(၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာ
(၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာ
Ministry of Information/ Naypyitaw / September 13, 2024
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
၂။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ တည်ဆဲဥပဒေများအရ တားဆီးနှိမ်နင်းရေးများ ဆောင်ရွက်ခဲ့ပါသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို ပြည်သူတစ်ရပ်လုံးသိရှိကာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများကျင်းပလာခဲ့သည်မှာ ယခုအခါ (၁၂) ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
၃။ လူကုန်ကူးမှုသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျွန်ပြုမှုအသွင်ဖြင့် ပေါ်ပေါက်လာကာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ဖြစ်ပွားလျက်ရှိပါသည်။ နိုင်ငံတကာကျွမ်းကျင်သူများ၏ တွက်ချက်မှုများအရ လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုနောက်တွင် အမြတ်အစွန်းရရှိမှု၏ ဒုတိယအကြီးဆုံး အရင်းအမြစ်အဖြစ် သတ်မှတ်ခံထားရပါသည်။
၄။ လူကုန်ကူးမှုသည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေရုံသာမက အသက်အိုးအိမ်စည်းစိမ်ကိုပါ များစွာထိခိုက်စေလျက်ရှိကာ လူကုန်ကူးသူများအနေဖြင့် အမြတ်အစွန်းကြီးမားစွာရရှိသောကြောင့် မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားရုံသာမက နိုင်ငံ၏နယ်နိမိတ်ဖြတ်ကျော်ကာ အခြားနိုင်ငံများဆီသို့ ဦးတည်၍ဖြစ်ပွားလျက်ရှိပါသည်။
၅။ မြန်မာနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Transnational Organized Crime) (UNCTOC) နှင့် နောက်ဆက်တွဲစာချုပ်ဖြစ်သည့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် အထူးပြုသော လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာစာချုပ် (Protocol to Prevent, Suppress and Punish Trafficking in Persons, Especially Women and Children)၊ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းအသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုပို့ဆောင်မှုဆိုင်ရာစာချုပ် (Protocol against the Smuggling Of Migrants by Land, Sea and Air) တို့ကို ၂၀၀၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ လူကုန်ကူးခြင်း အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ASEAN Convention Against Trafficking in Persons Especially Women and Children-ACTIP) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။
၆။ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုပြဿနာများကို တိုက်ဖျက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီ (၄) ရပ်နှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များအား စနစ်တကျဖွဲ့စည်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၇။ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုများဖြင့် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ မှုခင်းများအား တရားစွဲဆိုရေးလုပ်ငန်းများနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို (၅) နှစ်စီမံကိန်းများရေးဆွဲ၍ မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်နှင့် လုပ်ငန်းကဏ္ဍ (၄) ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၈။ လက်ရှိတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ၏ တတိယနှစ်ဖြစ်သည့် ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်အောင် ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၉။ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာသည် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားလျက်ရှိနေကြောင်း တွေ့ရှိနေရပါသည်။ နှစ်စဉ် ဖြစ်ပွားလျက်ရှိသည့် ကိန်းဂဏန်းများအရ ပြည်တွင်းလူကုန်ကူးမှု ၅၆ ရာခိုင်နှုန်း၊ ပြည်ပလူကုန်ကူးမှု ၄၄ ရာခိုင်နှုန်း ဖြစ်ပွားလျက်ရှိပြီး ပြည်တွင်းလူကုန်ကူးမှုတွင် အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှုများ အဓိကဖြစ်ပွားလျက်ရှိပါသည်။ ပြည်ပလူကုန်ကူးမှုအနေဖြင့် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေးရောင်းစားမှုနှင့် အဓမ္မတောင်းရမ်းစေခိုင်းမှုများ ဖြစ်ပွားလျက်ရှိပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံသို့ ဦးတည်ဖြစ်ပွားသည့် အငှားကိုယ်ဝန်ဆောင်သည့်လူကုန်ကူးမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။
၁၀။ လူကုန်ကူးမှုကျူးလွန်သူများသည် ယခင်က ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် စသည့်ဒေသများမှ အမျိုးသမီးငယ်များကို လိမ်လည်စုဆောင်း၍ အိမ်နီးချင်းနိုင်ငံများသို့ပို့ဆောင်ခဲ့ကြပြီး ယခုအခါတွင် နယ်စပ်ဒေသရှိ လူကုန်ကူးသူများထံသို့လည်းကောင်း၊ တစ်ဖက်နိုင်ငံရှိ လူပွဲစားများထံသို့လည်းကောင်း ပို့ဆောင်ရောင်းစားနေကြကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၁။ ပြည်တွင်းလူကုန်ကူးမှုများတွင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် စသည့်ဒေသများမှ အမျိုးသမီးငယ်များအား လိမ်လည်ခြင်း၊ သွေးဆောင်စည်းရုံးခြင်းဖြင့်စုဆောင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် (အရှေ့ပိုင်း) ရှိ (မူဆယ်၊ လောက်ကိုင်၊ မိုင်းပေါက်၊ တာချီလိတ်) ဒေသများသို့ပို့ဆောင်ပြီး အဓမ္မပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်းများ ကျူးလွန်လျက်ရှိပါသည်။
