်စွာကုန်သွယ်မှုမှအပ (Non Trade) ဝင်ငွေကိုသာ အားကိုးခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ပို့ကုန်တိုးမြှင့်ရေး၊ တစ်နည်းအားဖြင့် ပြည်ပရောင်းတန်းဝင် ကုန်ထုတ်လုပ်မှုရှိမှ ပို့ကုန်ရမှာဖြစ်တဲ့အတွက် အဆင့်ရှိကုန်ထုတ်လုပ်မှုများ အားပေးဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း (Agro based Industry) ကို တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အချို့က ဒီခေတ်မှာ စက်မှုနိုင်ငံ ဘာလို့မသွားတာလဲလို့ ဝေဖန်ကြတာရှိပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေသူများဖြစ်ပြီး ၅၀ ရာခိုင်နှုန်းခန့်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်း၊ သစ်တောလုပ်ငန်းများမှာ အလုပ်လုပ်နေသူများ ဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ပြီး ပညာရေးစစ်တမ်းအရ ကျေးလက်ဒေသနေသူများက အားနည်းတာရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ဒါကြောင့် ကျေးလက်စီးပွားမြှင့်တင်ရေးကို မလွဲမသွေလုပ်ပေးရပါမယ်။ စက်မှုနိုင်ငံများပင်လျှင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ နိုင်ငံစီးပွား အထောက်အကူရအောင် အားပေးဆောင်ရွက်နေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
ကျွန်တော်တို့တာဝန်ယူစဉ်ကာလတစ်လျှောက်လုံး စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တွေကို အားပေးမြှင့်တင်ပြီး နှစ်စဉ်ဒေသအလိုက်နဲ့ နိုင်ငံတော်အဆင့် ပြပွဲပြိုင်ပွဲတွေလုပ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့တာဝန်ယူခဲ့တဲ့ (၅) နှစ်တာကာလအတွင်းမှာ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဒါ့ကြောင့် အခြေခံကောင်းများရရှိနေပြီဖြစ်တဲ့အတွက် အစိုးရသစ်ကာလမှာ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်မှုရအောင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် အခုအစိုးရသစ်မှာ စက်မှုဝန်ကြီးဌာနကို စက်မှုနဲ့အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလို့ ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်လို့ MSME ကဏ္ဍကို ဘက်ပေါင်းစုံကမြှင့်တင်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
စားရေရိက္ခာအတွက်အဓိကကျတဲ့ ဆန်စပါးကို လယ်မြေအားလုံးမှာ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြဖို့လည်းလိုပါတယ်။ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက တစ်ချိန်က ဒေသတွင်းမှာ ပြည်ပကိုဆန်စပါးတင်ပို့မှုမြင့်မားခဲ့တဲ့ အခြေအနေကို ပြန်လည်ရောက်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ မှာချင်ပါတယ်။ ထို့အတူ မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်မျှော်မှန်းပြီး ကြိုးစားလုပ်ဆောင်သွားဖို့လည်း တိုက်တွန်းပါတယ်။ နောက်တစ်ချက်ကတော့ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပဲပုတ်၊ နေကြာ စတာတွေကိုတိုးချဲ့စိုက်ပျိုးသွားကြဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံတွေစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်ပြည့်မီနိုင်တဲ့ အခြေအနေရှိနေပေမယ့်လည်း လက်တွေ့မှာတော့ ပြည်ပကစားအုံးဆီတွေကို နှစ်စဉ်နိုင်ငံခြားငွေ များစွာသုံးစွဲပြီး ဝယ်ယူတင်သွင်းနေရပါတယ်။ ပြည်တွင်းမှာ တကယ်လုပ်ရင် ဖြစ်နိုင်ပါလျက်နဲ့ ခုလိုနိုင်ငံခြားက တင်သွင်းနေရတာမျိုးဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။
ဒါ့ကြောင့် ဆီထွက်သီးနှံတွေထဲမှာ ပိုမိုအထောက်အကူပြုနိုင်တဲ့ ပဲပုတ်၊ နေကြာနဲ့ နှမ်း စိုက်ပျိုးရေးကို ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်သွားကြဖို့လည်း လိုအပ်ပါတယ်။ နှမ်း၊ နေကြာစိုက်ပျိုးရေးမှာ အထွက်နှုန်းတိုးဖို့ အထောက်အကူဖြစ်စေမယ့် ဝတ်မှုန်ကူးတဲ့ ပျားမွေးမြူရေးကိုပါ ယှဉ်တွဲလုပ်ဆောင်သွားကြမယ်ဆိုရင် ဝတ်မှုန်ကူးကောင်းပြီး အထွက်နှုန်းတိုးစေမှာလည်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပျားရည်ထုတ်လုပ်နိုင်ပြီး တောင်သူများအတွက် အကျိုးရှိစေနိုင်မှာဖြစ်လို့ ပျားမွေးမြူရေးကို ပူးတွဲလုပ်ဆောင်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
