ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / May 24, 2025

ရန်ကုန် မေ ၂၃
ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တာဝန်ရှိသူများတက်ရောက်
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်ရုံပိုင်ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါကြောင့် ရပ်နားခဲ့ရသည့် ရုပ်ရှင်ပြသရေးလုပ်ငန်းများကို ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလတွင်လည်း ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို နိုင်ငံတော်က ပံ့ပိုးကူညီကျင်းပပေးခဲ့ပြီး ရုပ်ရှင်တစ်သက်တာဆုများကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း။
ဤသို့ ကျင်းပပေးခဲ့သည်ကိုကြည့်လျှင် နိုင်ငံတော်အကြီးအကဲက ရုပ်ရှင်အနုပညာလုပ်ငန်းများအပေါ် မည်မျှအလေးထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အချို့အနုပညာရှင်များအနေဖြင့် မိမိတို့၏ အနုပညာလုပ်ငန်းများကို လုပ်ဆောင်ရမည့်အစား ပါတီနိုင်ငံရေးလုပ်ငန်းများတွင် လွဲမှားစွာ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်တွင် မဖြစ်သင့်မဖြစ်ထိုက်သည်များ ဖြစ်ပွားခဲ့ရကြောင်း၊ ရုပ်ရှင်ရုံများသည် ပြည်သူများအပန်းဖြေသည့်နေရာ၊ စုဝေးသည့်နေရာများဖြစ်သဖြင့် နိုင်ငံတော်အစိုးရက ပြည်သူလူထုထံ တင်ပြလိုသည့်အချက်များ၊ အသိပေးလိုသည့်အချက်များကိုလည်း ပြသပေးရန် လိုအပ်ပါကြောင်း၊ အနုပညာရှင်များအနေဖြင့် ပြည်သူများကို ပျော်ရွှင်မှုပေးရမည်ဖြစ်သကဲ့သို့ အသိပညာဗဟုသုတများပေးအပ်၍ မှန်ကန်သည့်လမ်းကြောင်းသို့ ရောက်ရှိအောင် လမ်းပြပေးကြရမည်ဖြစ်ကြောင်း၊ ရုပ်ရှင်ရုံများတွင် ပြသမှုအဆင်ပြေစေရေးအတွက် နိုင်ငံခြားဇာတ်ကားများကို မြန်မာစာတန်းထိုးပြသခွင့်အား အချိန်ကာလကန့်သတ်၍ ပြသခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားများရုံတင်ပြသခြင်းနှင့်ပတ်သက်၍ ဆင်ဆာကြည့်ရှုခွင့်ပြုပေးခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပြီး ဇာတ်ကားများ ရုံတင်ပြသရန်ကိစ္စကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်ရုံပိုင်ရှင်များ၊ ထုတ်လုပ်သူများကသာ ညှိနှိုင်းရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ထုတ်လုပ်သူများအနေဖြင့် အရည်အသွေးကောင်းသည့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးပေးရန်နှင့် ရုပ်ရှင်ရုံပိုင်ရှင်များအနေဖြင့်လည်း ဈေးကွက်အရ ဝင်ငွေကောင်းသည့် ဇာတ်ကားများကိုသာမက အနုပညာအရကောင်းမွန်သည့် ရုပ်ရှင်ဇာတ်ကားများကိုလည်း ရွေးချယ်ပြသပေးရန် လိုအပ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် Win-Win Situation ကို မြော်မြင် တွေးဆဆောင်ရွက်ပေးရန်နှင့် ရုံတင်ရန်ကျန်ရှိသည့် ဇာတ်ကားများကို မည်သို့ရုံတင်ပြသကြမည်ဆိုသည်ကို ရုပ်ရှင်ရုံပိုင်ရှင်များနှင့် ထုတ်လုပ်သူများက နားလည်မှု၊ စာနာမှု၊ ယုံကြည်မှုများထားပြီး ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
အမှာစကားပြောကြား
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ရုပ်ရှင်ရုံပိုင်ရှင်များက ရုပ်ရှင်ဇာတ်ကားများရုံတင်ပြသရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး MRTV သို့ လေ့လာရေးရောက်ရှိလာသော GTI(အင်းစိန်)မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ ရိုက်ကူးရေးဆောင်ရွက်နေမှုများ၊ အသံသွင်းနေမှုနှင့် တီးခတ်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio-1 တွင် TTC ကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုံ့ဆော်ရေးတေးသီချင်းဖြစ်သည့် “တို့ကျောင်းတော်” သီချင်းသီဆိုရိုက်ကူးရေး ဆောင်ရွက်နေမှုနှင့် “သင်္ကြန်မိုး” တေးသီချင်းသီဆိုရိုက်ကူးရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများပေးအပ်သည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio-D ၌ မေ ၃၀ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်မည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲတွင် ဖျော်ဖြေတင်ဆက်မည့် အနုပညာရှင်များ၏ အဖွင့်ဂုဏ်ပြုသီချင်း “ပြန်လည်ထူထောင်ရေး” တေးသီချင်း သီဆိုအသံသွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများပေးအပ်သည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio-E ၌ မြန်မာ့အသံဆိုင်းဝိုင်းကြီး သီဆိုလေ့ကျင့်နေမှုနှင့် Studio - B တွင် နိုင်ငံတော်သံစုံတီးဝိုင်း သီဆိုလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများ ပေးအပ်သည်။
သတင်းစဉ်
Newspaper - 3172 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download