အစိတ်အပိုင်း မမှန်မကန် Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ပြောင်းထား၍ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းခံထားရသော ပိုင်ရှင်များသို့ အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / September 27, 2019


၁။ ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေပုဒ်မ - ၁၈ (င) အရ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေခဲ့ပါသည်။ မှတ်ပုံတင်မဲ့ယာဉ်တစ်စီး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ ဖောက်စွပ်/ဖြတ်ဆက် ပြုလုပ်ထားခြင်းကြောင့် ဥပဒေနှင့်အညီ မလွှဲမရှောင်သာ တားဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါသည်။

၂။ ထိုသို့မလွှဲမရှောင်သာ မှတ်ပုံတင်ဖျက်သိမ်း ဆောင်ရွက်ခဲ့ရသော်လည်း ယာဉ်ပိုင်ရှင်ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများအတွက် အထိုက်အလျောက် သက်သာခွင့်ရရှိစေရေး၊ ယာဉ်သိမ်းဆည်းခံရသော ပြည်သူအများစုက အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ "ဃ" (စလစ်) ရယူလို သည့်ဆန္ဒကို ဖြည့်ဆည်း နိုင်ရေး၊ အစိတ်အပိုင်းမမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်များအားလုံး အပြီးတိုင် ဖျက်သိမ်းနိုင်ရေးတို့ကို ရည်ရွယ်လျက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် (၁-၁၀-၂၀၁၉) ရက်နေ့မှစ၍ အောက်ပါအတိုင်း ဖြေလျှော့ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်-

(က) အစိတ်အပိုင်း မမှန်မကန် Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ရဲစခန်းများတွင် ထိန်းသိမ်းထားသောယာဉ်များနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ထိန်းသိမ်းထားသော ယာဉ်များကို သံရည်ကျိုအပ်နှံစေ၍ ယာဉ်အို/ယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်း ခွင့်ပုံစံ“ဃ” (စလစ်) ထုတ်ပေးသွားပါမည်။

(ခ) အစိတ်အပိုင်း မမှန်မကန် Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိရ၍ မှတ်ပုံတင် ဖျက်သိမ်းမိန့် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ယာဉ်ပိုင်ရှင်များက လာရောက်အပ်နှံခြင်း မရှိသေးသည့် ယာဉ်များကိုလည်း သံရည်ကျိုအပ်နှံစေ၍ ယာဉ်အို/ယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့် ပုံစံ "ဃ" (စလစ်) ထုတ်ပေးသွားပါမည်။

(ဂ) ယာဉ်ပိုင်ရှင်များသည် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

၃။ နောင်တွင် အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach ဖောက်စွပ်/ ဖြတ်ဆက် ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ချက်ချင်းသံရည်ကျို အပ်နှံစေ၍ ယာဉ်အို/ယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ "ဃ" (စလစ်) ထုတ်ပေး သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန