ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန

ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန

Ministry of Information/ ​နေပြည်တော် / May 23, 2020
image_latest


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပုဒ်မ ၃ ပြဋ္ဌာန်းချက်များအတိုင်း “ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ စျေးကွက် စီးပွားရေးစနစ် ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး” တို့ အတွက် အဓိကရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဖြတ်သန်းဆောင်ရွက်နေမှုသည် စတုတ္ထ (၁) နှစ်တာသို့ရောက်ရှိခဲ့ချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် သက်တမ်း အားဖြင့် လေးနှစ်တာဖြတ်သန်းခဲ့ပြီး လေးနှစ်တာ အတွင်း များပြားကာ တာဝန်ကြီးမားလွန်းလှ သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံ့ အတွက် ဆောင်ရွက်ချက်များကို အားဖြည့်ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ယင်းအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန စတုတ္ထ (၁) နှစ်တာအတွင်း ဖြတ်သန်းမှုများကို ပြည်သူများသိရှိနိုင်စေဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်က ရှင်းလင်းဆွေးနွေး ခဲ့သည်များကို စုစည်းဖော်ပြပေး လိုက်ရ ပါသည်-

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေအရအပ်နှင်းထားတဲ့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်(၄)ရပ်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချမှတ်ပေး ထားတဲ့ မူဝါဒတွေကို အကောင်အထည် ဖော်ရာမှာ ပေါင်းစပ်ညှိနှိုင်းပေးရတဲ့ အထောက် အကူပြု ဝန်ကြီးဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆောင်ရွက် ချက်တွေနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

ရည်မှန်းချက်တွေကို အကောင်အထည်ဖော်

နိုင်ငံတော်က ချမှတ်ထားတဲ့ ငြိမ်းချမ်း ရေး၊ စီးပွားရေးသာယာဝပြောရေးနှင့် ဒီမို ကရေစီအရေးဆိုတဲ့ ရည်မှန်းချက် ပန်းတိုင် သုံးခုကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးတိုးတက်မှုတွေဟာ အားကောင်း ခိုင်မာလာမှာဖြစ်ပါတယ်။ ထို့အတူ ငြိမ်းချမ်းရေးရယူနိုင်မှလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်များကို ချောမွေ့ညင်သာစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ရည်မှန်းချက်ပန်းတိုင်တစ်ခုချင်း အလိုက် တစ်သီးတခြား ဆောင်ရွက်ခြင်းမပြုဘဲ ရည်မှန်းချက် ပန်းတိုင်(၃)ရပ်လုံးနဲ့ ဆက်စပ် ခြုံငုံစဉ်းစားပြီးတော့ ဆောင်ရွက်လျက် ရှိပါ တယ်။

ဒါ့ပြင် လုပ်ငန်းတွေ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ၂ဝ၂ဝ ပြည့်နှစ် ဖေဖော် ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်အား ခန့်အပ်တာဝန် ပေးအပ်ခဲ့တဲ့အတွက် ဦးမင်းလွင်အနေဖြင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ လူမှုသဟဇာတဖြစ်ရေး လုပ်ငန်း တာဝန်များအပြင် အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုင်ရာကိစ္စများအပေါ် အာရုံစိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးစားပေးဆောင်ရွက်

လက်ရှိအစိုးရ တာဝန်ယူတဲ့အချိန်ကစပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးမူဝါဒအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း တွေကို ထိရောက်စွာ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center-NRPC)ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက် မှာ ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။

NRPC ကနေအစပြုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး တစ်ခုလုံးကို စတင်ခြေလှမ်း လှမ်းခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနကို ဖွဲ့စည်းရာမှာ ပြည်တွင်း ငြိမ်းချမ်းရေးသာမက အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ချမှတ်ပေးတဲ့ မူဝါဒတွေကို အကောင်အထည် ဖော်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်း နိုင်ဖို့ ငြိမ်းချမ်းရေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ဖွဲ့စည်းဆောင်ရွက်ခဲ့ ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် NCA ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အကောင်အထည် ဖော်ရေးကိစ္စတွေကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ ထို့အတူ NCA လက်မှတ်ရေး ထိုးခြင်းမပြုရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်လှစ် ထားပြီး အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု များ မြှင့်တင်နိုင်ရန် စဉ်ဆက်မပြတ် ထိတွေ့ ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာစေဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲ နိုင်ဖို့အတွက် NCA ထီးရိပ်အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်နိုင်သမျှပါဝင်လာစေပြီး ညီလာခံစားပွဲဝိုင်း ပေါ်ကို ပါဝင်သင့်သူ အားလုံးရောက်ရှိ လာစေဖို့အတွက် အလေးပေးဆောင်ရွက်သွား မှာဖြစ်ပါတယ်။