ဒါ့အပြင် စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ ရာဘာ၊ ဝါ၊ ဝါး စတာတွေကို တိုးချဲ့စိုက်ပျိုးကြဖို့လည်း လိုအပ်ပါတယ်။ ရာဘာကို ပြည်တွင်းမှာ အရည်အသွေးရှိရှိ ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားဝင်ငွေပိုမိုတိုးတက်ပြီး ပြည်တွင်းလိုအပ်ချက်သုံးကုန်များစွာကို လုံလောက်စေမှာဖြစ်ပါတယ်။ ရာဘာအခြေခံတဲ့ ကုန်ချောပစ္စည်းထုတ်လုပ်တဲ့ ဆိုင်ကယ်တာယာ၊ စက်ဘီးတာယာ၊ ကျွတ်၊ မိုးစီးဖိနပ်၊ အခြားလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရပါမယ်။ အလားတူ ကျွန်တော်တို့နိုင်ငံမှာ ဝါကိုအခြေခံတဲ့ စက်မှုလုပ်ငန်းဟာ အသေချာဆုံးနဲ့ အထိရောက်ဆုံးသောလုပ်ငန်း ဖြစ်ပါတယ်။ လူတို့အတွက် အဓိကလိုအပ်တဲ့ အဝတ်အစားကို ပြည်တွင်းဝါထုတ်လုပ်မှုက လုံလောက်မှုများစွာပေးနိုင်တဲ့ အခြေအနေရှိပေမယ့် ချည်၊ ချည်ထည်ထုတ်လုပ်ဖို့ လိုအပ်ချက်ရှိနေတာကြောင့် လက်တွေ့မှာ ချည်အမျိုးမျိုးကို ပြည်ပကတင်သွင်းနေရတာကလည်း မဖြစ်သင့်ပါဘူး။ ဝါစိုက်ဧက ၅၂၄,၀၀၀ ခန့်ရှိတာမို့ မျိုးကောင်းတဲ့ ချည်မျှင်ရှည်ဝါကို ထိထိရောက်ရောက်စိုက်ပျိုးပြီး ဝါကိုအခြေခံတဲ့ ဝါဂွမ်း၊ ချည်၊ ချည်ထည်လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နိုင်မယ်ဆိုရင် အကျိုးများစွာရှိမယ်ဆိုတာ ထောက်ပြမှာကြားလိုပါတယ်။
အလားတူ ဝါးကိုအခြေခံတဲ့ စက်မှုလုပ်ငန်းကိုလည်း အလေးထားလုပ်ဆောင်ကြဖို့လိုပါတယ်။ မြန်မာနိုင်ငံဟာ တစ်နှစ်ဝါးလုံးရေ သန်း ၃၀၀ ကျော်ထုတ်လုပ်သုံးစွဲနိုင်တယ်လို့ တွက်ချက်သိရှိရပါတယ်။ နှစ်စဉ် ပြည်ပမှစက္ကူမျိုးစုံ တန်ချိန် ၂ သိန်းမှ ၄ သိန်းအထိ တင်သွင်းနေရပြီး ၂၀၁၈ မှ ၂၀၂၅ အတွင်း စက္ကူတန်ချိန် ၂ သန်းကျော် တင်သွင်းခဲ့ရတဲ့အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ကျခံသုံးစွဲခဲ့ရပါတယ်။ ဒါကြောင့် စက္ကူထုတ်ရန် အဓိကကုန်ကြမ်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပေါက်ရောက်နေတဲ့ဝါးကို အကျိုးရှိစွာ အသုံးချနိုင်ဖို့လိုပါတယ်။ ဝါးဟာ စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သလို စက်မှုကုန်ကြမ်းဖြစ်တဲ့ ပျော့ဖတ်၊ ဝါးချည်မျှင် စတာတွေကိုပါ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ အနိမ့်ဆုံး ပျော့ဖတ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရပါမယ်။ အလားတူ ကော်ဖီဟာ ကမ္ဘာ့ဈေးကွက်ကြီးမားစွာ ရှိနေပါတယ်။ မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖျင်းအားဖြင့် ခွဲခြားပြောနေတဲ့ ကုန်းမြင့်ကော်ဖီ (Arabica)၊ မြေနိမ့်ကော်ဖီ (Robusta) ကောင်းစွာဖြစ်ထွန်းပါတယ်။ ဒါကြောင့် ကော်ဖီစိုက်ပျိုးရေးမှာလည်း မြေနိမ့်ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ နေရာဒေသအလိုက်ဖြစ်ထွန်းမယ့် ကော်ဖီစိုက်ပျိုးရေးကို အားပေးမြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီဟိုဠ်၊ သရက်၊ ဒူးရင်း၊ ထောပတ်များ စိုက်ပျိုးပြီးကုန်ချောတွေထွက်ရှိအောင် စိုက်ပျိုးနိုင်မယ်ဆိုရင် ပြည်ပအထိ တင်ပို့နိုင်မယ့်အနေအထားရှိနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဖို့အတွက် အဓိကကျတဲ့ မျိုး၊ မြေ၊ ရေ၊ နည်း စတဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းမြှင့်တင်ပြီး သိပ္ပံနည်းကျစိုက်ပျိုးရေးနဲ့ စက်မှုလယ်ယာစိုက်ပျိုးရေးစနစ်ကို ကူးပြောင်းကြဖို့လိုပါတယ်။ ခုချိန်မှာ တချို့နိုင်ငံတွေမှာ စိုက်ပျိုးရေးကို AI နဲ့ပေါင်းစပ်ပြီး ဆောင်ရွက်နေကြပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့လည်း