လူကုန်ကူးမှုတိုက်ဖျက်ရေး အမျိုးသားရေးတာဝန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်
လူကုန်ကူးမှုတိုက်ဖျက်ရေး အမျိုးသားရေးတာဝန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်
Ministry of Information/ Naypyitaw / November 05, 2024
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မန္တလေး)သည် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ် တပ်ဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက ပြည်ပထွက်ခွာမှုများအား ပူးပေါင်းစစ်ဆေးစဉ် ထိုင်းနိုင်ငံလေဆိပ်သို့ ထွက်ခွာမည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အမျိုးသမီးငယ် သုံးဦးကို မသင်္ကာဖွယ်တွေ့ရှိ၍ ခေါ်ယူစစ်ဆေးခဲ့ရာ အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက်ကို အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူ များဖြစ်ကြောင်းနှင့် ၎င်းတို့ကဲ့သို့ စည်းရုံးခံထားရသူ အမျိုးသမီး ၁၁ ဦးကို မန္တလေးမြို့တွင် စုစည်းထိန်းချုပ်ထားကြောင်းသိရပြီး ဂိုဏ်းဖွဲ့ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
လူကုန်ကူးဂိုဏ်းများသည် လူမှုကွန်ရက်ပလက်ဖောင်းများကို အသုံးပြု၍ မသိနားမလည်သူများ၊ အသိပညာဗဟုသုတနည်းပါးသူများ၊ အထူးသဖြင့် ငွေကြေးအခက်အခဲရှိသော မိန်းကလေးများကို ပစ်မှတ်ထားစုဆောင်းလေ့ရှိသည်။ ပြည်တွင်းမှ အလုပ်အကိုင်အခွင့်အလမ်းရရှိလိုသူများ၊ မက်မောလောက်သည့်လစာ သို့မဟုတ် ငွေကြေးများရရှိလိုသူများအား မက်လုံးပေး စည်းရုံးလိမ်လည်ခေါ်ဆောင်ပြီး သားကောင်အဖြစ် ထောင်ဖမ်းလေ့ရှိသည်။ ထိုသို့သောအခြေအနေများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက အကြိမ်ကြိမ်အသိပေးနှိုးဆော်ခြင်း၊ သတိပေးခြင်းများ ပြုလုပ်လျက်ရှိသော်လည်း မိမိတို့၏လိုအင်ဆန္ဒများကို ရှေ့တန်းတင်လိုမှုကြောင့် သားကောင်ဘဝသို့ ကျရောက်သွားသော လူကုန်ကူးခံရသူများကို မကြာခဏ တွေ့မြင်ကြားသိ နေရသည်။
လူကုန်ကူးမှုပြဿနာသည် မဖွံ့ဖြိုးသေးသောနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသော်လည်း အမေရိကန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်လည်း ဖြစ်ပွားလျက်ရှိသည်ကို ကြားသိနေရသည်။ ကမ္ဘာပေါ်ရှိ ဒုစရိုက်လုပ်ငန်းများအနက် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုနှင့် လက်နက်မှောင်ခိုမှုလုပ်ငန်း များပြီးလျှင် လူကုန်ကူးမှုသည် တတိယမြောက် ဝင်ငွေအကောင်းဆုံး ဒုစရိုက်လုပ်ငန်းဖြစ်သည်ဟု ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများက သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးဖြစ်သည့် အွန်လိုင်းလိမ်လည်မှုများတွင် ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လိမ်လည်ခြင်းနှင့် ငွေကြေးရလိုမှုကြောင့်ဖြစ်ပေါ်လာသည့် လူကုန်ကူးခံရမှုများသည် အများဆုံး ဖြစ်နေသည်ကိုတွေ့ရသည်။ အဆိုပါလိမ်လည်မှုများတွင် ပြည်တွင်းရှိ နိုင်ငံသားများ သာမက ပြည်ပနိုင်ငံသားများပါ ပါဝင်ပတ်သက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် လူကုန်ကူးမှု၊ အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှုများကို ပြည်တွင်း၌သာမက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပါ လက်တွဲပူးပေါင်း တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။
ယခုဖော်ထုတ်ဖမ်းဆီးရမိသော လူကုန်ကူးမှုဖြစ်စဉ်တွင် မြန်မာအမျိုးသမီးငယ်များမှာ ၎င်းတို့၏ဘဝရပ်တည်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ငွေကြေးရရှိရေးအတွက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ချိတ်ဆက်ရှာဖွေရာမှ တရုတ်မယားပြုလုပ်ရန် စည်းရုံးသိမ်းသွင်းခံရသူများဖြစ်သည်။ တရုတ်မယားအဖြစ် လူကုန်ကူးခံရသည့်ဖြစ်စဉ်များ ယခင်ကလည်းဖြစ်ပေါ်ခဲ့သည်။ ထိုစဉ်က လူကုန်ကူးသည့် လမ်းကြောင်းသည် ပြည်တွင်းမှ မိန်းကလေးငယ်များကို ချိတ်ဆက်ကာ နယ်စပ်ဒေသမှတစ်ဆင့် စည်းရုံးခေါ်ဆောင်ခဲ့ရာမှ ယခုအခါပြည်တွင်းရှိ မြို့ကြီးတွင် လာရောက်အခြေချပြီး စည်းရုံးခံရသူ အမျိုးသမီးငယ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် လက်ထပ်ဗီဇာပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပြီး လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသည် လူကုန်ကူးမှုတိုက်ဖျက်ရေး စတုတ္ထငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။ လူကုန်ကူးခံရသည့် အဓိကအကြောင်းရင်းများတွင် သတင်းမှားများဖြင့် လိမ်လည်လှည့်ဖြားခံရခြင်းသည် အဓိကတူညီနေသောအချက်ဖြစ်သည်။ ယခင်က လူအချင်းချင်းတွေ့ဆုံပြီး လိမ်လည်လှည့်ဖြားကာ သားကောင်အဖြစ် သိမ်းသွင်းသည့်အခြေအနေမှ ယခု လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ လူကုန်ကူးဂိုဏ်းများဖွဲ့ပြီး သားကောင်ဖြစ်သည့် မိန်းကလေးငယ်များကို ရှာဖွေနေသည့်အခြေအနေများရှိလာရာ ငွေကြေးအခွင့်အရေးကို မြော်တွေးသည့် မိန်းကလေးငယ်များအနေဖြင့် အထူးသတိပြုကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ အန္တရာယ်ကြီးမားလာသည့် လူကုန်ကူးမှုပြဿနာများ လျော့နည်းပပျောက်စေရန်အတွက် နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်ဖြင့် တားဆီးနှိမ်နင်းလျက်ရှိရာ ပြည်သူများအနေဖြင့် ငွေကြေးရလိုမှု ဆန္ဒတစ်ခုတည်းဖြင့် လူကုန်ကူးသားကောင်ဘဝသို့ မရောက်ရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စဉ်ဆက်မပြတ် အသိပေး၊ သတိပေးနှိုးဆော်ချက်များကို အလေးထား မှတ်သားလိုက်နာပြီး လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာများတိုးပွားအောင် ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးမှုလျော့ပါးကင်းဝေးအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 2973 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်၊ နိုဝင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်၊ နိုဝင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်၊ နိုဝင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download