NCA အရ ဖွဲ့စည်းတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC က နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါ တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံး ပါဝင်ရေးမူကို အခြေခံပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦး ဖြင့် UPDJC ကို ဖွဲ့စည်းထားပါတယ်။

တစ်ဖက်မှာလည်း NCA စာချုပ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းရန်နဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ရန်ဟူသော အရေးကြီးတဲ့ လုပ်ငန်းတာဝန်ကြီး နှစ်ရပ်ဖော်ပြပါရှိတဲ့ အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Ceasefire Monitoring Committee - JMC) ကို တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အများ ယုံကြည်လေးစားသော အရပ်သား ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

JMC အနေနဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးလျက် ရှိပါတယ်။

တိုင်းရင်းသားပြည်သူများ လူမှုဘဝကူညီပံ့ပိုး

နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုတွေကို တစ်ဖက်မှာ ဆောင်ရွက်နေသလို တစ်ဖက်မှာ လည်း ပဋိပက္ခကျရောက်ခဲ့ရတဲ့ ဒေသတွေ အတွင်းရှိ တိုင်းရင်းသားပြည်သူတွေရဲ့ စားဝတ်နေရေး အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးလျက်ရှိပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ရန်ပုံငွေ၊ ပြည်တွင်း ပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

အလားတူ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ချုပ်ဆိုထားတဲ့ နှစ်ဖက် သဘောတူစာချုပ်(Bilateral Agreement) သဘောတူညီချက်တွေအရ ဒေသခံတိုင်းရင်း သားတွေအနေနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေ ရရှိခံစားနိုင်စေဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံ တကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှု တွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေတွေနဲ့ ပံ့ပိုးဆောင်ရွက်လျက်ရှိပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေး၊ အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ် ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး

ညီလာခံ - (၂၁) ရာစု ပင်လုံခရီး

လက်ရှိအစိုးရလက်ထက်မှာ ပထမဦးစွာ (၂၁) ရာစုပင်လုံညီလာခံဆိုတဲ့ သဘောတရား က တည်ရှိပြီးဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ အံဝင်ခွင်ကျဖြစ်စေဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement – NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြုလုပ်ရန်ရှိတဲ့ ညီလာခံကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံလို့ ခေါ်တွင်စေခဲ့ ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်း ဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် နှစ်ပေါင်း (၇ဝ) ကျော် ကာလအတွင်း တိုင်းရင်းသားတွေရဲ့ သဘောထားရပ်တည် ချက်တွေကို ပွင့်လင်းလွတ်လပ်စွာပြောကြားခွင့် ရရှိစေရန်ရည်ရွယ်ပြီး မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) နေပြည် တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်အထိ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံ အစည်း အဝေးမှာ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ သာမက NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြပါ တယ်။ ညီလာခံကျင်းပပုံတွေကို ရုပ်မြင်သံကြား မှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တဲ့အတွက် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူတွေအနေနဲ့ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံရဲ့ ရပ်တည်ချက်သဘောထားတွေကို သိရှိခွင့် ရခဲ့ပြီး လူထုစိတ်ဝင်စားမှု အရှိန်အဟုန် မြင့်တက်လာစေခဲ့ပါတယ်။

ဖက်ဒရယ်အခြေခံမူ သဘောတူညီချက်တွေထွက်ပေါ်

ထို့တူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်မှာ ၂ဝ၁၇ ခုနှစ် မေလ ၂၄ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံအစည်းအဝေးမှာ မူဝါဒအဆိုပြုချက် တွေအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲတွေ အဆင့်ဆင့်ကျင်းပပြုလုပ်ပြီး ရရှိလာတဲ့ အဆိုပြုချက်တွေ ဖြစ်တဲ့ နိုင်ငံရေး ကဏ္ဍ (၁၂)ချက်၊ စီးပွားရေးကဏ္ဍ (၁၁)ချက်၊ လူမှုရေးကဏ္ဍ (၄)ချက်၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ (၁ဝ)ချက် စုစုပေါင်း သဘောတူညီချက် (၃၇) ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၁) အဖြစ် သဘောတူညီခဲ့ပါတယ်။

