အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် သားစဉ်မြေးဆက်တို့၏ သဘောထားအမြင်များ


Ministry of Information/ Naypyitaw / July 20, 2025
image_latest


ဦးရဲအောင်သန်း

မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးမုခ်ဦးတံခါးဝရောက်ခါနီးချိန်ခါမှ မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ ကြေကွဲဝမ်းနည်းဖွယ်ရာ ကျဆုံးခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၇၈ နှစ်တိုင်ခဲ့ချေပြီ။

သို့သော် မျိုးဆက်အလီလီက ယနေ့တိုင်မေ့မရနိုင်။ အထူးသဖြင့် နှစ်စဉ်အာဇာနည်နေ့ရောက်လေတိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးတရားကို မျိုးဆက် အလီလီက အောက်မေ့သတိရလျက်ရှိကြသည်။

အာဇာနည်ခေါင်းဆောင်ကြီးများ၏ သားစဉ်မြေးဆက်မိသားစုဝင်များကလည်း လွမ်းဆွတ်အောက်မေ့သတိရသည့်နည်းတူ တစ်ဖက်ကလည်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးဆက်များအဖြစ် ဂုဏ်ယူမဆုံးရှိကြသည်။

ယနေ့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသူ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်မြေးတစ်ဦးလည်းဖြစ်၊ ဗိုလ်ချုပ်၏ အစ်ကိုဦးအောင်သန်း၏ မြေး လည်းဖြစ်သူ ဦးရဲအောင်သန်းက “(၇၈) နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လာရောက်ဂါရဝပြုရတဲ့အတွက် ဝမ်းသာပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးပြီးယူပေးခဲ့တဲ့ လွတ်လပ်ရေးကို မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်ချမှတ် ထားတဲ့လမ်းစဉ်အတိုင်း သွားစေ ချင်ပါတယ်”ဟု ပြောသည်။

မြေးချွေးမတော်စပ်သူ ဒေါ်ဇင်ဇင်ဦးကလည်း “အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်ဖြစ်ရတဲ့အတွက်ရယ်၊ အခုလိုလာရောက် ဂါရဝပြုရတဲ့အတွက် ဂုဏ်ယူရပါတယ်။ ယနေ့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကဲ့သို့ တိုင်းပြည်နဲ့လူမျိုးကိုချစ်မြတ်နိုးပြီး နိုင်ငံ့အပေါ်ချစ်တဲ့စိတ်ဓာတ်နဲ့ အမူအကျင့်တွေကိုလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားစေချင်ပါတယ်”ဟု ပြောသည်။

မျိုးဆက်ကွာဟမှုများ ရှိသော်ငြားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြ၏မြစ်တော်စပ်သူ မရှိန်းမြသံဇဉ်မေက အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ၏ မြစ်တစ်ယောက်အနေဖြင့် ဆွေမျိုးဖြစ်ရသည်ကို ဂုဏ်ယူမိပါကြောင်းဆိုသည်။

“အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ နိုင်ငံ့အတွက်လုပ်ဆောင်ချက်တွေကို သမီးတို့ဘိုးဘိုးကပြောပြခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့အကြောင်းကို ကျောင်းသင်ခန်းစာ၊ သမိုင်းဘာသာရပ်မှာလည်းသင်ရတဲ့အတွက် မေ့နိုင်စရာအကြောင်းမရှိပါဘူး။ အမြဲတမ်း အမှတ်ရ ဂုဏ်ယူလေးစားနေရပါတယ်။ သမီးတို့မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ထက်မြက်တဲ့အရည်အချင်းတွေကို အတုယူသင့်ပါတယ်” ဟုပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မြစ်တော်စပ်သူ မစဝ်သိမ့်ကြာဖြူက “သမီးငယ်ငယ်က အဘိုးရဲ့အကြောင်းကို အဘိုးက ပုံပြင်အနေနဲ့ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ပြောပြဖူးတယ်။ အဘိုးအတွက် သမီးတို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အဘိုးနဲ့အတူ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သမီးတို့လူငယ်တွေက လေးစားသမှုပြုရမယ်။ ဘာလို့လဲဆို လွတ်လပ်ရေးကိုရအောင်ယူပေးခဲ့လို့၊ ဒါကြောင့် လေးစားသင့်တယ်၊ တန်ဖိုးထားသင့်တယ်”ဟု ဆိုသည်။

