ရိုးရာပွဲတော်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုအထွန်းကားဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရှေးခေတ်မြန်မာတို့၏ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစသည်တို့ကို အခြေခံ၍ ပေါ်ပေါက်လာသော "ဆယ့်နှစ်လရာသီ ရိုးရာပွဲတော်များ" ကို မြန်မာပြက္ခဒိန်ဖြင့် သတ်မှတ်လေ့ရှိသည်။ အဆိုပါပွဲတော်များသည် မြန်မာလူမျိုးတို့ နှစ်ပေါင်း (၁၀ဝဝ)နီးပါး အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများလည်း ဖြစ်သည်။ ယဉ်ကျေးမှုပွဲတော်များ ကျင်းပခြင်းဖြင့် စွယ်စုံပညာရှင်များ ပေါ်ထွန်းလာစေနိုင်ခြင်း၊ ဘာသာသာသနာထွန်းကာပြန့်ပွားလာစေခြင်း၊ နိုင်ငံတော်တိုးတက်သာယာစေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။
 

တန်ခူးလ - သင်္ကြန်ပွဲ

တန်ခူးလသည် နွေဥတုတွင်ပါဝင်ပြီး မြန်မာ(၁၂)လများအနက် ပထမဦးဆုံးလဖြစ်သည်။ ထိုလ၏ ရာသီပန်းများမှာ ကံ့ကော်ပန်း၊ ရင်ခတ်ပန်းနှင့် ပိတောက်ပန်းတို့ဖြစ်ကြသည်။ ထင်ရှားသောပွဲတော်မှာ သင်္ကြန်ပွဲဖြစ်သည်။ တန်ခူးလသည် မြန်မာပြက္ခဒိန်အရ နှစ်သစ်ကို စတင်ကူးပြောင်းသောကာလဖြစ်သောကြောင့် နှစ်ဟောင်းမှ အညစ်အကြေးများကိုစွန့်ပစ်ကာ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် တစ်ဦးနှင့်တစ်ဦးအတာရေပက်ဖျန်းကာ ကြိုဆိုလေ့ရှိကြသည်။ ယနေ့ထိတိုင် နှစ်စဉ်ကျင်းပသောပွဲတော်လည်းဖြစ်ပါသည်။ သင်္ကြန်ကာလမှာ ဧပြီလတွင် အများအားဖြင့် ကျရောက်လေ့ရှိပြီး အကြို၊ အကျ၊ အကြတ်နှင့် အတက်ဟူပြီး ကျင်းပလေ့ရှိသည်။ ရေကစားခြင်းအပြင် လူကြီးသူမများအား ခေါင်းလျှော် (ခေါင်းဆေးမင်္ဂလာ)ပြုလုပ်ပေးခြင်းနှင့် သက်ကြီးပူဇော်ပွဲများကိုလည်း ရပ်ကွက်အလိုက်၊ မြို့ရွာအလိုက် ပြုလုပ်လေ့ ရှိကြပါသည်။

ကဆုန်လ - ညောင်ရေသွန်းပွဲ

ကဆုန်လသည်လည်း နွေဥတုတွင်ပါဝင်ပြီး အပူရှိန်ပိုမိုလွန်ကဲသောလဖြစ်သည်။ ရာသီပေါ်ပန်းမှာ စကားဝါပန်းဖြစ်သည်။ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုအဖြစ် တခမ်းတနားကျင်းပလေ့ ရှိကြသည်။ ထိုနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ရွာဒေသအသီးသီးရှိ ဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း၍ ကျင်းပဆင်နွှဲကြပါသည်။

