၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
Ministry of Information/ Naypyitaw / August 26, 2025

နေပြည်တော် ဩဂုတ် ၂၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် သင်္ချာစွမ်းရည်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများနှင့် တပ်မတော်ပညာရေးကျောင်းများမှ အုပ်ချုပ်မှုတာဝန်ခံအရာရှိများနှင့် ကျောင်းအုပ်ကြီးများ၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ကြေညာပြီးချိန်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများ၊ စစ်သည်များနှင့် ဘက်စုံထူးချွန်လူငယ်များကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ကစ၍ နှစ်စဉ်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုအခမ်းအနားအပါအဝင် (၁၄) ကြိမ်ရှိပြီ ဖြစ်ကြောင်း။
ယနေ့အခမ်းအနားတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း/စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သားသမီးများထဲက (၆) ဘာသာဂုဏ်ထူးရှင် (၂၀) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၄၆) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၈၈) ဦး၊ (၁) ဘာသာဂုဏ်ထူးရစစ်သည် (၁) ဦး၊ အောင်ချက်အကောင်းဆုံး တပ်မတော်အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်းနှင့် အောင်ချက်အကောင်းဆုံး တပ်မတော်ပညာရေးကျောင်း (၃) ကျောင်းတို့ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် လူရည်ချွန်ဆုရရှိသူ (၄၃) ဦး၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းဆုရရှိသူ (၂) ဦး၊ သင်္ချာစွမ်းရည်ဆုရရှိသူ (၁) ဦး တို့ကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်အလိုက်ပြုလုပ်သည့် ဆုချီးမြှင့်ခြင်းအခမ်းအနားများတွင် (၃) ဘာသာဂုဏ်ထူးရှင်(၂၄၈) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၂၃၈) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၃၉၇) ဦးနှင့် တက္ကသိုလ်ပညာသင်ဆုရရှိသူ (၇၈) ဦးတို့ကိုလည်း ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း။
ကျောင်းနေစဉ်ကာလတွင် မိမိတို့ကျေပွန်အောင်ထမ်းဆောင်ရမည့် ပညာရေးတာဝန်ကို ထူးချွန်စွာကျေပွန်အောင် ကြိုးစားခဲ့သည့်အတွက် လူရည်ချွန်ဆုရရှိသူများအတွက် တစ်ဦးလျှင် ရွှေသုံးမတ်သား၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူး (၃) ဘာသာနှင့်အထက်ရရှိသူများကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား၊ ဂုဏ်ထူး(၁)ဘာသာနှင့်အထက်ရရှိသည့် စစ်သည်များကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းဆုရရှိသူများကို ပထမဆု ရွှေသုံးမတ်သား၊ ဒုတိယဆု ရွှေငါးမူးသား၊ တတိယဆု ရွှေတစ်မတ်သားနှုန်းစီနှင့် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုခြင်းဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ထူးချွန်စွာ အောင်မြင်အောင်သင်ကြားပြသပေးခဲ့ကြသည့် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများအားလုံးနှင့် တပ်မတော်ပညာရေးတာဝန်ခံတာဝန်ရှိသူများအားလုံးကိုလည်း အသိအမှတ်ပြုဂုဏ်ယူပါကြောင်းနှင့် အောင်ချက်များကောင်းမွန်အောင် စွမ်းဆောင်ခဲ့ကြသည့် သက်ဆိုင်ရာကျောင်းအသီးသီးက တာဝန်ရှိသူများကိုလည်း ယနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအဆင့်ကို တတ်မြောက်အောင်မြင်ပြီးသည့်နောက် မကြာမီတွင် တက္ကသိုလ်အသီးသီးကို ဆက်လက်တက်ရောက်ကာ အဆင့်မြင့်ပညာရပ်များ ဆည်းပူးကြရအုံးမည်ဖြစ်ကြောင်း၊ ပညာဆည်းပူးခြင်းသည် လူ့စွမ်းအားအရင်းအမြစ်ကို ရှာဖွေနေခြင်းပင်ဖြစ်ကြောင်း၊ ပညာပြည့်ဝမှသာ မိမိတို့ဆန္ဒရှိသည့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ခြင်းကြောင့် ရှိထားပြီးသားအလေ့အကျင့်ကောင်းနှင့် ခံယူချက်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရန် ဆက်လက်ကြိုးစားသွားကြရမည်ဖြစ်ကြောင်း။ “ပညာရဲရင့်ပွဲလယ်တင့်”၊ “ပညာရွှေအိုး၊ လူမခို” ဆိုသည့် အဆုံးအမများသည် ပညာ၏တန်ဖိုးများပင်ဖြစ်ပြီး “ငယ်စဉ်အခါပညာရှာ” ဆိုသည့် စကားသည် နုပျိုငယ်ရွယ်စဉ်တွင် ပညာရှာဖွေရန် တိုက်တွန်းထားခြင်းပင်ဖြစ်ကြောင်း၊ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပညာရှာဖွေသည့်အခါတွင် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့်အတူ စည်းကမ်းလိုက်နာကြရန်လည်း အရေးကြီးကြောင်း၊ နိုင်ငံတော်စဉ်ဆက်မပြတ်တိုးတက်စေရန် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် “အမျိုးသားပညာရေးကဏ္ဍ" ကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူပုံဖော်ပေးနေသကဲ့သို့ မိမိတို့တပ်မတော်အနေဖြင့်လည်း တပ်မတော်ထဲ ဝင်ရောက်အမှုထမ်းခဲ့ကြသည့် စစ်သည်များထဲမှ ပညာရေးတစ်ပိုင်းတစ်စနှင့် ဝင်ရောက်လာသူများရှိသည့်အတွက်ကြောင့် အဆိုပါစစ်သည်များ၏ ဘဝတိုးတက်မှုနှင့် တပ်မတော်စွမ်းရည်မြင့်မားစေရန် တပ်မတော်ပညာရေးသင်တန်းကျောင်းများတွင် အတန်းလိုက်သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည်ဝသည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာအောင် ပညာရေးကိုအားပေးလျက်ရှိသကဲ့သို့ ယနေ့အချိန်တွင် လူ့စွမ်းအားအရင်း အမြစ်ကောင်းများ ရရှိရန်အတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်ပေးနေကြောင်း။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါနိုင်ငံသူ၊ နိုင်ငံသားများ ကျန်းမာကြံ့ခိုင်ပြီး ပညာအရည်အသွေးပြည့်ဝသည့် လူငယ်များ၏အား အများကြီးလိုအပ်ကြောင်း၊ “ပညာ" ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ပင်ဖြစ်ကြောင်း။
ပညာရေးသည် တစ်ဦးတစ်ယောက်အတွက်သာလျှင် အရေးပါခြင်းမဟုတ်ဘဲ လူ့ပတ်ဝန်းကျင်တည်ဆောက်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအပိုင်းတွင်လည်း အဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်သည့်နေရာတွင် ဒီမိုကရေစီသဘောတရားများနှင့်အတူ လက်တွေ့အကောင်အထည် ဖော်သည့်အခါတွင် ပညာတတ်မြောက်မှု အရည်အသွေးမြင့်မားရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်များရှိကြရန်လိုကြောင်း၊ အခြေခံပညာသင်ကျောင်းများတွင် သင်ပေးလိုက်သည့် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များသည် ဒီမိုကရေစီကျင့်စဉ်ကောင်းများ၏ အခြေခံများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များအတွက် အတတ်ပညာသာမက အသိပညာဗဟုသုတပြည့်ဝရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း အသိပေးပြောကြားလိုကြောင်း။
ယခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပညာရေးကဏ္ဍအပါအဝင် အခြားလူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိန်ခေါ်မှုများ ရှိခဲ့သော်လည်း မိဘ၊ ဆရာ၊ ကျောင်းသားနှင့် အစိုးရ၊ ပြည်သူအားလုံး လက်တွဲညီညီ ဆောင်ရွက်ခဲ့မှုများကြောင့် အချိန်တိုအတွင်းမှာပင် အဆိုးရွားဆုံးအခြေအနေများ ကနေပြန်လည်ရုန်းထွက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ပညာရေးကဏ္ဍတွင် နောက်ကျမှု မရှိရလေအောင် အချိန်နှင့်တစ်ပြေးညီ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်း သည် မမေ့နိုင်ဖွယ် မှတ်တမ်းတစ်ခုပင်ဖြစ်ကြောင်း၊ ငလျင်ဘေးဒဏ်ကို အရှုံးမပေးဘဲ မလျော့သော