ဒီမူဝါဒ သဘောတူညီချက် (၃၇) ချက် ဟာဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမ ဆုံးရရှိတဲ့ ဖက်ဒရယ်အခြေခံမူ သဘော တူညီချက်တွေ ဖြစ်ပါတယ်။

အလားတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်း အဝေးကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် ထပ်မံချုပ်ဆိုနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၂)မှာ နိုင်ငံရေးကဏ္ဍ (၄)ချက်၊ စီးပွားရေး ကဏ္ဍ (၁)ချက်၊ လူမှုရေးကဏ္ဍ (၇)ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ (၂)ချက် စုစုပေါင်း သဘောတူညီချက်(၁၄)ချက် ပါဝင်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂ဝ၂ဝ ပြည့်နှစ်အတွင်း ကျင်းပရန် ရည်ရွယ်ထား ပါတယ်။ အဆိုပါညီလာခံမှာ အရေးကြီးတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ပါဝင်မယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၃) ချုပ်ဆိုနိုင်ရေးအတွက် လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ညီလာခံလုပ်ငန်းစဉ် ဆိုင်ရာ ဆွေးနွေးပွဲတွေကို ကျင်းပလျက်ရှိပါ တယ်။

လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပပေးနိုင်ခဲ့ပြီး နိုင်ငံရေးသဘောတူညီချက်တွေရရှိအောင် ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့တဲ့အတွက် အမှန်တကယ် စိတ်တူကိုယ်တူ စုပေါင်းအင်အားအဖြစ် ကြိုးပမ်းကြလျှင် မဖြစ်နိုင်သည်မရှိဟူသော သဘောတရားကို လက်တွေ့ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက်အရေးပါတဲ့ ခြေလှမ်း

နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာ စေတဲ့ NCA ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သာမက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပေါ်မှာ စောင့်ကြည့်ပြီး ညှိနှိုင်းဖြေရှင်းတဲ့ လုပ်ငန်းစဉ်တွေကို သဘောတူညီတာဖြစ်တဲ့ အပြင် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေ အတွက်ပါ နှစ်ဦးနှစ်ဖက်အကြား အာမခံချက် တွေထားရှိတာပဲ ဖြစ်ပါတယ်။

စာချုပ်ပါ အချက်တွေကို အင်အားစုတွေရဲ့အကြား ညှိနှိုင်းသဘောတူညီထားတဲ့ ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် အဲဒီအချက် တွေကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ဖို့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အတွက် အရေးပါတဲ့ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးခရီးကို ပြန်ပြီးသုံးသပ် ကြည့်ရင် မျှော်လင့်ချက်တွေ ပိုမိုခိုင်မာလာ စေတဲ့ အခြေအနေတွေရှိနေသလို ငြိမ်းချမ်းရေး ဖြစ်စဉ် ပိုမိုခိုင်မာစေဖို့အတွက် ဆက်ပြီး ကြိုးပမ်းဆောင်ရွက်ရမယ့် စိန်ခေါ်မှုတွေလည်း ရှိနေသေးတာကို တွေ့ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်ကြီး တစ်ရပ်ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ပန်းတိုင်ကို ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ဖို့ ကျန်ရှိ နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲတမ်းဖွင့်လှစ်ထားပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)နဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC)အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့၊ NCA မှာ ပါဝင်လက်မှတ် ရေးထိုးနိုင်ဖို့အတွက် အလွတ်သဘော အစည်း အဝေးတွေ၊ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ကျင်းပပြုလုပ်ပြီး NCA လမ်းကြောင်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိ အောင် ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး နောက်ပိုင်းမှာ အစိုးရနဲ့ NCA လက်မှတ် ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြားမှာ အလွတ်သဘောတွေ့ဆုံမှုတွေကို အရှိန်အဟုန်မြှင့်တင်ပြီး ရှေ့ဆက်လက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေ၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေးကျင်းပနိုင်ဖို့အတွက် ၂ဝ၂ဝ ပြည့်နှစ်အလွန် ဆက်ပြီးဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး

အစိုးရနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီး ခေါင်းဆောင်တွေ ပါဝင်တက်ရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်နေ့က NRPC နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး သဘော တူညီချက် (၈) ချက်ကို ရရှိခဲ့ပါတယ်။