အာဇာနည်ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ မြေးချွေးမတော်စပ်သူ ဒေါ်မြင့်မြင့်သန်းက နိုင်ငံတော်အတွက် အသက်ပေးသွားခဲ့သည့် အဘိုးအတွက် ဂုဏ်ယူပါကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကို မျိုးဆက်သစ်လူငယ်များကလည်း ရိုသေလေးစားကြကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကောင်းမြတ်သည့် အမွေအနှစ်များကို လက်ဆင့်ကမ်း သယ်ဆောင်သွားကြဖို့ အကြံပြုချင်ကြောင်းပြောကြားသည်။ 

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏သမီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်က “ကျွန်မကတော့ နိုင်ငံ့တာဝန်ကို နှစ် ၄၀ ကျော် ထမ်းဆောင်ခဲ့ပြီးပါပြီ။ အခုလည်း နိုင်ငံတော်က အခါအားလျော်စွာပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နေပါတယ်။ ကျွန်မလိုပဲ နိုင်ငံသူနိုင်ငံသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျရာတာဝန်ကို ထမ်းဆောင်ကြမယ်ဆိုရင် လွတ်လပ်တဲ့နိုင်ငံတင်မကဘူး ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မသုံးနှစ်သမီးအရွယ်ကတည်းက ကျွန်မရဲ့ဖခင်က ကျဆုံးသွားခဲ့တာကြောင့် ကျွန်မရဲ့ဖခင်ဖြစ်သူကိုမမီခဲ့ပါဘူး။ ဖခင်ဖြစ်သူရဲ့ အကြောင်းအရာတွေကို မိခင်ဖြစ်သူရဲ့ ပြောကြားချက်တွေနဲ့ စာအုပ်စာပေတွေကနေလေ့လာ ဖတ်ရှုသိခဲ့ရပါတယ်” ဟုဆိုသည်။

