PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် ဆည်တော်ကြီးရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ
PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် ဆည်တော်ကြီးရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ
Ministry of Information/ Naypyitaw / November 08, 2025
နေပြည်တော် နိုဝင်ဘာ ၇
နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်းကို နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်နေသော CRPH၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် PDF အမည်ခံအကြမ်းဖက်သမားများကို မွေးထုတ်ပေးကာ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်စီးစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေရန် ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ပူးပေါင်းကာ ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် နိုင်ငံတော်မှ ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော အစိုးရဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုးသိမ်းဆည်းထားသောပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ လက်နက်အားကိုး၍ ပြည်သူလူထုထံမှ အတင်းအဓမ္မဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသများ၌ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အစိုးရအုပ်ချုပ်မှုအဆောက်အအုံများ၊ နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို ထမ်းဆောင်ကြရမည့် ပညာတတ်လူငယ်လူရွယ်များကို မွေးထုတ်ပေးနေသည့် စာသင်ကျောင်းများ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ပြည်သူများ အဓိက သွားလာအသုံးပြုလျက်ရှိ သည့် လမ်း၊ တံတားကြီးများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ Drop Bomb ချ တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြသဖြင့် ၎င်းတို့ရောက်ရှိရာ ဒေသများရှိ ပြည်သူလူထုများသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ကျလျက်ရှိသည်။
ထို့ပြင် CRPH၊ NUG ပြည်ဖျက်အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသကို ဆက်သွယ်ပေးထားပြီး နိုင်ငံ၏ ကုန်စည်ကူးသန်းမှုနှင့် လမ်းပန်းဆက်သွယ်မှုအချက်အချာတစ်ခုဖြစ်သည့် မန္တလေးမြို့ကို သိမ်းပိုက် နိုင်ရေးသည်လည်း ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေးအိပ်မက်ထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
ထို့ကြောင့် အညာဒေသတွင် ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများအား ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေးမက်လုံးများဖြင့် စည်းရုံးသိမ်းသွင်းကာ အကြမ်းဖက်သင်တန်းများပို့ချပေးပြီး MDY-PDF အမည်ခံ အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးကာ မြို့၊ ရွာများတွင် တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်း အသုံးပြု၍ တိုက်ခိုက်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလဲသည့်စိတ်ဓာတ်များဖြင့် အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံတွန်းလှန်ခဲ့ကြသော်လည်း အကြမ်းဖက်သမားများအနေဖြင့် အတင်းအဓမ္မ ခြိမ်းခြောက်လူသစ်စုဆောင်းခြင်းဖြင့် ရရှိလာသော သာလွန်အင်အားများဖြင့် ဒေသခံပြည်သူလူထုအား လူသားတံတိုင်းအဖြစ် အသုံးချ၍ တိုက်ခိုက်လာခြင်းတို့ကြောင့် လုံခြုံ ရေးတပ်ဖွဲ့များသည် ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားလာကာ ပြည်သူလူထု၏ နေအိမ်များ၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးတို့အတွက် စစ်နည်းဗျူဟာမြောက် ကြားခံစစ်အဆင့်ဆင့်ဖြင့် စနစ်တကျဆုတ်ခွာပေးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာအပါအဝင် ၎င်းဒေသတစ်ဝိုက်ရှိ နယ်မြေခံတပ်ဌာနချုပ်၊ ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင်သတ္တုတွင်းနေရာတို့အား ခေတ္တထိန်းချုပ်ခဲ့ကြသည်။
သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ခေတ္တထိန်းချုပ်ထားသော ဆည်တော်ကြီးကျေးရွာအပါအဝင် ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံတို့အား ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ပြန်လည်ရရှိရေးအတွက် စီမံချက်များအဆင့်ဆင့်ရေးဆွဲပြီး စစ်ကြောင်းများခွဲ၍ ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ဖယောင်းတောင်သတ္တုတွင်း ဒေသ တစ်ဝိုက်အား လည်းကောင်း၊ ဩဂုတ် ၂၈ ရက်တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံကိုလည်းကောင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် မတ္တရာဒေသ မြောက်ဘက်ခြမ်းသို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် တိုက်စစ်အဟုန်မြှင့်တင်၍ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသော နယ်မြေများ ပြန်လည်ရရှိရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ အသေးစိတ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှစတင်၍ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆည်တော်ကြီးရေလှောင်တမံ၏ အရှေ့ဘက် သပြေဒိုးဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ သံဘိုဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ဆည်တော်ကြီး ရေလှောင်တမံ၏တောင်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံအနီးရှိ စခန်းသာ - ကြာပင် - သန်းကုန်းဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ စခန်းသာ - သဖန်းကိုင်း - တံတား ကုန်းဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ အနောက်တောင်ဘက် ကျောက်တံတား-မြောင်းသစ် - ရုံးပင် - အထက်တောင်ကိုင်းဘက်မှ အထောက်အကူပြုစစ်ကြောင်းတစ်ကြောင်း စသည့် စစ်ကြောင်း ငါးကြောင်းဖြင့် တန်ပြန်တိုက်စစ်အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းတို့ခေတ္တထိန်းချုပ်ထားသည့် မြို့၊ ရွာများ၊ ရေလှောင်တမံတို့အား လက်မလွှတ်ရရေး ပြည်သူလူထု၏ လူနေအိမ်အဆောက်အအုံများ၊ ဆည်တော်ကြီးဆည်၏ ရေထိန်းတံခါးများ၊ ရေလွှဲဆည်များကို အကာအကွယ်ရယူ၍လည်းကောင်း၊ ရေထိန်းတမံနှင့် ပတ်ဝန်းကျင်တွင် ကွန်ကရစ်ဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက်သွယ် ရေးမြောင်းများကို တည်ဆောက်၍လည်းကောင်း အခိုင်အမာ ခံစစ်ဆင်ပြန်လည်ခုခံခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ၏ အပြည့်အဝအားပေးထောက်ခံမှု၊ တိုက်ပွဲဝင်အရာရှိ စစ်သည်များ၏ စိတ်ဓာတ်တက်ကြွ၍ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ စနစ်တကျရေးဆွဲထားသော စီမံချက်ကောင်းမွန်မှုတို့ဖြင့် အဆိုပါဆည်ကြီးရှိ အဆောက်အအုံများ၊ စက်ပစ္စည်းကိရိယာများနှင့် ဆည်မြောင်းတာတမံရေထိန်းတံခါးများ ထိခိုက်ပျက်စီးမှု မရှိစေရေး ကန့်သတ်ချက်များကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ခဲ့ရာ နိုဝင်ဘာ ၇ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ဆည်တော်ကြီး ရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ အလက် ၆၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
အဆိုပါဆည်တော်ကြီးရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးရွာအနီးတွင် တည်ရှိပြီး မန္တလေးမြို့ ရေပေးဝေရေး၊ မတ္တရာဒေသနှင့် မန္တလေးပတ်ဝန်းကျင်ဒေသတွင်း စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ် ရေးတို့အတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် တာတမံဖြစ်ပြီး ၁၉၇၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့သည့် မြေသား၊ ကွန်ကရစ်၊ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ကာ တမံအလျား ပေ ၄၁၂၀ ၊ တမံအမြင့် ၁၃၃ ပေနှင့် တမံထိပ်အကျယ်ပေ ၂၀ ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏအနေဖြင့် ဧကပေ ၃၆၃၀၀၀ ရှိပြီး အကျိုးပြု ရေလှောင်ပမာဏမှာ ဧကပေ ၂၇၉၀၀၀ ရှိသည်။ ယင်းအပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများအတွက် ဆည်ရေပေးဝေနိုင်သည့် လယ်မြေဧက ၁၂၇၀၀၀ ကို စိုက်ပျိုးရေ ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။ ထို့ပြင် ဆည်တော်ကြီး ရေလှောင်တမံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် စက်တပ်စွမ်းအား ၂၅ မဂ္ဂါဝပ်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု နာရီသန်းပေါင်း ၁၃၄ ကီလိုဝပ်ကိုလည်း ထုတ်လုပ်ပေးသဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက် အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံအား