ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

Ministry of Information/ ​နေပြည်တော် / February 14, 2020
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၄

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၆)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း ၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်းပြီး နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပေ(၁၁၀ × ၃၀) နှစ်ထပ်ဆောင် အသစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း  တည်ဆောက်ရေး ရန်ပုံငွေခေါင်းစဉ်အောက်တွင် ဦးစားပေး အစီအစဉ်အရ စိစစ်လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက ကျောင်းဆောင် အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ရုပ်၀ကျေးရွာအုပ်စု၊ မီးလက်၀ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် RCC တစ်ထပ်ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပလက်၀မြို့နယ်၊ မီးလက်၀ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် RC တစ်ထပ်ဆောင် အသစ်တစ်ဆောင် ဆောက်လုပ်ရန် လိုအပ်သည့် ရန်ပုံငွေများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေတွင် ဦးစားပေး အစီအစဉ်အရ လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက ကျောင်းဆောင်အသစ် တစ်ဆောင် ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုင်းစံအောင် ၏ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ အုပ်စုရှိ ရွှေဝါကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဖြစ် လည်းကောင်း၊ မိန်းပန်းကျေးရွာ အုပ်စုရှိ မိန်းပန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား အခြေခံပညာ မူလတန်း(လွန်)ကျောင်း အဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်ကိုယ်စားလှယ် တင်ပြထားသည့် ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် မိန်းပန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့ကို ကျောင်းအဆင့်မြှင့်တင်ရေး မူများနှင့် စိစစ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဒေါန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်အဆောင်(၁)သည် ဟောင်းနွမ်းပျက်စီးနေသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် RCC နှစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန အနေဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ဒေါန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေခေါင်းစဉ်အောက်တွင် ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေး မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦး ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ သုံးပန်လှကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ချောင်းဦးမြို့နယ်၊ သုံးပန်လှ အခြေခံပညာ အလယ်တန်းကျောင်း၏ လက်ရှိကျောင်းအဆင့် သက်တမ်းမှာ (၃)နှစ်ခန့်သာ ရှိသေးပါကြောင်း၊ အလယ်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ ဦးရေမှာလည်း (၁၇၈)ဦးသာ ရှိသည့်အပြင် အနီးဆုံး အထက်တန်းအဆင့် သင်ကျောင်းဖြစ်သည့် တောကျောင်းကြီး အခြေခံပညာ အထက်တန်းကျောင်းနှင့်လည်း (၂)မိုင်ခန့် ခရီးအတွင်းသာရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သုံးပန်လှ အခြေခံပညာ အလယ်တန်းကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ရေးအတွက် လာမည့် ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး အစီအစဉ်အနေဖြင့် သတ်မှတ်လျာထားခြင်း မရှိပါကြောင်း၊ နောင်လာမည့် နှစ်များတွင် ဘဏ္ဍာရေးခွင့်ပြုချက် ရရှိသည်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း ၏ မြန်မာနိုင်ငံတွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူများ အထက်တန်းရှေ့နေ (H.G.P) သင်တန်း တက်ရောက်နိုင်ရန်အတွက် အထက်တန်းရှေ့နေ (H.G.P) သင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် အထက်တန်းရှေ့နေ (H.G.P) စာမေးပွဲသည် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်သည့် စာမေးပွဲမဟုတ်ဘဲ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စာမေးပွဲသည် သင်တန်း အမျိုးအစားထဲတွင် မပါဝင်ပါကြောင်း၊ သင်တန်းများလည်း ဖွင့်လှစ်ပေးခြင်း မရှိပါကြောင်း၊ ဖြေဆိုရမည့် သင်ရိုးညွှန်းတန်းများကို ထုတ်ပြန်ကြေညာထားပြီး အပိုင်းခွဲ၍ စာမေးပွဲစစ်ဆေး သတ်မှတ်ခြင်းသာ ဖြစ်ပါကြောင်း။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင်ရှိသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် ဥပဒေဘွဲ့(LLB) သင်တန်းများကို နေ့သင်တန်းနှင့် အဝေးသင် သင်တန်းများအဖြစ် နှစ်စဉ်ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ သင်တန်းများမှ ကျောင်းဆင်းသွားသည့် ဥပဒေဘွဲ့ (LLB) ရရှိသူများသည် Chamber (၁)နှစ် ဆင်းပြီးပါက အထက်တန်းရှေ့နေ (H.G.P) အဖြစ် တရားရုံးချုပ်တွင် လျှောက်ထားဆောင်ရွက် နိုင်ပါကြောင်း ဖြေကြားသည်။

ထို့နောက် ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သန်းသန်းဝင်း တို့က ဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၀၆ တို့အရ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီ (၁၂)ခု၏ သက်တမ်းအား တစ်နှစ်ပြည့်မြောက်သည့် နေ့မှစတင်၍  ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၇ အရ နောက်ထပ်သက်တမ်း တစ်နှစ် တိုးမြှင့်သတ်မှတ်ကြောင်း  လွှတ်တော်သို့ အသိပေးကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်

ဓာတ်ပုံ - စိုးဝင်းထွန်း



ဓာတ်ပုံနှင့် ဗီဒီယိုများ