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးတော်စပ်သူ ဦးညီညီဆွေခိုင်က “အာဇာနည် ခေါင်းဆောင်ကြီး​တွေကို တစ်နှစ်တစ်ခါမှ သတိရတာထက်စာရင် သူတို့ရဲ့ တိုင်းပြည်အပေါ်ထားတဲ့စိတ်ဓာတ်၊ တိုင်းပြည်ကောင်းအောင် ကြိုးစားခဲ့တဲ့စိတ်ဓာတ်၊ စေတနာတို့ကို တိုင်းပြည်တိုးတက်စေဖို့ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ထင်မြင်ပါကြောင်း” ‌ပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးတော်စပ်သူ ဒေါ်နန့်စိုးစိုးခိုင်က “ကျွန်မတို့မိသားစုတွေက ချစ်ခြင်းမေတ္တာနဲ့တည်ဆောက်ပါတယ်။ အဘိုးရှိစဉ်က အဘိုးရဲ့အကြောင်းကို စာတွေမှာ ကရင်-ဗမာချစ်ကြည်စည်းလုံးညီညွတ်ရေး ဗိသုကာကြီးဆိုပြီး ခေါင်းစဉ်တပ်ရေးထားတဲ့ စာတွေမှာဖတ်ဖူးပါတယ်။ ဆက်ပြီးတော့ အရာရာတိုင်းကို ချစ်ခြင်းမေတ္တာနဲ့တည်ဆောက်ပြီး ကျော်ဖြတ်ဖို့လိုပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိတာကြောင့် ဘာပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာကို တည်ဆောက်ပြီးသွား မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ် လို့လည်း ယုံကြည်ပါတယ်”ဟု ဆိုသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးအုန်းမောင်၏သားဖြစ်သူ ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒအငြိမ်းစားပါမောက္ခဌာနမှူးဒေါက်တာမင်းမြင့်က “အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ဘဝကတည်းက ကျဆုံးချိန်အထိ ကျင့်သုံးခဲ့တာ​တွေကို မျိုးဆက်သစ်​တွေအနေနဲ့ လေ့လာဖို့လိုပါတယ်”ဟု ဆိုသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးအုန်းမောင်၏ မြေးများဖြစ်သူ ဒေါက်တာကျော်သက်အောင်နှင့် ဒေါက်တာကျော်ထက်အောင်တို့ကလည်း “ကျွန်တော်တို့ငယ်စဉ် အဘွားရှိစဉ်ကဆိုရင် အာဇာနည် ခေါင်းဆောင်ကြီးတွေ တစ်ဦးတစ်ယောက်ချင်းစီက ဘယ်လိုစွမ်းဆောင်ခဲ့တယ်ဆိုတာတွေ၊ သူတို့ရဲ့အရည်အချင်းတွေကို ပြောပြခဲ့လို့သိရှိခဲ့ရပါတယ်။ ဂုဏ်ယူလေးစားစရာကောင်းပါတယ်။ လူငယ်တွေမှာလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေလို နိုင်ငံကောင်းဖို့၊ နိုင်ငံတိုးတက်ဖို့ စွမ်းဆောင်ရည်ရှိတဲ့စိတ်တွေကို မျိုးဆက်သစ်တွေ ဆက်လက် ထိန်းသိမ်းဖို့လိုပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေလို အသက်ငယ်ငယ်နဲ့နိုင်ငံ့အရေးစွမ်းဆောင် နိုင်ခဲ့တာတွေကို လူငယ်တွေမြင်ဖို့၊ ကြိုးစားဖို့လိုပါတယ်”ဟုဆိုသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ မြေးတော်စပ်သူဦးသန့်ဇင်ချိုက “မျိုးဆက်သစ်တွေအနေနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုတာ ပထမဆုံးငြိမ်းချမ်းရေးရပြီးမှသာ တိုင်းပြည်တိုးတက်နိုင်မယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွလက်တွဲပြီး တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်နိုင်ဖို့အားလုံး ကြိုးစားကြစေချင်ပါတယ်။ အဘိုးက စာပေဘက်ရော၊ ဂီတဘက်မှာပါ နှံ့နှံ့စပ်စပ်သိတဲ့ပုဂ္ဂိုလ်ပါ။ ကျွန်တော်တို့အနေနဲ့အဘိုးကို မမီပေမယ့် အဘိုးရဲ့စာပေနဲ့ဂီတပိုင်းဆိုင်ရာ ရေးတဲ့စာအုပ်တွေကို မပျောက် မပျက်အောင်ထိန်းသိမ်းပြီး နောင်မျိုးဆက်တွေအတွက် လက်ဆင့်ကမ်းပြီး ယဉ်ကျေးမှုတက္ကသိုလ်တွေကို စာအုပ်စာစောင်တွေ လှူဒါန်းတာမျိုး ဆောင်ရွက်ခဲ့ပါတယ်။ လူမျိုးတစ်မျိုးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု ဆိုတာရှိတယ်။ ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်မျိုးရဲ့ အထိမ်းအမှတ်ပြယုဂ်လည်းဖြစ်ပါတယ်။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေ အားလုံးအနေနဲ့ မိမိတို့လူမျိုး၊ ယဉ်ကျေးမှုအစဉ်အဆက်တွေကို ထိန်းသိမ်းပြီး မိမိတို့ယဉ်ကျေးမှုဂုဏ်ကို စောင့်ထိန်းစေချင်ပါ တယ်”ဟု ပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ မြေးတော်စပ်သူဒေါ်ညိုမီရာဇတ်ကလည်း “ကျွန်မအဖေက အဘိုးဆုံးတဲ့ အချိန်မှာ ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကျွန်မတို့အနေနဲ့ အဘိုးကိုမြင်တွေ့ ခွင့်မရခဲ့ပါဘူး။ ကျွန်မတို့အရွယ်ရောက်လာ​တော့ စာတွေသင်တဲ့အခါ၊ လေ့လာပြီးဖတ်ရှုတဲ့အခါ ကျွန်မတို့အဘိုးရဲ့အကြောင်းတွေကိုသိရတယ်။ အဲဒီတော့ ကျွန်မတို့ကအဘိုးက တိုင်းပြည်အတွက်လုပ်ခဲ့တာပဲ၊ အဲဒီအတွက် ငါတို့အဘိုးက အလွန်လေးစားဂုဏ်ယူဖို့ကောင်းတယ်။ အဲဒါလေးတွေကို ကျွန်မခံစားရပါတယ်။ အခုလိုမျိုး တစ်နှစ်တစ်ခါ ကြုံတွေ့ရတဲ့အခါမှာ ကျွန်မတို့အတွက် အမှတ်တရတွေ ပိုပြီးဖြစ်ရတာပေါ့။ အဘိုးရဲ့အကြောင်းတွေကိုကြားထဲမှာ ပိုပြီးလေ့လာဖြစ်တယ်။ ပိုပြီးသိလာတယ်။ နောက်မျိုးဆက်သစ် တွေအနေနဲ့လည်း တိုင်းပြည်အပေါ်မှာသစ္စာရှိရှိနဲ့ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်သွားစေချင်ပါတယ်”ဟု ပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏သားဖြစ်သူ ဦးလှကြည်က “အဲဒီတုန်းက ကျွန်တော်ကငယ်သေးတော့ သိပ်တော့မမှတ်မိဘူး။ နောက် ကျောင်းတက်တဲ့အခါ၊ လူကြီးတွေပြောတဲ့အခါ ပတ်ဝန်းကျင်က ကျွန်တော်တို့အပေါ် လေးလေးစားစားဆက်ဆံလာကြတယ်။ ဘာကြောင့်လဲတော့ ကျွန်တော်လည်းမသိဘူးပေါ့။ နည်းနည်းကြီးလာတော့မှ အာဇာနည်ကြီးရဲ့ သားသမီးဖြစ်တဲ့အတွက် ပရိသတ်က ကရုဏာသက်ကြတယ်လို့ ခံစားရတယ်” ဟု ဆိုသည်။