ဒါ့ပြင် အစိုးရနှင့် NCA-S-EAOs (၁ဝ) ဖွဲ့မှ ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံညှိနှိုင်း အစည်းအဝေး (၃)ကြိမ်ကျင်းပခဲ့ပြီး JICM သဘောတူဆုံးဖြတ်ချက်များ အကောင် အထည်ဖော်ရေးနဲ့ NCA အကောင်အထည်ဖော် မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ၊ ၂ဝ၂ဝ ပြည့်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဉ် တွေနဲ့အဆင့်လိုက် အကောင်အထည်ဖော် မှုတွေ၊ အခြေခံမူသဘောတူညီချက်တွေ ရယူရေးကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ ပါတယ်။

၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက် နေ့မှာ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရရဲ့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၃) ရပ်ကို ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

ငြိမ်းချမ်းရေး ပထမလုပ်ငန်းစဉ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံကို ဘယ်လိုရှေ့ဆက်သွားမလဲဆိုတဲ့ ဘုံလုပ်ငန်းစဉ်ကို သဘောတူညီမှုရယူဖို့ ဖြစ်ပါ တယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင် အထည်ဖော်မှုနဲ့ပတ်သက်ပြီး မူဘောင် သဘောတူညီချက်တွေအပြင် လက်ရှိရရှိထား တဲ့ အခြေခံမူသဘောတူညီချက် (၁၄) ချက်နဲ့ ထပ်မံပြီးရရှိလာမယ့် အခြေခံမူသဘော တူညီချက်တွေ၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အလွန်မှာ ဆက်လက်ဖော်ဆောင်မယ့် အဆင့် လိုက်လုပ်ငန်းစဉ်တွေ၊ အဆင့်လိုက် အကောင် အထည်ဖော်မှု သဘောတူညီချက်တွေကို လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေးမှာ သဘောတူညီချက်ရယူပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဒုတိယလုပ်ငန်းစဉ်

ငြိမ်းချမ်းရေး ဒုတိယလုပ်ငန်းစဉ်က NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံး ပါဝင်လာ ရေးပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့က NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက် အရှိန်မြှင့်လုပ်ဆောင်ပြီး ပစ်ခတ်တိုက်ခိုက် မှုလျော့နည်းတဲ့ အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ဖို့၊ နိုင်ငံရေးစားပွဲဝိုင်းမှာ ပါဝင်နိုင်ဖို့နဲ့ NCA ထီးရိပ်အောက်မှာ ပါဝင် သင့်ပါဝင်ထိုက်သူတွေအားလုံး ပါဝင်လာရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်ပေါ်လာ အောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး တတိယလုပ်ငန်းစဉ်က ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ပြည်သူ လူထုတွေ ရရှိခံစားနိုင်ရေးပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု တွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ငြိမ်းချမ်းရေးရန်ပုံ ငွေတွေနဲ့ ပဋိပက္ခဒဏ်ကို အဓိကခံစားကြရတဲ့ တိုင်းရင်းသားဒေသများရှိ ပြည်သူလူထု အတွက် လိုအပ်တဲ့အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုး ရေး၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပေါင်းစပ် ညှိနှိုင်း ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာမှာ အထောက် အကူဖြစ်စေဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေဖြစ်တဲ့ UNDP၊ UNHCR တို့နဲ့ ၂ဝ၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ နောက်ထပ် သက်တမ်းတစ်နှစ်တိုးခဲ့ပါတယ်။ ဒီကာလ အတွင်းမှာ UNHCR ကို Rapid Need Assessment (၆) ကြိမ်၊ Follow Up Visit ၆ ကြိမ်၊ Quick Impact Projects ၄၅ ခုအတွက် လုပ်ငန်းဆောင်ရွက်ခွင့်နဲ့ ခရီးသွားလာခွင့် တွေကို ဆောင်ရွက်ခွင့်ပြုပေးခဲ့ပြီး ရခိုင် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း တွေကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ လတ်တလောကာလမှာ Medium Term Project တွေကို ဆောင်ရွက် ခွင့်ပြုထားခဲ့တဲ့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Christine Schraner Burgener နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အထူးကိုယ်စားလှယ်ကို ၂ဝ၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ၊ မတ်လ၊ ဇူလိုင်လ၊ စက်တင်ဘာလ နဲ့ နိုဝင်ဘာလတွေမှာ (၁) ကြိမ်စီ၊ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ(၁)ကြိမ် စုစုပေါင်း(၆) ကြိမ် မြန်မာနိုင်ငံသို့ လာရောက် ခွင့်ပြုခဲ့ပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ပြန်လည် နေရာချထားဖို့အတွက် ဆောင်ရွက် လျက်ရှိရာ မှာ ကျောက်တော်မြို့မှာရှိတဲ့ နိဒင် IDP စခန်း ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လမှာ ပိတ်သိမ်းနိုင်ခဲ့ပြီး စခန်းတွင်းနေထိုင်သူတွေကို ပြန်လည်နေရာ ချထားဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် မြေပုံမြို့မှာရှိတဲ့ တောင်ပေါ် IDP စခန်းကို ပိတ်သိမ်းခဲ့ပြီး နေအိမ် ၆၄၂ လုံးနဲ့ အခြေခံအဆောက်အဦတွေကို ဆောက်လုပ် ပေးပြီး နေရာချထားပေးခဲ့ပါတယ်။ မပိတ်သိမ်း ရသေးတဲ့ IDP စခန်းတွေ ပိတ်သိမ်းနိုင်ဖို့အတွက် လည်း ပြည်ထောင်စုအဆင့် ကွင်းဆင်း ဆောင်ရွက်ရေးအဖွဲ့တွေ စေလွှတ်ဆောင်ရွက် ပေးနေပြီး IDP စခန်းအတွင်း နေထိုင်သူတွေ၊ မြို့မိမြို့ဖတွေနဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပြန်လည်နေရာချထား ဖို့ လျာထားနေရာချမယ့်နေရာတွေ လေ့လာ ခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင် ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ IDP စခန်း ၁၉ ခု ကျန်ရှိပြီး လက်ရှိမှာ အိမ်ထောင်စု ၄၂၇ စု၊ လူဦးရေ ၁၅၆၁ ဦး နေထိုင်လျက်ရှိတဲ့ ကျောက်တစ်လုံး IDP စခန်းကို ပြန်လည် နေရာချထားဖို့နဲ့ စခန်းပိတ်သိမ်းဖို့အတွက် ပြည်ထောင်စုအဆင့်ရေးဆွဲထားတဲ့ Camp Closure Strategy နဲ့အညီ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။

