မြန်မာသံရုံး၊ ပေကျင်းမြို့က အခက်အခဲနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ကူညီပေးခဲ့


Ministry of Foreign Affairs/ Nay Pyi Taw / October 11, 2019


(၁၁-၁၀-၂၀၁၉ ရက်၊ ပေကျင်းမြို့)

မြန်မာသံရုံး၊ ပေကျင်းမြို့သည် တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး(၃)ဦးနှင့် အလုပ်အကိုင် အဆင်မပြေသည့် မြန်မာနိုင်ငံသား (၂၆) ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟဲနန်ပြည်နယ်နှင့် ကျန်းရှီးပြည်နယ်တို့တွင် လူကုန်ကူးခံရပြီး တရုတ်အမျိုးသားများထံ ရောင်းစားခံရသည့် မြန်မာအမျိုးသမီး(၃)ဦး ရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ အကြောင်းကြားချက်အရ မြန်မာသံရုံး၊ ပေကျင်းမြို့သည် ၎င်းတို့အား ကူညီကယ်တင်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်လုံခြုံရေးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အမျိုးသမီး(၃)ဦးတို့အား လူပွဲစားတစ်ဦးမှ ၎င်းတို့အား တရုတ်နိုင်ငံ၌ အလုပ်အကိုင် ရှာဖွေပေးမည်ဟု လိမ်လည်ဖြားယောင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကာ အလုပ်အကိုင် ရှာဖွေမပေးဘဲ တရုတ်အမျိုးသားများထံ ဇနီးမယားအဖြစ် ရောင်းစားခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာသံရုံး၊ ပေကျင်းမြို့နှင့် တရုတ်နိုင်ငံ၊ သက်ဆိုင်ရာ လုံခြုံရေးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အဆိုပါ မြန်မာအမျိုးသမီး(၃)ဦးအနက် (၂)ဦးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်(၁)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် တရုတ်နိုင်ငံ၊ သက်ဆိုင်ရာ လုံခြုံရေးဌာနသို့ အကြောင်းကြားခဲ့ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) အား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် ကျန်းရှီးပြည်နယ် လုံခြုံရေးဌာနသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းတုံးပြည်နယ်ရှိ ဝေဟိုင်မြို့တွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသား (၂၂) ဦးအား ကူညီကယ်တင်ပေးပါရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆက်သွယ်ပြောကြားလာမှုကြောင့် မြန်မာသံရုံး၊ ပေကျင်းမြို့သည် ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ မြန်မာနိုင်ငံသား(၂၂)ဦးအား အလုပ်ပွဲစားများမှ တရုတ်နိုင်ငံရှိ မုန့်စက်ရုံတွင် အလုပ်အကိုင် ရှာပေးမည်ဟု လိမ်လည်၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင်လာခဲ့သော်လည်း တရုတ်နိုင်ငံတွင် ကျောက်ခွဲလုပ်ငန်း အစရှိသည့် ခက်ခဲပင်ပန်းသည့် အလုပ်များတွင်သာ လုပ်ကိုင်ခဲ့ရသည့်အတွက် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လိုခြင်း ဖြစ်ပါသည်။ ထို့အပြင် ရေဘဝဲစက်ရုံတွင် လုပ်ကိုင်လျက်ရှိသည့် ချင်းပြည်နယ်မှ မြန်မာနိုင်ငံသား (၄)ဦးမှလည်း ယင်း(၂၂)ဉီးနှင့် အတူ မြန်မာနိုင်ငံသို့ ပြန်လိုပါကြောင်း မြန်မာသံရုံး၊ ပေကျင်းမြို့သို့ ဆက်သွယ်ပြောကြားလာခဲ့ပါသည်။

မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုအရ အဆိုပါ မြန်မာနိုင်ငံသား (၂၆) ဦးသည် ၉-၁၀-၂၀၁၉ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ပြီး ဖြစ်ပါသည်။

မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးများနှင့်အတူ တရုတ်နိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအကျိုးအတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သိရှိရပါသည်။