နယုန်လ - စာပြန်ပွဲ

နယုန်လသည် မြန်မာလများတွင် တတိယလဖြစ်ပြီး ရာသီပေါ်ပန်းမှာ စံပယ်ပန်းဖြစ်သည်။ ရှေးမြန်မာဘုရင်များမှာ ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြကာ ၄င်းတို့လက်ထက်တွင် ပညာရှင်များပြန့်ပွားလာရေးနှင့် သာသနာတော်ပြန့်ပွားရေးအတွက် အားပေးချီးမြှောက်ခဲ့ကြသည်။ ထိုသို့သောရည်ရွယ်ချက်များဖြင့် ပထမစာတော်ပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော်အဖြစ် တခမ်းတနား ကျင်းပခဲ့ကြခြင်းဖြစ်ပေသည်။ ယနေ့ခေတ်တွင်လည်း နိုင်ငံတော်အစိုးရသည် ပါဠိပထမပြန်စာမေးပွဲများ၊ ဓမ္မာစရိယစာမေးပွဲများအစရှိသည်တို့ကို ကျင်းပပေးခြင်းနှင့် အောင်ဆုလက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် သာသနာတော်တိုးတက်ပြန့်ပွားရေးအတွက်လုပ်ဆောင်လျက်ရှိပါသည်။

ဝါဆိုလ - ဝါဆိုပွဲ

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး ရာသီပေါ်ပန်းမှာ ပုန်းညှက်ပန်းဖြစ်သည်။ ပွဲတော်မှာ ဝါဆိုပွဲတော်ဖြစ်သည်။ မိုးစတင်ရွာသွန်းသောလဖြစ်သောကြောင့် ရဟန်း၊ သံဃာတို့ မည်သည့်အရပ်ကိုမျှ ညဉ့်အိပ်သွားရောက်ခြင်းမပြုပဲ စတင်ပြီး ဝါဆိုဝါကပ်ပြုတော်မူသော လဖြစ်သည်။ ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့သည် ဝါဆိုလတွင်ဖူးပွင့်ကြသည့် ပန်းများဖြင့် ဘုရားစေတီများတွင်သွားရောက်လှူဒါန်းခြင်း၊ ဝါဆိုမည့်ရဟန်းသံဃာတော်များ ဝါဆိုသည့်အခါ ပူဇော်နိုင်ရန် ဝါဆိုဖယောင်းတိုင်များနှင့် ဝတ်ဆင်ရန်သင်္ကန်းများကို ကပ်လှူလေ့ရှိကြသည်။

ဝါခေါင်လ - စာရေးတံမဲပွဲ

ဝါခေါင်လသည် မြန်မာပြက္ခဒိန်အရ (၅)လမြောက်ဖြစ်၍ မိုးဥတုတွင် ပါဝင်ပါသည်။ ခတ္တာပန်းသည် ရာသီပေါ်ပန်းဖြစ်ပြီး စာရေးတံမဲပွဲကို စည်ကားစွာ ကျင်းပလေ့ရှိကြသည်။ သံဃာတော်များ၏ ဘွဲ့အမည်များကို စာရင်းကောက်ယူ၍ မဲတံလေးများပြုလုပ်ကာ လှူဒါန်းမည့် ပုဂ္ဂိုလ်အားရွေးချယ်မဲနှိုက်စေပါသည်။ ထို့နောက် မိမိတို့နှိုက်ယူလိုက်သောမဲတွင် ပါဝင်သည့် သံဃာတော်အား နောက်တစ်နေ့တွင် မိမိတို့နေအိမ်သို့ပင့်၍ဖြစ်စေ၊ သီတင်းသုံးရာကျောင်းတော်သို့ဖြစ်စေ ဆွမ်းဆပ်ကပ်လှူဒါန်းကြရမည်ဖြစ်သည်။ ထိုသို့ လူအများစုဝေးကာ ပျော်ရွှင်စွာမဲနှိုက်ကြခြင်း၊ စေတနာအပြည့်ဖြင့်လှူဒါန်းကြခြင်းတို့ဖြင့် စာရေးတံမဲပွဲကို ဆင်ယင်ကျင်းပလေ့ ရှိကြပါသည်။