မိရိုးဖလာစိုက်ပျိုးရေးကနေ စနစ်တကျစိုက်ပျိုးရေး၊ စက်မှုလယ်ယာစိုက်ပျိုးရေးကို ကူးပြောင်းမှသာ ပြည်တွင်းလိုအပ်ချက်ကို မြှင့်တင်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်နိုင်ဖို့အတွက်လည်း MSME လုပ်ငန်းတွေမှာ ပြည်တွင်းထုတ် စိုက်ပျိုးရေးစက်ကိရိယာတွေကို တီထွင်ထုတ်လုပ်နိုင်ဖို့ အားပေးဆောင်ရွက်လျက်ရှိနေပါတယ်။ စက်မှုလယ်ယာအတွက် စက်ပစ္စည်းတွေထုတ်လုပ်နိုင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားရတဲ့ ပြည်တွင်းရှိစက်ရုံတွေ ပြန်လည် လည်ပတ် နိုင်ဖို့လိုသလို နိုင်ငံပိုင်စက်ရုံတွေနဲ့ ပုဂ္ဂလိကစက်ရုံတွေကို တိုးချဲ့ထုတ်လုပ်နိုင်အောင် အားပေးမြှင့်တင်သွားကြရမှာလည်း ဖြစ်ပါတယ်။ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စီးပွားရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းမှာကြားလိုပါတယ်။
ကျွန်တော်အထက်မှာ ပြောခဲ့သလို အခြေအနေပေးသလောက်၊ ထုတ်လုပ်နိုင်သလောက် မထုတ်လုပ်နိုင်ကြလို့ ဒီနေ့ဝယ်လိုအားနဲ့ မမျှတတာဖြစ်နေပါတယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ အများစုကို ပြည်ပကတင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်နေတာလည်း ဖြစ်ပါတယ်။ အလားတူမွေးမြူရေးမှာလည်း ဥစားကြက်မွေးမြူရေး၊ အသားတိုးကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေးတွေမှာ မွေးမြူနေကြတဲ့အရေအတွက်နဲ့ စားသုံးသူဦးရေ အချိုးမမျှတတာတွေ တွေ့ရပါတယ်။
မိသားစုတိုင်း မိသားစုတိုင်း တစ်အိမ်ထောင်စားသုံးရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ကြဖို့ အားပေးဆောင်ရွက်သွားကြစေချင်ပါတယ်။ ရှေးယခင်ကတည်းကရှိခဲ့တဲ့ “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတဲ့စကားဟာ တကယ်လုပ်ကြရင် မိသားစုစားဝတ်နေရေးအဆင်ပြေသလို မြေကိုအကျိုးရှိအောင် အသုံးချတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာလည်း ရောက်မှာဖြစ်ပါတယ်။
တိရစ္ဆာန်အစားအစာနဲ့ပတ်သက်ရင်လည်း ပြည်တွင်းမှာ ဖွဲ၊ ဆန်ကွဲ၊ ပြောင်းတို့ဟာ နိုင်ငံအဝှမ်းမှာ ဖြစ်ထွန်းလျက်ရှိပြီး ပဲဖတ်၊ နှမ်းဖတ်နဲ့ ငါးခြောက်မှုန့် စတဲ့ကုန်ကြမ်းတွေကနေ များစွာထုတ်လုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ရောစပ်ဖို့လိုအပ်တဲ့ တိရစ္ဆာန်ဆေးဝါးလောက်သာ ပြည်ပကတင်သွင်းပြီး ကျန်တဲ့ကုန်ကြမ်းတွေကို ပြည်တွင်းက ထွက်ရှိတာတွေနဲ့ သုံးသွားမယ်ဆိုရင် များစွာအကျိုးရှိ အဆင်ပြေမှာလည်းဖြစ်ပါတယ်။
စိုက်ပျိုးမွေးမြူရေးဟာ ပြည်သူအားလုံးရဲ့ အခြေခံလိုအပ်ချက်ဖြစ်သလို နိုင်ငံ့စီးပွားရေးအတွက်လည်း အဓိကကျတာဖြစ်လို့ ကျွန်တော်အထက်က ပြောခဲ့တာတွေကို အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်ကြစေချင်ပါတယ်။ ခုထိရည်မှန်းချက် မအောင်မြင်သေးတာ၊ လိုအပ်ချက်တွေရှိနေတာဟာ ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင်နှုန်းလောက်ကလည်း စိုက်ပျိုးမွေးမြူရေးကို စနစ်တကျ သေသေချာချာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ မြို့နေလူထုဖြစ်တဲ့ ၃၀ ရာခိုင်နှုန်းလောက်ကလည်း ကုန်ထုတ်လုပ်ငန်းများမှာ ပံ့ပိုးဆောင်ရွက်မှုကို လုပ်သင့်သလောက် မလုပ်ကြလို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရသစ်အနေနဲ့ အထက်ကပြောခဲ့တာတွေကိုသုံးသပ်ပြီး စိုက်ပျိုး/မွေးမြူရေးပညာရှင်များ၊ ကျွမ်းကျင်သူများမွေးထုတ်ကာ လက်တွေ့မှာ ထိရောက်အောင်မြင်အောင် အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားကြဖို့ အလေးထား မှာကြားလိုပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့ဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့ လျှပ်စစ်မီးရရှိရေး၊ ရေကောင်းရေသန့်ရရှိရေး စတဲ့အခြေခံအဆောက်အအုံတွေ ပြည့်စုံလုံလောက်ဖို့လည်း လိုအပ်ပါတယ်။ လျှပ်စစ်ကဏ္ဍဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျပါတယ်။ ဒါ့ကြောင့် နိုင်ငံမှာ လိုအပ်နေသေးတဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထားလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲ့လိုလုပ်ဆောင်ရာမှာ ဆောင်ရွက်ဆဲစီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့လိုသလို အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရတဲ့၊ မလုပ်ဖြစ်သေးတဲ့ လျှပ်စစ်စီမံကိန်းတွေကိုလည်း ပြန်လည်သုံးသပ်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေတဲ့ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေနဲ့ လုပ်ဆောင်ကြဖို့လည်း လိုအပ်ပါတယ်။ အချို့မြစ်တွေမှာ မြေနိမ့်တမံတွေ တည်ဆောက်ပြီး ရေကိုထိန်းသိမ်းသိုလှောင်နိုင်မယ်ဆိုရင် စိုက်ပျိုးရေးကို အထောက်အကူပေးနိုင်တဲ့အပြင် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်လုပ်နိုင်မှာဖြစ်လို့ စဉ်းစားဆောင်ရွက်ကြဖို့လိုပါတယ်။
လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ဆိုလာဓာတ် အားပေးစနစ်ကိုလည်း ဆောင်ရွက်သွားကြဖို့လိုပါတယ်။ နိုင်ငံတော်တော်များများမှာ ဆိုလာစနစ်ဟာအောင်မြင်နေပြီ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့နိုင်ငံမှာ အများကြီး အားနည်းနေပါသေးတယ်။ မိမိတို့နိုင်ငံအလယ်ပိုင်းမှာ နေရောင်ခြည်ကို တစ်နှစ်မှာ ရက် (၃၀၀) လောက် ပြည့်ပြည့်ဝဝ ရရှိပါတယ်။ မိုးများတဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှာဆိုရင်တောင် ရက် (၂၅၀) ခန့် နေရောင်ခြည်ရနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်သုံးကအစ၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် မြစ်ရေတင်လုပ်ငန်းစတာတွေမှာ ဆိုလာဓာတ်အားပေးစနစ်ကို ပြောင်းလဲသုံးစွဲနိုင်ကြမယ်ဆိုရင် ဓာတ်အားလိုအပ်ချက်ကိုလည်း များစွာဖြည့်တင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မီးစက်တွေအတွက် ပြည်ပကတင်သွင်းနေရတဲ့ စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မှာဖြစ်ပါတယ်။
အလားတူ သယ်ယူပို့ဆောင်ရေးကဏ္ဍကိုမြှင့်တင်ပြီး ပြည်သူများ သွားလာမှုအဆင်ပြေစေဖို့နဲ့ ကုန်စည်စီးဆင်းမှုများလည်း မှန်ကန်မြန်ဆန်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကုန်စည်ပို့ဆောင်မှုအဆင်ပြေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မိမိတို့နိုင်ငံ အပါအဝင် နိုင်ငံတကာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လောင်စာဆီ၊ စက်သုံးဆီခြိုးခြံချွေတာရေးကိုလည်း ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်မှုများမှာ ရထားပို့ဆောင်ရေးကဏ္ဍကို ပိုမိုတိုးမြှင့်သုံးစွဲကြဖို့နဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံးနေတဲ့ ယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင် စီမံဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်။
ပို့ဆောင်ရေးကဏ္ဍမှာ များများတင်နိုင်ပြီး မြန်မြန်ပို့ဆောင်ပေးနိုင်မယ့် ကုန်ကျစရိတ်လည်းသက်သာစေတဲ့ မီးရထားကဏ္ဍကို မဖြစ်မနေမြှင့်တင်ကြရမှာဖြစ်ပါတယ်။ ရထားလမ်းများကို အဆင့်မြှင့်တင်ပေးကြဖို့ လိုသလိုစက်ခေါင်းများနဲ့ တွဲဆိုင်းများကိုလည်း ခေတ်မီအဆင့်မြင့်လာအောင် ပြောင်းလဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ စက်ခေါင်းများ၊ တွဲများမဖြစ်မနေ ကိုယ်တိုင်တည်ဆောက်ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ ခု စတင်ပြောင်းလဲ ဆောင်ရွက်နေပြီဖြစ်တဲ့ စက်သုံးဆီလောင်စာသုံး စက်ခေါင်းတွေအစား ဘက်ထရီအားသုံးနိုင်တဲ့ စက်ခေါင်းတွေသုံးစွဲနိုင်မယ်ဆိုရင် စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်မှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းပြီး မြန်ဆန်မှုကအစ အကျိုးပြုလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မီးရထားကဏ္ဍကို ပြည်သူတွေအတွက် သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွေမှာ ယခုထက် ပိုမိုထိရောက်အောင်၊ အကျိုးရှိအောင်၊ ပြည်သူက ယုံကြည်အားထားရတဲ့ ပို့ဆောင်ရေးဖြစ်အောင် ကြိုးစားမြှင့်တင်ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။