ဇွဲလုံ့လတို့နှင့် ကြိုးစားအားထုတ်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်တန်းများကို အားသွန်ခွန်စိုက် သင်ကြားပေးခဲ့ကြသည့် ဆရာ/ဆရာမများနှင့် သက်ဆိုင်ရာကျောင်းအသီးသီးက လေ့ကျင့်သင်ကြားရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ/ဆရာမများ စသည့် ပညာရေးတာဝန်ခံအားလုံးကို အသိအမှတ်ပြုပါကြောင်းကို လေးလေးနက်နက်ပြောကြားလိုကြောင်း။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ထူးထူးချွန်ချွန်နှင့် ပြီးမြောက်အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိုသို့ အောင်မြင်မှုကိုရရှိရန် မလွယ်ကူသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ဆက်လက်ပြီး မိမိတို့ဝါသနာပါရာ တက်ရောက်ခွင့်ရှိသည့် တက္ကသိုလ်များတွင် အဆင့်မြင့်ပညာရပ်များကို သင်ယူကြရအုံးမည်ဖြစ်ကြောင်း၊ သိပ္ပံဘာသာရပ်ဖြစ်စေ၊ ဝိဇ္ဇာဘာသာရပ်ဖြစ်စေ အားလုံးသည် အဖိုးတန်ပညာရပ်များပင်ဖြစ်သည်ကို သိရှိနားလည်ပြီး မည်သည့်ပညာရပ်မျိုးကိုမဆို တိုင်းပြည်တည်ဆောက်ရေးအတွက် အသုံးဝင်လျက်ရှိသည်ကို အားလုံးသိထားကြရန်လိုကြောင်း၊ ယနေ့ကမ္ဘာကြီးသည် နည်းပညာဆန်းများကြောင့် အချိန်နှင့်အမျှ ပြောင်းလဲနေကြောင်း၊ ထိုသို့ပြောင်းလဲမှုနှင့်အတူ မိမိတို့က လိုက်ပါနိုင်စွမ်းရှိအောင် ကြိုးစားနေရကြရန်နှင့် ထိုသို့ ပြောင်းလဲမှုနှင့်အတူ ကြိုးစားသည့်အခါတွင် သတင်းမီဒီယာခေတ်နှင့်အညီ မျက်ခြည်မပြတ် လိုက်ပါနေရန် လိုအပ်သကဲ့သို့ ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်း နောက်တွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်အစဉ်အလာကောင်းများ တိမ်မြုပ်မသွားအောင်လဲ ဆင်ခြင်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ သတင်းတုသတင်းမှားများသည် လူတစ်ယောက်ချင်းစီမှသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို သိမ်းသွင်းဖြားယောင်းလျက်ရှိကြောင်း၊ ထိုအပေါ်တွင် မှန်ကန်သည့် သတိ၊ အသိ၊ ပညာတို့နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိကြရန် လိုကြောင်း။
ထိုသို့ ဆင်ခြင်သုံးသပ်နိုင်ရန်အတွက် မိဘဆရာသမားတို့၏ အဆုံးအမများကို နာခံခြင်းအပြင် စာကောင်းပေမွန်များကို ဖတ်ရှုခြင်းကလည်း အကျိုးရှိသည့် လုပ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ ကျောင်းစာများအပြင် မိမိတို့အတွက် သုတ၊ ရသ ပြည့်ဝစေမည့် စာပေများကိုဖတ်ရှုရင်း ဘဝတိုးတက်မှုကိုရှာဖွေကြရန်၊ လူ့ဘဝရောက်လာသည့် အခိုက်တွင် ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံအကျိုးနှင့် လူ့လောကကို သာယာစေမည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့မှသာ လူပီသမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံတော်အတွက် နိုင်ငံသားကောင်းတစ်ဦး ပီသအောင် နေထိုင်ကျင့်ကြံခြင်းသည်လည်း အဖိုးတန်လူသားကောင်းတစ်ဦးအဖြစ် ဂုဏ်ဝင့်ထည်စေမည်ဖြစ်ကြောင်း၊ လူငယ်များ ပီပီလေ့လာစူးစမ်းမှုပြုခြင်းသည် ကောင်းသော်လည်း မကောင်းသည့် အပြုအမူများအပေါ် မစူးစမ်းခြင်းသည် မိမိအတွက်သာမက မိသားစုနှင့် နိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးမှုများမှ ကာကွယ်တားဆီးပေးမည်ဖြစ်ကြောင်း၊ စည်းကမ်းရှိမှတိုးတက်မည်ဖြစ်ခြင်းကြောင့် ယနေ့အချိန်ထိ ပိုင်ဆိုင်ထားပြီးသား အလေ့အကျင့်ကောင်းနှင့် စည်းကမ်းလိုက်နာမှုများကို ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