တော်သလင်းလ - လှေပြိုင်ပွဲ

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် (၆)လမြောက်သောလည် တော်သလင်းလဖြစ်သည်။ မိုးတိမ်ကင်းစင်သောလဖြစ်ပြီး ရာသီပေါ်ပန်းမှာ ယင်းမာပန်းဖြစ်သည်။ ရာသီဥတုသာယာသောလဖြစ်သဖြင့် မြစ်ပြင်တွင် လှိုင်းလေငြိမ်သက်သောကြောင့် လှေပြိုင်ပွဲကို ကျင်းပလေ့ ရှိကြသည်။ လှေပြိုင်ပွဲကို တော်သလင်းလဆန်း (၈)ရက်၊ လပြည့်နေ့၊ လပြည့်ကျော် (၈)ရက်နှင့် လကွယ်နေ့များတွင် ကျင်းပကြသည်။ လှေလှော်ခတ်မည့်သူများသည် တူညီဝတ်စုံများဝတ်ဆင်ကြကာ အကြိတ်အနယ်လုယက်ပြိုင်တက်၍ ယှဉ်ပြိုင်ကြပြီး လှေများတာမှထွက်သည်နှင့်တစ်ပြိုင်နက် တူရိယာများဖြင့် နောက်ခံသံစဉ်ကို မြူးကြူးတက်ကြွစွာ တီးမှုတ်အားပေးလေ့ရှိကြသည်။ နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကိုဖော်ပြသော ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။

သီတင်းကျွတ်လ - မီးထွန်းပွဲ

မိုးရာသီကုန်ဆုံး၍ သာယာသော သီတင်းကျွတ်လသည် မြန်မာလများအနက် (၇)လမြောက်ဖြစ်ပါသည်။ ရာသီပေါ်ပန်းမှာ ကြာပန်းဖြစ်ပြီး မီးထွန်းပွဲကို တစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ဆင်နွှဲလေ့ ရှိကြသည်။ သီတင်းကျွတ်လသည် ဝါဆိုလတွင် ဝါဝင်ထားသော သံဃာတော်များအနေဖြင့် ဝါတွင်းကာလကုန်ဆုံးပြီဖြစ်၍ မိမိတို့လိုရာခရီးသို့ ပြန်လည်ကြွချီတော်မူနိုင်သောကာလလည်း ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့သွားရောက်ကာ မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္ဗာများအား အဘိဓမ္မာတရားဟောပြီးသောကြောင့် လူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ပြန်လည်ကြွချီတော်မူလာရာ သောင်းသောင်းဖြဖြ ကြိုဆိုပူဇော်ခဲ့ကြပေသည်။ ထိုသို့သော ဗုဒ္ဓဘာသာဝင်တို့၏ သာသနာဝင်အကြောင်းအရာများကိုအစွဲပြုကာ သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားကိုရည်မှန်း၍ ဆီမီးရောင်စုံ၊ မီးပုံး၊ မီးပန်းနှင့် မီးရှူးများဖြင့် ပူဇော်ကာ သီတင်းကျွတ်မီးထွန်းပွဲတော် ပေါ်ပေါက်ခဲ့ပါသည်။ ယနေ့ထိတိုင် မြို့ကြီးများ၏လမ်းအသီးသီး၏ အဝင်ဝများတွင် မုခ်ဦးများဆောက်လုပ်၍ ဇာတ်နိပါတ်သရုပ်ဖော် ပန်းချီကားများကို လှပပြောင်မြောက်စွာရေးဆွဲကာ ခမ်းနားစွာကျင်းပလေ့ရှိကြပြီး ကျေးလက်တောရွာများနှင့် မြို့ငယ်များတွင်မူ အိမ်တိုင်းလိုလို လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးတို့ဖြင့် ထွန်းညှိပူဇော်ကြသည်။ ထိုနေ့တွင် မိမိထက်အသက်ကြီးသူများနှင့် မိဘ၊ ဆရာသမားများကို ဂါဝရပြုကန်တော့၍ အဆုံးအမများကို နာကြားကာ အပြစ်များရှိပါကလည်းကျေစေသည်ဟု ယူဆသော ဓလေ့လည်းရှိသည်။