ထိန်းချုပ်ထားစဉ်အတွင်း ပြည်သူများ၏ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေရရှိရေးများအတွက် ထောက်ထားငဲ့ညှာမှုမရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ လိုအပ်သလိုအသုံးချခဲ့ပြီး ရေထိန်းတံခါးများအား ဖွင့်ခြင်း/ ပိတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ကျုံးရေလျော့နည်းကာ မန္တလေးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာနေ ပြည်သူများ သောက်သုံးရေဖူလုံစွာ မရရှိခြင်း၊ စိုက်ပျိုးရေဖူလုံစွာမရရှိခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် မိုးစပါး ၇၄၂၄၉ ဧက စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့သော်လည်း ၃၀၅၉၂ ဧကကိုသာ စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးမြေဧက ၄၃၆၅၇ ဧက နစ်နာဆုံးရှုံးခဲ့ရသည်။
ထို့အတူ ၂၀၂၄-၂၀၂၅ ခုနှစ် နွေရာသီတွင် နွေစပါးနှင့် အခြားသီးနှံ ၇၃၁၄၅ ဧကကို စိုက်ပျိုးရေ ပေးဝေရန် လျာထားခဲ့သော်လည်း ၃၂၂၆၉ ဧကကိုသာ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ၄၀၈၇၆ ဧက နစ်နာ ဆုံးရှုံးခဲ့ရသည်။
အလားတူ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံ ၈၀၁၁၁ ဧကကို စိုက်ပျိုးရေပေးရန် လျာထားပြီး ၈-၁၀-၂၀၂၅ ရက်နေ့အထိ စုစုပေါင်း ၄၉၀၄၈ ဧကကိုသာ စိုက်ပျိုးခဲ့ရ၍ စိုက်ပျိုးမြေဧက စုစုပေါင်း ၃၁၀၆၃ ဧက နစ်နာဆုံးရှုံးခဲ့သည်။
ထို့အပြင် ဆည်တော်ကြီးရေလှောင်တမံမှ စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရန်အတွက် ဆောင်ရွက်ဆဲဖြစ်သည့် “ရေနံ့သာမြောင်း၏ လက်ယာဘက်တွင်လည်း ရေပေးမြောင်းအသစ် ဖောက်လုပ်၍ စိုက်ပျိုးမြေဧက ၁၂၀၀၀ အား တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရေထုတ်ပြွန်နှင့် ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း” စီမံကိန်းမှာလည်း အကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်ဆိုင်းခဲ့ရ သဖြင့် ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်လျော့နည်းစေခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရကာ ဆင်းရဲဒုက္ခများ ပိုမိုခံစားခဲ့ရသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဆည်တော်ကြီးရေလှောင် တမံအား ထိန်းချုပ်ထားစဉ်အတွင်း ရေလှောင်တမံကြီး၏ ရေပေးဝေမှုကို ထိန်းချုပ်ထားခဲ့သလို ရေလှောင်တမံကြီး၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/ အပိတ်မောင်းခလုတ်၊ ဆည်တမံပေါင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါနေရာများ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပါက ဆည်ရေသောက်စနစ်ဖြင့် နေ့စဉ်ဖြန့်ဖြူးပေးနေသည့် စိုက်ပျိုးရေဧရိယာအတွင်းရှိ စိုက်ပျိုးမြေများနှင့် ဒေသခံပြည်သူများ၏ အိုးအိမ်များ ရေလွှမ်းမိုး၍ ပျက်စီးခြင်းများ ကြုံတွေ့ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နိုင်မှုမှာလည်း ပျက်စီးဆုံးရှုံး၍ ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ ဆည်ရေပိုလွှဲ ရေတံခါး အဖွင့်/ အပိတ် မောင်းခလုတ်၊ ဆည်တမံပေါင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်များအား လက်မတင် အချိန်မီတားဆီး ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဆည်တမံပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့သည့်အပြင် ဒေသနှင့် ဒေသတွင်း နေထိုင်ကြသူများ၏ အကျိုးစီးပွားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ယခုအခါ ဆည်တော်ကြီးရေလှောင်တမံနှင့် ဝန်းကျင်ဒေသအား မိမိတပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ရေထိန်းတံခါးများအား ပုံမှန်အချိန်အတိုင်း စနစ်တကျ ဖွင့်/ပိတ်ခြင်း၊ ရေထိန်းရေလှောင်ခြင်း၊ ရာသီအလိုက် စနစ်တကျ ရေပေးဝေခြင်း၊ ရေလွှတ်ခြင်းများ ဆောင်ရွက်ပြီး ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ စိုက်ပျိုးရေများ ဖူလုံ စွာရရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အားလျော်စွာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးများ၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3342 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