မိမိတို့နိုင်ငံ၏ ကောင်းမွန်သည့်သမိုင်းကြောင်းနှင့် ရိုးရာယဉ်ကျေးမှု၊ ဇာတိသွေးဇာတိမာန်ထက်သန်မှု၊ နိုင်ငံချစ်စိတ်၊ ဓလေ့ထုံးစံများကို ကျောင်းနေစဉ်အရွယ်မှာ ကတည်းက သိနားလည်အောင် တာဝန်ရှိ ဆရာ/ဆရာမများက သင်ကြားပျိုးထောင် ပေးခဲ့ပြီဖြစ်ကြောင်း၊ ဘာသာရပ်တစ်ခုစီတိုင်းတွင် လေးနက်သည့်အဓိပ္ပာယ်များ ဖော်ဆောင်နေလျက်ရှိကြောင်း၊ မိမိတို့သင်ယူခဲ့သည့် ပညာရပ်များအပေါ် ပိုင်းခြားစိတ်ဖြာနားလည်မှုရှိပြီး နောက်ထပ်တွေ့ဆုံရမည့် မျိုးဆက်သစ်များကိုပါ မှန်ကန်သည့်လမ်းညွှန်မှု ပြသပေးနိုင်ကြရန်လိုကြောင်း။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် “တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ” ဆိုသည့်အတိုင်း တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့ကြသည့် စစ်မှုထမ်းဟောင်းများ၏ သား/သမီးများဖြစ်ကြသကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့်ခံရသည့် စစ်သည်များသည်လည်း စစ်မှုထမ်းဆဲ တပ်မတော်သားများဖြစ်ကြသည့်အတွက် တပ်မတော်၏ ထီးအရိပ်အောက်တွင် နေထိုင်ကြီးပြင်းလျက် ပညာများရှာဖွေဆည်းပူးရာမှ ယခုကဲ့သို့ ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ စစ်သည်များဖြစ်လာခဲ့ကြခြင်းဖြစ်၍ မိမိတို့၏ ရှေ့ဘဝခရီးလမ်းတစ်လျှောက် တပ်မတော်ကြီး၏ဂုဏ်ကျေးဇူးများကို မမေ့မလျော့ကြဘဲ ကျရာအခန်းကဏ္ဍများတွင် သစ္စာရှိမှု၊ တာဝန်သိမှု၊ တာဝန်ကျေပွန်မှုများနှင့် ကျေးဇူးတရား တုံ့ပြန်နိုင်ကြရန်လည်း တိုက်တွန်းလိုကြောင်း။
မကြာမီကာလအတွင်း မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကိုလည်း နိုင်ငံတော်ကနေ အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနေကြောင်း၊ ပြည်သူများ မျှော်လင့်နေကြသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီ ရောက်ရှိရန်အတွက် ရွေးကောက်ပွဲသည် အရေးကြီးသည့် ပထမခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲကမှသာ ပြည်သူ့ဆန္ဒများကို ထုတ်ဖော်တင်ပြဆွေးနွေး တောင်းဆိုနိုင်မည့် လွှတ်တော်အသီးသီးနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ပေါက်လာပြီး အစိုးရအဖွဲ့အစည်းဆိုတာလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျကျသိက္ခာရှိသော၊ လွတ်လပ်သော၊ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပနိုင်မှလည်း သိက္ခာရှိသည့်လွှတ်တော်၊ သိက္ခာရှိသည့် ပြည်သူအများစုက ရွေးချယ်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအစိုးရ ပေါ်ထွက်လာမည်ဖြစ်ပြီး အဆိုပါအစိုးရကပင် မိမိတို့လိုရာခရီးဖြစ်သည့် ဒီမိုကရေစီပန်းတိုင်ဆီ အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်မှာ ဖြစ်ကြောင်းကို မိမိတို့ ပြည်သူများအားလုံး၊ အဖွဲ့အစည်းများအားလုံးက သိရှိနားလည်ကြရန် အရေးကြီးကြောင်း။
ယခုကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် ဥပဒေနှင့်အညီ မဲပေးခွင့်မရှိသူများမှအပ ကျန်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်၊ မသမာမှုကင်းရှင်းပြီး သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အမတ်များဖြစ်စေရန် တတ်နိုင်သမျှ ကြိုတင်စီမံဆောင်ရွက်နေပြီ ဖြစ်ကြောင်း။
အသက်အပိုင်းအခြားပြည့်မီကြမည့် ကျောင်းသား/ကျောင်းသူများသည်လည်း ရွေးကောက်ပွဲ၏ အခြေအနေများ၊ အနှစ်သာရတန်ဖိုးများကို သိရှိနားလည်ပြီး အခြားသော မိဘပြည်သူများနှင့်တန်းတူ မဲပေးနိုင်အောင်၊ မိမိတို့ရရှိသည့် အခွင့်အရေးမဆုံးရှုံးရလေအောင် ဆန္ဒမဲပေးကြရန်လိုအပ်ကြောင်း၊ ၎င်းသည် နိုင်ငံသားတစ်ယောက်အတွက်ရရှိသည့် အဖိုးတန်အခွင့်အရေးပင်ဖြစ်ကြောင်း။