အာဇာနည် ခေါင်းဆောင်ကြီး ရဲဘော်ကိုထွေး၏တူတော်စပ်သူ ဒုတိယဗိုလ်မှူးကြီးအောင်ကိုကို (ငြိမ်း)ကဗိုလ်ချုပ်တို့ သူ့သက် တမ်းတိုလေးအတွင်းမှာ အများကြီးလုပ်ခဲ့တယ်။ ခြုံပြီးတော့ခွဲလိုက်မယ်ဆိုရင်သုံးမျိုးပေါ့။ ပထမတစ်ခုကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ကိုလုပ်ခဲ့တာ၊ ဒုတိယတစ်ခုကတော့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်မြဲဖို့၊ ရရှိဖို့ဆိုပြီးတော့ ကြိုးပမ်းခဲ့တာ၊ နောက်ဆုံးတစ်ခုကတော့ လွတ်လပ်ပြီးတဲ့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မယ်ဆိုတာ ကြံစည်ခဲ့တာ၊ တကယ်တော့ ဗိုလ်ချုပ်တို့ကလွတ်လပ်တဲ့အချိန်မှာ သူတို့မရှိတော့ဘူး၊ မရှိတော့တဲ့အတွက်ကြောင့် သူတို့က Plan ချပေးခဲ့တဲ့သဘောပဲရှိတယ်။ ဒါပေမယ့် လွတ်လပ်ပြီးတဲ့ အခါကစပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက တဖြည်းဖြည်းနဲ့ပျက်လာတယ်၊ စည်းလုံးညီညွတ်မှုပြိုကွဲလာတဲ့အခါကြတော့ အချုပ်အခြာအာဏာ ထိခိုက်လာတယ်။ လွတ်လပ်ရေးကို ထိပါးမယ့်အရိပ်အရောင်တွေ တွေ့လာရတယ်။ ဒါယနေ့အထိပါပဲ ဟု သုံးသပ်ပြောကြားခဲ့သည်။

ဇူလိုင် ၁၉ ရက် နံနက်ခင်းက နေရောင်ဖျဖျ ထွန်းလင်းတောက်ပလို့နေသည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံး ချိန် အချိန်နီးကပ်လာချိန်တွင်မူ မိုးကောင်းကင်သည် ရုတ်ခြည်း အုပ်ဆိုင်းသွားသည်။ ထိုမှတစ်ဆင့် မိုးစက်မိုးပေါက်များ အဖြစ် ရွာသွန်းဖြိုးတော့သည်။ နံနက် ၁၀ နာရီ ၃၇ မိနစ် အရောက်တွင်မူ ဝမ်းနည်းခြင်း အထိမ်းအမှတ်ဥဩဆွဲသံများ၊ ကားဟွန်းတီးသံများက အောက်မေ့တမ်းတ လွမ်းမောဖွယ်ရာ ထွက်ပေါ်လာသည်။

ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို မမေ့သောအားဖြင့် မျိုးဆက်အလီလီသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်တစိုက် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကြီးခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို တုံ့ပြန် ပေးဆပ်ကြပါစို့။

သတင်းစဉ်(သတင်းအဖွဲ့)

Newspaper - 3489 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download