၁၂။ မြန်မာနိုင်ငံတွင် ယခင်ကာလများက ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် ပညာအရည်အချင်းနိမ့်ပါးသူများသာ လူကုန်ကူးခံရသည့် ပြဿနာများ ပေါ်ပေါက်ခဲ့သော်လည်း ယခုကာလတွင် ပညာတတ်များလည်း လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင် ပါဝင်နေကြောင်း တွေ့ရှိနေရပါသည်။ လူကုန်ကူးသူများသည် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အခြေခံကာ Facebook, Wechat, Telegram, Tik Tok များအသုံးပြုပြီး မက်လုံးပေးစည်းရုံး၍ အွန်လိုင်းလိမ်လည်မှုခင်းများ ကျူးလွန်လာကြရာမှ ၎င်းနှင့်ဆက်နွှယ်ပြီး လူကုန်ကူးမှုများ၊ တရားမဝင်လူစုဆောင်းခြင်းများ၊ လိမ်လည်မှုများပြုလုပ်ကာ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ခိုင်းစေခြင်းနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်စေခြင်း စသည်တို့ကို ကျူးလွန်လျက် ရှိကြောင်း တွေ့ရှိလာရပါသည်။
၁၃။ ယခုအခါ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၌ အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစား (Online Gambling) များ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်လာကြပြီး နိုင်ငံခြားသားများကို အွန်လိုင်းမှစည်းရုံးကာ အတင်းအကျပ်ခိုင်းစေမှုများ ကြုံတွေ့နေရပါသည်။ အဆိုပါဖြစ်ပေါ်နေမှုကို နိုင်ငံတကာမှပုံစံသစ်ဖြင့် ဖြစ်ပေါ်လာသော လုပ်အားခေါင်းပုံဖြတ်သည့် လူကုန်ကူးမှု (New Emerging Trend of Human Trafficking) ဟု အမည်တပ်လာကြပါသည်။
၁၄။ မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရသူများကိုကယ်တင်၍ နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်လျက်ရှိပါသည်။ အဆိုပါဖြစ်စဉ်များတွင် ဒေသတွင်းမဟုတ်သည့် အခြားနိုင်ငံများက နိုင်ငံခြားသားများလည်း ပါဝင်လာသည်ကို တွေ့ရှိနေရသည့်အတွက် အလေးအနက်ထား ထိန်းချုပ်ရန်လိုအပ်သောကြောင့် နိုင်ငံပေါင်းစုံပူးပေါင်းပါဝင်မှုဖြင့် တိုက်ဖျက်နိုင်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုသိရှိနိုင်ရေး အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
၁၅။ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းနိုင်ရေးအတွက် ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီအား ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါကော်မတီမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များအပေါ်စိစစ်၍ လူကုန်ကူးခံရနိုင်ခြေ အလားအလာရှိသူ (Potential Victim) များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၁၆။ ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများအား မြန်မာနိုင်ငံရှိသံရုံးများနှင့် National Central Bureau လမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့် ပတ်သက်၍လည်း ကယ်တင်ရရှိသူများကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
၁၇။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့်လည်းပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်း၊ လုပ်ငန်းလမ်းညွှန် (TOR) နှင့် လုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့ပါသည်။
၁၈။ မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံများ၏ ဝန်ကြီးများအဆင့်အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဒေသတွင်း လုပ်ငန်းအဖွဲ့အစည်းအဝေးများကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများအကြား လူကုန်ကူးမှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရေးအတွက် မဲခေါင်ဒေသခွဲလုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည် ဖော်ခဲ့ရာ (၄) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
၁၉။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့အကြား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့တို့အကြား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးများကို မြန်မာနိုင်ငံမှ ဦးဆောင်ကျင်းပနိုင်ခဲ့ပါသည်။
၂၀။ အစည်းအဝေးများတွင် ဒေသတွင်းနှင့် နိုင်ငံဖြတ်ကျော်ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုများတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများ ကယ်တင်ရရှိရေး၊ လူကုန်ကူးမှုများ စုံစမ်းစစ်ဆေးရေးနှင့် တရားခံစုံစမ်းဖော်ထုတ်ရေး၊ လူမှုကွန်ရက်အသုံးပြု၍ လူကုန်ကူးမှုကျူးလွန်ခြင်းများ စုံစမ်းဖော်ထုတ်ရေးနှင့် ပြစ်မှုကျူးလွန်သူ အတည်ပြုရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