ကျွန်တော်တို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ဖို့အတွက် ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ ပညာရည်နိမ့်သူတွေ၊ ပညာမဲ့သူတွေ၊ အသိပညာနိမ့်ကျသူတွေနဲ့ နိုင်ငံကိုတည်ဆောက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့တာဝန်ယူခဲ့တဲ့ ကာလတစ်လျှောက်လုံး ပညာရေးကဏ္ဍကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားတည်ဆောက်ပေးနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ပညာရေးမြှင့်တင်မှုဟာ တစ်ခဏတာကိစ္စမဟုတ်ဘဲ အမြဲတမ်းဆောင်ရွက်နေရမယ့်ကိစ္စဖြစ်တာကြောင့် တစ်စိုက်မတ်မတ် အလေးထားဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးဟာ တစ်ချိန်က နိုင်ငံတကာအဆင့်မီခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပညာရေးကဏ္ဍနိမ့်ကျလာလို့ ဒါကိုပြန်လည် ဦးမော့လာဖို့၊ မြင့်တက်လာဖို့ ကြိုးစားဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။ လူငယ်များဟာ နိုင်ငံရဲ့အနာဂတ်၊ နိုင်ငံရဲ့အင်အား၊ နိုင်ငံကိုတည်ဆောက်မယ့်သူတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် လူငယ်ကဏ္ဍကိုလည်း မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ လူငယ်ကဏ္ဍ မြှင့်တင်ပေးဖို့ဆိုရင် မျိုးဆက်အလိုက် တိုးတက်ပြောင်းလဲအောင်လုပ်ရမှာဖြစ်လို့ အချိန်ယူရပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အစကတည်းက စနစ်တကျနဲ့ အခြေခံကောင်းဖို့လိုပါတယ်။
ပညာရေးမြှင့်တင်တယ်ဆိုရာမှာ စာတတ်ရုံ၊ အတန်းပညာတတ်ရုံ၊ တန်းစဉ်အောင်ပြီး ဘွဲ့ရရုံ၊ ဘာသာရပ်ကျွမ်းကျင်သူဖြစ်ရုံလောက်နဲ့ မလုံလောက်နိုင်ပါဘူး။ ဒါပေမယ့် စာတတ်ဖို့၊ ပညာသင်ကြားဖို့ကတော့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်၊ အဆင့်အတန်းအလိုက် ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ်၊ အယူအဆ၊ စဉ်းစားဆင်ခြင် သုံးသပ်မှုနဲ့ ဆင်ခြင်တုံတရား စတဲ့အသိပညာတွေပါ ပြည့်စုံမှ၊ တစ်နည်းအားဖြင့် အတတ်ပညာရော အသိပညာပါ ပြည့်စုံပြည့်ဝပါမှ ပညာတတ်တယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံနေရတဲ့ အခက်အခဲဟာ အတန်းပညာနည်းပါးသူတွေနဲ့ စာတတ်ကြသော်လည်းပဲ အသိဉာဏ်ပညာနဲ့ စဉ်းစားတွေးခေါ်မှု နိမ့်ပါးနေကြသူတွေကြောင့် ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ပညာရေးကဏ္ဍမှာ အခြေခံအဆင့်မှာပဲဖြစ်ဖြစ်၊ အဆင့်မြင့်ပညာမှာပဲဖြစ်ဖြစ် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” “စာကိုလည်းသင် လူကိုလည်းပြင်” ဆိုတဲ့စကားတွေနဲ့အညီ ကျောင်းသား ကျောင်းသူတွေကို အမှန်တကယ် ပညာပြည့်ဝအောင်၊ ဗလငါးတန် ထူးချွန်အောင်၊ လူကောင်းလူတော်တွေဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ အလေးထား မှာကြားလိုပါတယ်။
ပညာရေးမြှင့်တင်ဖို့ဆိုရင်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေဖို့နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကိုဆုံးခန်းတိုင် သင်ကြားကြစေဖို့ လိုအပ်ပါတယ်။ ပညာရည်နိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်း နိမ့်ကျနေမှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခြေခံပညာကဏ္ဍမှာ KG+9 အဆင့်ထိ အားလုံးသင်ယူနိုင်ကြဖို့ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကို မိဘများ၊ ဆရာများ အပါအဝင် တာဝန်ရှိသူများနဲ့ နိုင်ငံသားအားလုံးက သဘောပေါက်လက်ခံပြီး အောင်မြင်အောင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဆင့်မြင့်ပညာဆက်သင်ဖို့ အခက်အခဲရှိရင်လည်း Agro - based Industry ကို အထောက်အကူပြုနိုင်မယ့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး စတဲ့အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေကိုသင်ကြားတဲ့ အထက်တန်းကျောင်းတွေ ဖွင့်လှစ်ထားတာမို့ အထက်တန်းအဆင့်မှာ အသက်မွေးဝမ်းကျောင်းပညာကို သင်ယူနိုင်ကြမှာဖြစ်ပါတယ်။