တန်ဆောင်မုန်းလ - ကထိန်ပွဲ

ဆောင်းဦးကာလဖြစ်သော တန်ဆောင်မုန်းလသည် မြန်မာပြက္ခဒိန်၏ အဌမမြောက်လဖြစ်ပါသည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်ပြီး ကထိန်ပွဲတော်ကို တစ်နိုင်ငံလုံးစည်ကားသိုက်မြိုက်စွာဆင်နွှဲလေ့ရှိကြသည်။ သံဃာတော်များသီတင်းသုံးရန်အတွက် ထီး၊ ဖိနပ်၊ သင်္ကန်း အစရှိသည့် လှူဒါန်းဖွယ်ရာအဖြာဖြာတို့ဖြင့် ပဒေသာပင်များကို လှပစွာဖန်တီးပြုလုပ်ကာ အဆို၊ အက၊ အတီးအမှုတ်မျိုးစုံတို့ဖြင့် ဘုန်းကြီးကျောင်းများသို့ စုဝေးချီတက်ကာ သွားရောက်လှူဒါန်းကြသည်မှာ တက်ကြွရွှင်မြူးစရာကောင်းလှပါသည်။ ကထိန်ပွဲတော်ကို လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့ရွာအလိုက်သာမက အစိုးရစာသင်ကျောင်းများ၊ ဈေးများ၊ ရုံးများနှင့် အသင်းအဖွဲ့ပေါင်းစုံများကလည်း စုပေါင်းကျင်းပလေ့ရှိသည်။ စုပေါင်းကျင်းပရသဖြင့် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်နှီးမှုတိုးပွားစေသည့်အပြင် မြန်မာတို့၏ ညီညွတ်စည်းလုံးမှုကိုလည်းဖော်ပြသော ယဉ်ကျေးမှုရိုးရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။

နတ်တော်လ - စာဆိုတော်ပွဲ

တော်ဝင်သဇင်ပန်းများပွင့်သော နတ်တော်လသည် မြန်မာလများအနက် (၉)လမြောက်သောလဖြစ်သည်။ စာဆိုတော်ပွဲမှာ ထင်ရှားသောပွဲတော်တစ်ခုဖြစ်ပြီး စာဆိုတော်နေ့ဖြစ်သော နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။ စာဆိုတော်နေ့အခမ်းအနားပွဲတွင် ရှေးစာဆိုတော်ကြီးများ၏ ပြောင်မြောက်သော အရေးအသားအဖွဲ့အနွှဲ့များကို စာပေဝါသနာရှင်များ၊ ပညာရှိပုဂ္ဂိုလ်များနှင့် ထုတ်နှုတ်ရွတ်ဆိုကာ ရှေးစာဆိုများကို ချီးကျူးဂုဏ်ပြုကြသည်။ သက်ဝါကြီးရင့်သော စာပေပညာရှင်ကြီးများကိုလည်း ပူဇော်ကန်တော့လေ့ရှိသည်။ စာဆိုတော်ပွဲကြောင့် စာပေကို ပိုမိုစိတ်ဝင်စားလာကြပြီး စာရေးဆရာနှင့် စာဖတ်ပရိသတ်တို့ ပိုမိုရင်းနှီးစေခြင်းအစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။


ပြာသိုလ - မြင်းခင်းပွဲ

မြန်မာလများတွင် (၁၀)လမြောက်ဖြစ်သော ပြာသိုလသည် ဆောင်းဥတုဖြစ်ပါသည်။ ရာသီပေါ်ပန်းမှာ ခွါညိုပန်းဖြစ်ပြီး မြင်းခင်းသဘင်ပွဲကို ကျင်းပလေ့ ရှိကြသည်။ ရှေးယခင်က မြင်းခင်သဘင်ပွဲသည် လက်ရုံးရည်နှင့် သူရသတ္တိပြည့်စုံသော ထူးချွန်သူတို့၏ အရည်အချင်းပြပွဲကြီးတစ်ခုလည်း ဖြစ်ပါသည်။ အခြားရာသီပွဲတော်များကဲ့ကို ရက်ပိုင်းမျှကျင်းပသော ပွဲတော်မျိုးမဟုတ်ဘဲ ပြာသိုလတစ်လလုံး ကျင်းပလေ့ရှိသော ပွဲတော်တစ်ခုဖြစ်သည်။ မြင်းခင်းတစ်ခုတည်းသာမဟုတ်ဘဲ အခြားသောစစ်စွမ်းရည်များပါ ပါဝင်ပြသလေ့ရှိသည်။ ယနေ့ခေတ်တွင်မူ ပြာသိုလတွင် စစ်လက်ဆိုင်ရာ သူရဲကောင်းဘွဲ့တံဆိပ်များနှင့် သာသနာဘက်ဆိုင်ရာဘွဲ့ထူးဂုဏ်ထူးတံဆိပ်တော်များကို ဘွဲ့နှင်းသဘင်များ ကျင်းပကာ ပေးအပ်ချီးမြှင့်ပေးလျက် ရှိသည်။