အစိုးရနှင့် မိဘပြည်သူများဘက်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ အပြုသဘောဆောင်စွာ ကြိုးပမ်းနေချိန်တွင် ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်နေသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည်လည်းရှိနေကြောင်း၊ ယင်းတို့သည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ကို မလိုလားသည့် နှောင့်ယှက်ဖျက်ဆီးမှု များပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဆောင်ရွက်နေချိန်တွင် အဖျက်အမှောင့်သမားများ၏ လုပ်ရပ်မှန်သမျှကို ပြည်သူအားလုံးပါဝင်ပြီး ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ကြရန်လိုကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခက်အခဲများနှင့်ရင်ဆိုင်ရချိန်တွင် မှန်ကန်သည့်အသိဉာဏ်များနှင့် ဖြေရှင်းနိုင်အောင် ပညာဆိုသည့် ဝမ်းစာပြည့်ဝနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ မည်သည့်အရွယ်ကိုပင်ရောက်ရောက် ပညာဆိုသည်မှာဆည်းပူး၍ မကုန်ဆုံးနိုင်သည့်အတွက် စဉ်ဆက်မပြတ် လေ့လာနေကြရမည်ဖြစ်သကဲ့သို့ “အာရောဂျုံ ပရမံ လာဘံ” ဆိုသည့်အတိုင်း မိမိကျန်းမာရေးကို အနေအထိုင်၊ အသွားအလာ၊ အစားအသောက်ကအစ ဂရုစိုက်ကြရန်လည်း လိုအပ်ကြောင်း၊ ရှိထားပြီးသား အလေ့အကျင့်ကောင်းများ၊ စာရိတ္တကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး တစ်နေ့နေ့တစ်ချိန်ချိန်တွင် တိုင်းပြည်အတွက် စစ်မှန်သည့်လုပ်အားများနှင့် အကျိုးပြုနိုင်သည့် မျိုးဆက်သစ်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းတို့တွင် (ပထမ၊ ဒုတိယ၊ တတိယ) ရရှိကြသူများ၊ သင်္ချာစွမ်းရည်ဆု (တတိယ) ရရှိသူ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် တပ်မတော် ပညာရေးကျောင်းများ၊ တပ်မတော်အခြေခံပညာကျောင်းများ၏ ဆုရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှက လူရည်ချွန်ဆု ရရှိသူ ၃ ဦး၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ၁ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၃ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများ၊ လူရည်ချွန်ဆုရရှိသူ ၂ ဦး၊ သင်္ချာစွမ်းရည်ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူ ၁ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၁ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးဒေါ်သန်းသန်းနွယ်က လူရည်ချွန်ဆုရရှိသူ ၃ ဦး၊ နိုင်ငံတော်အဆင့်ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ၁ ဦး နှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၃ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်ပညာရေးကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ လူရည်ချွန်ဆုရရှိသူ ၃ ဦး နှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၁ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၏ဇနီးက လူရည်ချွန်ဆုရရှိသူ ၄ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၃ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ၊ စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်တို့က လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆုများပေးအပ်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာ ကြသူများ၊ ဆုရစစ်သည်များ၊ လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။ စားသောက်ဖွယ်ရာများ သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက လူငယ်ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ဧည့်ခံဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များ၊ တာဝန်ရှိသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3266 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။