အဲဒီလို KG+9 အထိ မဖြစ်မနေသင်ကြမယ်ဆိုရင်လည်း ကျောင်းတွေမှာ ကျောင်းသားဦးရေ များလာမှာဖြစ်တဲ့အလျောက် ကျောင်းသားဦးရေအလိုက် ကျောင်းစာသင်ခန်းတွေကို လိုအပ်ချက်နဲ့အညီ တိုးချဲ့တာ၊ ဆရာ ဆရာမတွေ ပြည့်စုံအောင်ခန့်အပ် ဖြည့်တင်းပေးကြရမှာဖြစ်ပါတယ်။ ကျောင်းနေပျော်ပြီး စာတော်ဖို့အတွက် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ဖို့နဲ့ ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေးပြည့်ဝဖို့လိုမှာဖြစ်ကြောင်း မှာကြားလိုပါတယ်။
ဒီနေ့ နိုင်ငံမှာ တွေ့ကြုံနေရတာက အများစုဟာ တည်ဆဲဥပဒေတွေကို နားလည်မှုနည်းပါးတာ၊ အလေးဂရုမပြုတာတွေကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းနေတာကို တွေ့ရှိရပါတယ်။ ပြည်သူအားလုံး ဥပဒေများကို သိရှိလိုက်နာမှသာ စည်းကမ်းပြည့်ဝပြီး အေးချမ်းသာယာကြမှာ ဖြစ်ပါတယ်။ ဥပဒေများကို သိရှိလိုက်နာတတ်ဖို့ ကျောင်းနေစဉ်ကတည်းက သင်ကြားလေ့ကျင့်ပေးကြရမှာ ဖြစ်ပါတယ်။ ပညာရေးအားနည်းရင် တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာလည်း အားနည်းလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံပညာကျောင်းတွေမှာ ဥပဒေအခြေခံတွေကို အထက်တန်းအဆင့်မှာ သင်ကြားပေးနေပြီး ပြည်နယ်/တိုင်း တက္ကသိုလ်အသီးသီးမှာ ဝိဇ္ဇာဘွဲ့ (ဥပဒေ) ပေးနိုင်တဲ့အထိ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိအခြေအနေမှာ တရားဥပဒေစိုးမိုးရေး အထိုက်အလျောက် တိုးတက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ရှေ့အစိုးရကာလသစ်မှာလည်း ပိုမိုထိရောက်အောင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
ပညာရေးနဲ့ပတ်သက်လို့ တစ်ချက်ဆက်လက်မှာကြားလိုတာက ကျောင်းမတက်မီ ရှေးဦးသူငယ်ဘဝတည်းက မူလတန်းစမတက်မီ မူကြိုတက်ခဲ့ကြတဲ့ကလေးတွေဟာ အခြေခံကောင်းကြတာကို တွေ့ရပါတယ်။ မူကြိုကျောင်းသားတိုင်းဟာ မူလတန်းတက် ကြပါတယ်။ ဒါပေမယ့် မူလတန်းကျောင်းသားတိုင်းကတော့ မူကြိုမတက်ခဲ့ကြရပါဘူး။ ဒီနှစ်ခု ကွာခြားချက်ကတော့ မူကြိုတက်ခဲ့တဲ့ကလေးတွေဟာ မူလတန်းကအစ ပညာရေးမှာ ပိုမိုပညာလိုလားကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် မူကြိုကျောင်းတွေမှာ လူငယ်ပြုစုပျိုးထောင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထားဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ထိရောက်တဲ့ မူကြိုကျောင်းတွေဖြစ်ဖို့နဲ့ Early Childhood Care and Development ဖြစ်တဲ့ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးကြဖို့လည်း မှာကြားလိုပါတယ်။ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြဖို့ အလေးထားမှာကြားလိုပါတယ်။
ပညာရေးနဲ့အတူ ကျန်းမာရေးကဏ္ဍကိုလည်း မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ကာလတစ်လျှောက် ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်မှုကိုလည်း ဘက်ပေါင်းစုံက ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို ဆက်လက်ပြီးတော့လည်း မြှင့်တင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပညာတွေတတ်တတ်၊ ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ ကျန်းမာရေးမကောင်းရင်၊ ကျန်းမာရေးချို့ယွင်းရင် ဘာမှမလုပ်နိုင်၊ မကိုင်နိုင်၊ အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပြည်သူအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးကို အလေးထားဆောင်ရွက်ပေးကြဖို့လည်း မှာကြား လိုပါတယ်။