တပို့တွဲလ - ထမနဲပွဲ

တပို့တွဲလသည် မြန်မာလများတွင် (၁၁)လမြောက်သော လဖြစ်ပြီး ဆောင်းရာသီ၏ နောက်ဆုံးအပိုင်းဖြစ်သည်။ ပေါက်ပန်း(ပေါက်လဲပန်း)မှာ ရာသီပေါ်ပန်းဖြစ်ပါသည်။ ကောက်ဦးပေါ်ချိန်ဖြစ်သောကြောင့် ထမနဲပွဲမှာ တပို့တွဲလ၏ အလွန်ထင်ရှားသောပွဲတော်တစ်ခု ဖြစ်သည်။ ထမနဲသည် ကောက်ညှင်းကို နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ဂျင်း စသည်တို့ဖြစ် စီမံပြုလုပ်ထားသော မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည်။ လဆန်းချိန်မှစ၍ လပြည့်နေ့တိုင်အောင် တစ်နိုင်ငံလုံး နေရာအနှံအပြား ထမနဲထိုးပွဲများကို ပျော်ပျော်ပါးပါး ကျင်းပလေ့ရှိကြသည်။ တစ်ဦးတည်းအကုန်အကျခံကာပြုလုပ်သော ထမနဲ့ပွဲများရှိသကဲ့သို့ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်၊ ကျေးရွာအလိုက် စုပေါင်းပြုလုပ်သောထမနဲပွဲများလည်း ရှိသည်။ အချို့သောထမနဲပွဲများသည် ပိုမိုစိတ်ဝင်စားစရာကောင်းစေရန်အတွက် ပြိုင်ပွဲအသွင် ပြုလုပ်ကျင်းလေ့ ရှိကြသည်။

တပေါင်းလ - သဲပုံစေတီပွဲ

တပေါင်းလသည် မြန်မာလများထဲတွင် (၁၂)လမြောက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလလည်း ဖြစ်သည်။ ဆောင်းအကုန်နွေအကူးကာလဖြစ်သောကြောင့် ရာသီပေါ်ပန်းမှာ သရဖီပန်းဖြစ်သည်။ သဲပုံစေတီပွဲတော်ကို ကျင်းပလေ့ရှိကြသည်။ တပေါင်းလသို့ရောက်သည့်အခါ မြစ်ချောင်းများတွင် ရေစစ်ကာ သဲသောင်ဖြူဖြူလေးများ ပေါ်ထွန်းလာလေ့ရှိပြီး တောင်သူဦးကြီးများအနေဖြင့်လည်း လယ်ယာလုပ်ငန်းများပြီးစီးကာ အနားယူရချိန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် သဲပုံစေတီပွဲကို ရာသီပွဲအဖြစ်သတ်မှတ်ကာ သဲဖြူဖြူလေးများဖြင့် ရိုင်များကို အဆင့်ဆင့်စေတီသဖွယ်ပြုလုပ်ကာ လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်၍လှူဒါန်းလေ့ ရှိကြပါသည်။ ယနေ့ခေတ်တွင် သဲပုံစေတီပွဲမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး မန္တလေးအစရှိသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသအချို့တွင်သာ ကျင်းပကြသည်။


ကိုးကားချက်။ ။ဦးအေးနိုင် (ဘီ-အေ)ရေးသားသော ဆယ့်နှစ်ရာသီမြန်မာ့ရိုးရာ ရာသီပွဲတော်များ