မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော် စတင်ကျင်းပ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ယူတစ်ခဲနက် ပါဝင်ဆင်နွှဲ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော် စတင်ကျင်းပ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ယူတစ်ခဲနက် ပါဝင်ဆင်နွှဲ
Ministry of Information/ Naypyitaw / November 03, 2025
နေပြည်တော် နိုဝင်ဘာ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ယနေ့ညနေပိုင်းမှစတင်၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ယူတစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
ကြည်နူးဖွယ်ရာ တွေ့မြင်ရ
ယနေ့သည် တန်ဆောင်တိုင်ပွဲတော်ကြီး၏ ပထမဆုံးရက်ဖြစ်သော်လည်း ဘုရားမုခ်ဦးအပြင် ကားရပ်နားဝင်းနေရာများ၌ နေပြည်တော်ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ များပြားလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင်အထွက်လမ်းကြောင်းများ ပိတ်ဆို့မှု မရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးကာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း မီးထွန်းပွဲတော်ကြီး၌ တပျော်တပါး ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကား လျက်ရှိသည်ကို ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။
လမ်းညွှန်ပြသပေး
ထို့ပြင် တာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော်လာ ဘုရားဖူးပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဘုရားမုခ်ဦးများရှေ့တွင် လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သံဃာတော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေး လွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျပို့ဆောင်ပေးကြကာ ပွဲတော်အတွင်း ကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့်နေရာများ၊ မီးပုံးပျံလွှတ်တင်ပူဇော်မည့်နေရာများ၊ ဈေးပွဲတော်နေရာများနှင့် အခြားသွားရောက်လေ့လာနိုင်မည့်နေရာများကိုလည်း အလွယ်တကူသွားရောက်နိုင်ရေးအတွက် လမ်းညွှန်ပြသပေးကြသည်။
ထို့နောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီးထွန်းညှိကပ်လှူပူဇော်ခြင်း၊ LED မီးများဖြင့် အလှဆင်ပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တရားဓမ္မအသံများဖြင့် ထုံးမွှမ်းလျက်ရှိသည်။
ပွဲတော်ကြီး၏ အနှစ်သာရဖြစ်သည့် မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်ပူဇော်မည့်နေရာ အသီးသီး၌လည်း ဘုရားဖူးလာပြည်သူများက ကြိုတင်စောင့်ဆိုင်းရောက်ရှိနေကြပြီး မီးပုံးပျံအောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် တာဝန်ရှိသူများ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အထူးစိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။
ထို့နောက် မီးပုံးပျံလွှတ်တင်၍ မြတ်စွာဘုရားရှင်အား ပူဇော်မည့်အချိန်တွင် တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်၊ သံချပ်တီးလုံးများဖြင့် တွဲဖက်၍ ဘုရားဝင်းအတွင်း သတ်မှတ်နေရာများအလိုက် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပူဇော်ခြင်းနှင့် မီးပုံးပျံအသေးများ၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများအား ကောင်းကင်ယံထက်သို့ အောင်မြင်စွာ လွှတ်တင်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများ၏ ကြည်နူးပီတိလက်ခုပ်သံများဖြင့် နေပြည်တော် တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့သည့်အပြင် တေးသံရှင်များ၏ တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကြူးရေးဖွဲ့ထားသည့် တေးသီချင်းများ သီဆိုဖျော်ဖြေမှုကြောင့်လည်း ပွဲတော်ကြီးကို ပိုမိုပြည့်စုံစေခဲ့သည်။
ယနေ့ညတွင် ဝန်ကြီးဌာနအလိုက် မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်ပွဲများအဖြစ် စိန်နားပန်မီးပုံးပျံ လွှတ်တင်ယှဉ်ပြိုင်မှုတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြသည်။
အလားတူ ညမီးကြီးမီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်မှုတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီတို့က မီးပုံးပျံများ အောင်မြင်စွာ လွှတ်တင်နိုင်မှုနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများကလည်း သတ်မှတ်နေရာအသီးသီး၌ မီးပုံးပျံငယ်များကို ပြိုင်တူလွှတ်တင်ခြင်းကြောင့် ကောင်းကင်ယံတွင် စိန်နားပန်နှင့် ညမီးကြီးမီးပုံးပျံကြီးများ၏အလှကို ပိုမိုပေါ်လွင်စေခဲ့သည်။
ထိုသို့ယှဉ်ပြိုင်နေစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများကလည်း ရှမ်းရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်တီးခတ်မှုများ၊ သံချပ်တီးလုံးများ၊ မြန်မာ့ရိုးရာဆင်အကများ၊ ဆီမီးခွက်ကိုင်ဆောင်ပူဇော်ခြင်းများနှင့်အတူ တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကြူးရေးဖွဲ့ ထားသည့် တေးသံသာများကြောင့်လည်း တန်ဆောင်တိုင်ညအလှကို ပိုမိုအသက်ဝင်စေခဲ့သည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများကိုလည်း လာရောက်ကြသည့် ဘုရားဖူးလာပြည်သူများ တစ်နှစ်တွင် တစ်ကြိမ်သာကြုံတွေ့ရမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်ယှဉ်တွဲ၍ ဖူးမြော်ကြည်ညိုလေ့လာနိုင်ခဲ့ကြသည်။
ဆက်လက်၍ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုလေ့လာကြသည့် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌ မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူး လာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်လာပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ဘုရားပရိဝုဏ်အတွင်း စနစ်တကျလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာပြည်သူများ ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ် လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးစောင့်ရှောက် မှုဆေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင်ည၏ အလှနှင့်ရသကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း - မျိုးဆက်သစ်
ဓာတ်ပုံ - ဖိုးပြည့်စုံ၊ သီဟ
Newspaper - 3337 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