တစ်ဆက်တည်းမှာပဲ ကျန်းမာရေးနဲ့ဆက်စပ်နေတဲ့ အားကစားကဏ္ဍမြှင့်တင်ရေးကိုလည်း အလေးထားမှာကြားလိုပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာ ကျဆင်းနေတဲ့အားကစားကဏ္ဍကို မြှင့်တင်ပေးဖို့လိုပါတယ်။ အားကစားဆိုတာ ကိုယ်လက်လှုပ်ရှားမှုကအစ ဝါသနာပါရာ ကစားနည်းတစ်ခုခုကို လေ့လာလေ့ကျင့်လိုက်စားတာဖြစ်တဲ့အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုတဲ့အပြင် စည်းကမ်း၊ စိတ်ဓာတ် စတာတွေ ကောင်းမွန်ခိုင်မာစေပါတယ်။ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်” ဆိုတဲ့ စကားနဲ့အညီ နိုင်ငံတကာမှာ အားကစားကိုအားပေးပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နေကြတာဖြစ်သလို အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ပေးကြပါလို့လည်း မှာကြားလိုပါတယ်။
ဆက်လက်မှာကြားလိုတာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျေးလက်ဒေသသန့်ရှင်းသာယာလှပရေး၊ မြို့ပြများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ မြို့တော်စည်ပင်သာယာရေးကော်မတီတွေရှိသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာလည်း စည်ပင်သာယာရေးဝန်ကြီးဌာနတွေ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ မြို့ရွာတွေကို အုပ်ချုပ်မှုလွယ်ကူပြီး သန့်ရှင်းသာယာလှပဖို့ စနစ်တကျ အကွက်ချ လုပ်ဆောင်သွားကြဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူတွေ အနားယူအပန်းဖြေနိုင်ဖို့နဲ့ အားကစား လေ့ကျင့်ခန်းတွေလုပ်နိုင်မယ့် ပန်းခြံ၊ အားကစားကွင်း၊ အပန်းဖြေနေရာ စတာတွေကိုလည်း စနစ်တကျ တည်ဆောက်ပေးသွားကြဖို့ လိုပါတယ်။
အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ယခုအခါမှာဆိုရင် ကမ္ဘာကြီးကပူနွေးလာပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်ခံစားနေရပါတယ်။ သစ်ပင်သစ်တောတွေ ပြုန်းတီးမှုကြောင့် အပူဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး အညာဒေသ တချို့မြို့တွေမှာ ယခုကတည်းက အပူချိန်တွေ တအားမြင့်တက်နေလို့ သက်ကြီးရွယ်အိုတွေ တော်တော်ထိခိုက်ခံစားနေကြရပါတယ်။ ဒါ့ကြောင့် လတ်တလောအပူဒဏ် ကာကွယ်နိုင်ဖို့ အပူရှောင်စခန်းတွေ စီမံပေးဖို့လိုသလို ရေရှည်အတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်ပင်စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။
ခုအချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူတွေလိုလားတဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်နေပါပြီ။ ဒီမိုကရေစီစာမျက်နှာသစ်၊ တစ်နည်းအားဖြင့်ပြောရရင် ဒုတိယစာမျက်နှာကို ရေးဆွဲကြဖို့ အစပြုနေကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့အကြားမှာ ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ နိုင်ငံ့အကျိုးကို ရှေးရှုဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။ တွေ့ကြုံလာရမယ့် အခက်အခဲမှန်သမျှကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ “အစကောင်းမှ အနှောင်းသေချာ” ဆိုသလို အတိတ်ကလို နောက်ကြောင်း ပြန်လှည့်သွားရတာမျိုးမဖြစ်အောင် အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။
ကျွန်တော်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကိုလည်း လုပ်ငန်းအတွေ့အကြုံရှိသူတွေ၊ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်နိုင်မယ့်သူတွေ၊ အမှန်တကယ် လုပ်နိုင်ကိုင်နိုင်ရှိသူတွေနဲ့ရွေးချယ်ပြီး ယုံယုံကြည်ကြည်နဲ့ အားကိုးအားထားပြု ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး “သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု” ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဗဟိုအဆင့်ကဏ္ဍဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ ဒေသဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ချို့ယွင်းအားနည်းမှုမရှိစေဘဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြဖို့လည်း မှာကြားလိုပါတယ်။
