ယဉ်ကျေးမှုအစဉ်အလာတန်ဖိုးထား ကိုယ်ချင်းစာနာစိတ်ထားပွားများ


Ministry of Information/ Naypyitaw / April 13, 2025
image_latest


ယနေ့သည် မြန်မာ့ရိုးရာသင်္ကြန်အကြိုနေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁ ရက်နေ့မှ ၄ ရက်နေ့(၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့)အထိသည် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလဖြစ်သည်။ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရှေးအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း နိုင်ငံတစ်ဝန်းလုံး၌ ပျော်ရွှင်စွာကျင်းပလေ့ရှိသည်။ သို့သော် ယခု ၁၃၈၆ ခုနှစ် သင်္ကြန်ပွဲတော်တွင်မူ ယခင်နှစ်များနှင့်မတူ သတိပြုဆင်ခြင် ကျင်းပရမည့် အခြေအနေများရှိနေသည်ကို သတိမူရမည်ဖြစ်သည်။

ယခုနှစ်တွင် ငလျင်ဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့ရှိ မြို့ရွာများ၌ နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရာ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူအမြောက်အမြားရှိခဲ့သဖြင့် ပြည်သူများ စိုးရိမ်ပူဆွေးသောကရောက်နေသော အချိန်အခါဖြစ်သည်။ ထို့ကြောင့်ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ရိုးရာယဉ်ကျေးမှုလည်း မပျောက်ပျက်၊ အပျော်လွန်ကဲမှုလည်းမရှိစေဘဲ တည်ငြိမ်အေးချမ်းစွာ ပြုလုပ်ကြဖို့ လိုမည်ဖြစ်သည်။

ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်က အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်)အဖြစ် ကျင်းပမည်ဖြစ်၍ လမ်းလျှောက်သင်္ကြန်ကိုလည်း အေးသင်္ကြန်အဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။ နေပြည်တော်လမ်းလျှောက် သင်္ကြန်အဖြစ် ကျင်းပမည့်ဧရိယာအတွင်း ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များတည်ဆောက်ထားသည်။ ယခုနှစ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အား ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုကျင်းပမည်ဖြစ်သည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့်သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ နေ့စဉ်နံနက်/ညနေပိုင်းတွင် စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆနွင်းမကင်း၊ ရွှေကြည်၊ သာဂူကျို၊ အုန်းနို့ကျောက်ကျောစသည်တို့ကို ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်း စသည့်ကဏ္ဍများသာပါဝင်မည်ဖြစ်သည်။ အခြားအရပ်ဒေသများတွင်လည်း အလားတူယဉ်ကျေးမှုအစဉ်အလာများ ပြုလုပ်ခြင်းဖြင့် ငလျင်ဒဏ်ခံစားရသည့် ပြည်သူများအား စာနာထောက်ထားအလေးထားကြရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် ငလျင်ဒဏ်ထိခိုက်ခံစားရသူများအပေါ် နားလည်စာနာမှုများ ထားရှိကြရမည်ဖြစ်သည်။ မထိခိုက်သောပြည်သူများအနေဖြင့် အပျော်များဖြင့် တက်ကြွမြူးထူးမနေဘဲ ​ အေးချမ်းတည်ငြိမ်စွာ ရိုးရာအစဉ်အလာကို ထိန်းသိမ်းသွားကြလိမ့်မည်ဟု ယုံကြည်သည်။ သင်္ကြန်မတိုင်မီက ဖြစ်ပေါ်ခဲ့သည့် အနိဋ္ဌာရုံအဖြစ်ဆိုးများကို ဆင်ခြင်သံဝေဂယူပြီး သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလတွင် ကောင်းသောအမှုများကို ပွားများပြုလုပ်သင့်သည်။ ဘုရား၊ ကျောင်း၊ ကန်နှင့် နေအိမ်အဆောက်အအုံများတွင် အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပွားများခြင်း၊ မေတ္တာပို့အမျှအတန်းပေးဝေခြင်း၊ သတ္တဝါများအား အသက်လွှတ်ဘေးမဲ့ပေးခြင်း၊ အလှူအတန်းများပြုလုပ်ခြင်း၊ တရားဘာဝနာများ ပွားများအားထုတ်ခြင်း စသည်တို့ကို ပြုလုပ်ထိုက်ကြပေသည်။

သို့သော် လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတတ်ကြသဖြင့် မြန်မာ့ရိုးရာသင်္ကြန်ကာလတွင် မြို့ကြီးပြကြီးများတွင် မူးယစ်သောက်စားပြီး ယာဉ်မောင်းခြင်း၊ အပျော်လွန်ကြူးစည်းကမ်းမဲ့မောင်းနှင်ခြင်း၊ အိတ်ဇောပိုက်ဖြုတ်၍ မောင်းနှင်ခြင်း၊ ယာဉ် နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်း၊ နံပါတ်အတုနှင့်အခြားယာဉ်နံပါတ်များတပ်၍ မောင်းနှင်ခြင်း၊ ယာဉ်တံခါးနှင့်နောက်ဖုံးဖြုတ်၍ မောင်းနှင်ခြင်း၊ ယာဉ်မောင်းလိုင်စင်နှင့် ဝှီးတက်မပါဘဲ မောင်းနှင်ခြင်း၊ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများ၊ မှတ်ပုံမတင်ရသေးသောယာဉ်နှင့် ပြုပြင်ဆဲယာဉ်များဖြင့် မောင်းနှင်ခြင်း၊ အလံများကို ယာဉ်တွင်တပ်ဆင်မောင်းနှင်ခြင်း၊ စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်နှင့် ဘေးတွဲယာဉ်များမောင်းနှင်ခြင်း၊ သတ်မှတ်ထားသော ဝန်အလေးချိန်ထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်း စသည်တို့ကို ရှောင်ရှားကြရန်လိုမည်ဖြစ်သည်။

အထူးသဖြင့် မဟာသင်္ကြန်ကာလတွင် အရက်သေစာများသောက်စားပြီး မူးယစ်ရမ်းကားမှုများကို ရှောင်ရှားကြရန်လိုမည်ဖြစ်သည်။ အရက်သေစာသောက်စား ရမ်းကားခြင်းအပါအဝင် သက်ဆိုင်ရာက သတိပေးထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်လျှင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူခြင်းခံရမည်ကို သတိပြုရမည်ဖြစ်သည်။ သို့သော် ယခုနှစ် မဟာသင်္ကြန်ကာလသည် ယခင်နှစ်များနှင့်မတူသည့် ပြည်သူအချင်းချင်း စာနာထောက်ထားမေတ္တာထားရမည့် အကြောင်းများရှိနေသဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို တန်ဖိုးထားရမည်ဖြစ်သကဲ့သို့ ကိုယ်ချင်းစာနာစိတ်ထားများဖြင့် ကောင်းသောအမှုများ ပြုလုပ်ပွားများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3134 items

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download