အစိုးရကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ၊ ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် လိုအပ်သည့်ပစ္စည်းများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ပေးအပ် နိုင်ရန် စီစဉ်လျက်ရှိ

အစိုးရကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ၊ ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် လိုအပ်သည့်ပစ္စည်းများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ပေးအပ် နိုင်ရန် စီစဉ်လျက်ရှိ

Ministry of Information/ ​နေပြည်တော် / May 22, 2020
image_latest


 ရန်ကုန် မေ ၂၂

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့ မွန်းလွဲ ၁ နာရီခွဲ က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) ကိုယ်စားလှယ် အဖွဲ့နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပသည်။

ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကရင်နီအမျိုးသား တိုးတက် ရေးပါတီ (KNPP) မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း နှင့် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်တို့က အဖွင့်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲတွင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦးက  NCA-S EAO (၁၀) ဖွဲ့ နှင့် မေ (၈) ရက်က ဆွေးနွေးခဲ့သည့် သဘောတူညီချက် (၇) ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကိုဗစ်-၁၉ ရောဂါကုသရေး၊ တစ်ဖက်နိုင်ငံမှပြန်လည်ဝင်ရောက်လာမည့် သူများကိစ္စ၊  ကိုဗစ်-၁၉လူနာ၊  သံသယလူနာ များကိစ္စ၊  နိုင်ငံတကာအကူအညီများရယူခြင်းကိစ္စ၊ ကိုဗစ်-၁၉ ရောဂါထိတွေ့ လူနာရှာ ဖွေရေးကိစ္စရပ်များ၊ ကော်မတီနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “  ဒီနေ့ NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေထဲက ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) နဲ့ ကျွန်တော် တို့ Online Video Conferencing အစည်းအဝေး လုပ်ပါတယ်။ ကိုဗစ်-၁၉ က တစ်မျိုး သားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကော်မတီအနေနဲ့ NCA လက်မှတ်မရေးထိုးထားရ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ဆက်သွယ်ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေလိုပဲ အဓိကခေါင်းစဉ် (၆) ခုကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ (၁) ကိုဗစ်-၁၉ ထိန်းချုပ်ရေးကိစ္စ၊ (၂) ကုသရေးကိစ္စ (၃)နယ်စပ်ဒေသ တွေကနေ ဖြတ်ကျော်ဝင်ရောက် လာမဲ့သူတွေ ကိစ္စ၊ (၄) နိုင်ငံတကာ အကူအညီ ရယူရေးကိစ္စ၊ (၅)ကိုဗစ်-၁၉  ထိတွေ့လူနာတွေအတွက် ဆက်လက် ဆောင်ရွက် နိုင်ဖို့ကိစ္စနဲ့ (၆) အထွေထွေကိစ္စရပ်တွေ ဆွေးနွေးပါတယ်” ဟုပြောသည်။

ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော် လည်း ၂၀၁၂ ခုနှစ် မတ် (၇) ရက်တွင် အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး bilateral ကို လက်မှတ်ရေးထိုးထားသည်။

KNPP ၏ ဆွေးနွေးမှုများနှင့်ပတ်သက်၍ ဦးလှမောင်ရွှေက “ KNPP ဘက်က ဆွေးနွေးတာကတော့ သူတို့သည့် ထိုင်းနိုင်ငံနဲ့ ဆက်စပ်တဲ့ နေရာမှာ တည်ရှိပြီးတော့ ကိုဗစ်-၁၉ ကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် နေရာ (၁၈) နေရာမှာ စခန်းတွေနဲ့ Screening  point ထားပြီး ဆောင်ရွက်နေတယ်လို့ ရှင်းပြတယ်။ နောက်သူတို့ဒေသမှာ နယ်လှည့်ကုသရေး အဖွဲ့တွေကလည်း နယ်လှည့် ပြီးတော့ ပြည်သူလူထုကို ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၄) ခုမှာဆို ကယားပြည်နယ်ကလွဲလို့ ကိုဗစ်-၁၉ ရောဂါပိုးလက္ခဏာရှိသူတွေကို ကျန်နေရာ တွေမှာ တွေ့နေပါတယ်။ နောက် ကယားပြည်နယ်မှာ ကံကောင်းတာက သူနဲ့ဆက်စပ် နေတဲ့ မယ်ဟောင်ဆောင် ခရိုင်မှာလည်း ခုထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာမတွေ့သေးတဲ့ အတွက် ကောင်းပါတယ်။ ဒါကိုလည်း အတတ်နိုင်ဆုံး နှစ်ဖက်ပူးပေါင်းပြီး ထိန်းသိမ်း ဆောင်ရွက်ဖို့ဆိုတာလည်း ဆွေးနွေးပါတယ်” ဟုပြောကြားသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ရှေ့လာမည့် ရက်သတ္တပတ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများထံ ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း
  • အချက်အလက်များ မရှိသေးပါ