နောက်မဏ္ဍိုင်ကြီးတစ်ခုဖြစ်တဲ့ တရားစီရင်ရေးအပိုင်းကလည်း အမှုအခင်းများကို တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စီရင်ဆောင်ရွက်ပေးကြဖို့နဲ့ သမာသမတ်ကျကျ ဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်ပေးကြဖို့လည်း လိုအပ်ပါတယ်။ အပြစ်ရှိတဲ့သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပေးနိုင်ဖို့လိုသလို တစ်ဖက်ကလည်း ပြည်သူတွေကို ရသင့်ရထိုက်တဲ့ တရားဥပဒေအကာအကွယ်ရအောင်လည်း လုပ်ပေးကြရမှာဖြစ်ပါတယ်။ ပြည်သူကအားကိုးတဲ့ တရားရုံးတွေ၊ ပြည်သူကယုံကြည်လေးစားတဲ့ တရားသူကြီးတွေဖြစ်အောင် ကြိုးစားပေးကြပါလို့ မှာကြားလိုပါတယ်။ နိုင်ငံသားအားလုံးဟာ ဥပဒေနဲ့ပတ်သက်ရင် တန်းတူခံစားခွင့်ရရှိစေဖို့နဲ့ တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်တည်ကြည်ခိုင်မာအောင် တည်ဆောက်သွားကြဖို့လည်း လိုအပ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ အဂတိလိုက်စားမှုကင်းရှင်းအောင် ဆောင်ရွက်သွားကြဖို့လိုပါတယ်။ အဂတိလိုက်စားမှုဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေပြီး လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တနဲ့စိတ်ဓာတ်ကိုလည်း ပျက်စီးစေတာဖြစ်ပါတယ်။ သူများ မိုးခါးရေသောက်လို့ သောက်ရပါတယ်ဆိုရာကနေ တစ်စတစ်စအမြစ်တွယ်လာပြီး အကျင့်ပျက်ခြစားမှုတွေ များလာတာမျိုးမဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ အဓိက ကတော့ ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ နိုင်ငံ့ဝန်ထမ်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားပြည်သူအားလုံး စိတ်ထားမှန်ကန်ကြဖို့နဲ့ စိတ်ကောင်းစေတနာတွေရှိကြဖို့ Mindset တွေကို ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြား လိုပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်မှာ ကတိသစ္စာပြုထားကြတဲ့အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေသွားကြရမှာ ဖြစ်ပါတယ်။ ဒို့တာဝန် အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူအကျိုးကို အလေးထားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး လုပ်ငန်းတာဝန်တွေကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်ဆိုတာလည်း အလေးအနက်ထား မှာကြားလိုပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အခြေခံကောင်းကောင်းနဲ့ ခိုင်မာအားကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ အတိတ်က ကြုံတွေ့ခဲ့ရတာတွေကိုသင်ခန်းစာယူပြီး ချို့ယွင်းအားနည်းမှုနည်းနည်းနဲ့ ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို အောင်မြင်အောင်ဆက်လက်တည်ဆောက်သွားနိုင်ဖို့ မိမိတို့အားလုံး တက်ညီလက်ညီ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ -
- မိမိတို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ပြည်သူကပေးအပ်လာတဲ့ တာဝန်တွေကို သစ္စာရှိရှိ၊ ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြပါ၊
- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားကြပါ၊
- အတိတ်ကကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေကိုလေ့လာသုံးသပ်ပြီး နိုင်ငံနဲ့ပြည်သူ့အကျိုးကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြပါ၊
- ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ကဏ္ဍအသီးသီး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြပါ၊
- ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို ဦးတည်ချက်၊ ရည်မှန်းချက်များနဲ့အညီ စိတ်တူကိုယ်တူ အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Newspaper - 3496 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