၂၁။ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သောဟန့်တားမှုဖြစ်သဖြင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူလူထုကို လူကုန်ကူးမှုအသိပညာပေး မှုခင်းသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ဇာတ်လမ်းတိုများ၊ တေးသီချင်းများ၊ အသိပညာပေးစကားဝိုင်းများ စသည်တို့အား ထုတ်လွှင့်ပြသခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် SMS ပေးပို့ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Hot Line ဖုန်းများတိုးချဲ့တပ်ဆင်ခဲ့ပြီး လူကုန်ကူးမှုသတင်းလက်ခံခြင်း၊ အချိန်နှင့်တစ်ပြေးညီဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၂။ ထို့အပြင် သက်ဆိုင်ရာဌာနများအချင်းချင်းပူးပေါင်း၍ မြို့ပြဒေသများတွင်သာမက ကျေးလက်ဒေသများအထိ ပြည်သူလူထုများ အသိပညာရရှိရေးအတွက် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ အသိပညာပေး Billboard များ စိုက်ထူခြင်း၊ ကားဂိတ်၊ ရေဆိပ်၊ လေဆိပ်၊ ဘူတာရုံ စသည့်လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စတေကာများကပ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၂၃။ လူကုန်ကူးမှုနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင်လည်း ပြည်ပသို့ထွက်ခွာမည့်သူများအား လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံနိုင်သည့် Whats App၊ QR Code ၊ Viber QR Code များပေးအပ်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂၄။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရနိုင်ခြေအန္တရာယ် အများဆုံးရှိနိုင်သော လူမှုအသိုင်းအဝိုင်းများဖြစ်သည့် အခြေခံလူတန်းစားများ၊ လက်လုပ်လက်စားများ၊ လမ်းပေါ်နေထိုင်သူများ၊ လမ်းပျော်များ၊ ဆယ်ကျော်သက် ကျား/မ လူငယ်လူရွယ်များကို ရပ်ရွာအခြေပြုလူမှု အဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၅။ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ/ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ပြစ်ဒဏ် ချမှတ်မှု (၆၄) မှုတွင် ထောင်ဒဏ်တစ်သက် ၅ ဦး၊ ထောင်ဒဏ် (၄၀) နှစ် ၂ ဦး၊ ထောင်ဒဏ် (၂၅) နှစ် ၁ ဦး၊ ထောင်ဒဏ် (၂၀) နှစ် ၂၀ ဦး၊ ထောင်ဒဏ် (၁၅) နှစ်နှင့်အောက် ၈၃ ဦးတို့အား ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါသည်။
၂၆။ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို တရားမဝင်ရွှေ့ပြောင်းသွားရောက်အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ခြင်း၊ အဓမ္မခိုင်းစေခံရနိုင်ခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အဝမရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့ ကြုံတွေ့နိုင်ကြောင်းနှင့် လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးမှုများ ဆောင်ရွက်ပြီး စိစစ်ကြပ်မတ်လျက်ရှိပါသည်။
၂၇။ မြန်မာနိုင်ငံသားများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ပို့ဆောင်ရန် မက်လုံးပေးစည်းရုံးပြောဆိုပြီး စုဆောင်းခြင်းများကိုလည်း တရားမဝင်ဆောင်ရွက်နေကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုသို့ တရားမဝင်ပို့ဆောင်သူများကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး နစ်နာသူများကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု (၁၉၉) မှုရှိခဲ့ပြီး တရားခံကျား ၁၇၄ ဦး၊ မ ၂၀၉ ဦး စုစုပေါင်း ၃၈၃ ဦးအား အရေးယူနိုင်ခဲ့ပါသည်။
၂၈။ လူကုန်ကူးခံရသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးရေးအတွက် စံလုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် (၂၀၂၀) ကိုရေးဆွဲအတည်ပြုပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များအထိ စံလုပ်ငန်းစဉ်ပါ လုပ်ငန်းများကိုသိရှိပြီး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၉။ လူကုန်ကူးခံရသူများ၏ လူမှုဘဝရပ်တည်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးထောက်ပံ့မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ မိဘရပ်ထံပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းနှင့် ကျွမ်းကျင်မှုသင်တန်းများပေးခြင်းတို့ကို လူကုန်ကူးခံရသူတစ်ဦးချင်းအတွက် သင့်လျော်သောဝန်ဆောင်မှုအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူကုန်ကူးခံရသူများအတွက် တရားရုံးရင်ဆိုင်နေစဉ်ကာလအတွင်း ခရီးစရိတ်၊ အစားအစာနှင့် ရိက္ခာ၊ ဆေးကုသစရိတ်၊ ဘဝရပ်တည်နိုင်ရေး နောက်ဆက်တွဲကူညီ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် လူကုန်ကူးခံရသူများကို လိုအပ်သည့်ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန များနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၃၀။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ အရင်းအမြစ်ဖြစ်သည့် ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်း၊ အသက်အရွယ်နှင့်လျော်ညီစွာ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားဆက်ဆံမှုမပြုခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှု မရှိစေရေးတို့အတွက် ကာကွယ်စောင့်ရှောက်ပေးခြင်းများသည် အဓိကကျသောကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၃၁။ သို့ဖြစ်၍ ၂၀၂၄ ခုနှစ်၊ (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဆိုသည့်အတိုင်း လူကုန်ကူးခံရသူများ အထူးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်ခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုမရှိစေရေး ကာကွယ်စောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်သွားကြခြင်းဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ လူကုန်ကူးခံရမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်မည်ဟု ယုံကြည်မိပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။
Newspaper - 3547 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