ရခိုင်အရေးတွင် ဖိအားမျိုးစုံနှင့်စိန်ခေါ်မှုမျိုးစုံရှိနေ

ရခိုင်ပြည်နယ်အရေးမှာ ထိလွယ်ရှလွယ် တဲ့ နောက်ခံအခြေအနေနဲ့ မတူကွဲပြားမှုတွေ အကြား အမုန်းတရားနဲ့ နာကြည်းမှုတွေကြောင့် ကောင်းမွန်တဲ့အခြေအနေကို တိုးတက်ရောက် ရှိလာစေဖို့ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံက နေ ချဉ်းကပ်ဆောင်ရွက်လျက်ရှိပေမယ့် ကုလသမဂ္ဂယန္တရားမျိုးစုံရဲ့ ဖိအား၊ ICJ ရဲ့ ကြားဖြတ်အစီအမံ ဆောင်ရွက်ရေး ဆုံးဖြတ်ချက်တွေ၊ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံကြီးတွေအပါအဝင် နိုင်ငံတကာရဲ့ ဖိအားနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားတွေကြောင့် အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။

ဒီလို အခြေအနေတွေမှာ ARSA ၊ RSO နဲ့ AA ကဲ့သို့ အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ရှုပ်ထွေးတဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိ နေတဲ့အတွက် ရခိုင်ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ဖို့ နှောင့်နှေးလျက်ရှိနေပါတယ်။

ချစ်ကြည်ရင်းနှီးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့မှာ အပြန်အလှန် အမှီသဟဲပြုနေပြီး လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ အခြေခံလူမှု ဘဝဝန်ဆောင်မှုတွေ ရရှိခံစားနိုင်စေဖို့ အရေးကြီးတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ မွေးစာရင်းရရှိရေးကဏ္ဍတွေမှာ အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ဖို့ ရခိုင်ပြည်နယ် IDP စခန်းတွေမှာ နေထိုင်လျက်ရှိသူတွေကို အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးခဲ့ပါ တယ်။ ဒါ့အပြင် e-ID ပြုလုပ်ပေးခြင်း၊ NVC ကတ်ထုတ်ပေးခြင်းနဲ့ မွေးစာရင်းထုတ်ပေး ခြင်းလုပ်ငန်းတွေကို Mobile Team နဲ့ စီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်အထိ IDP Camps / ကျေးရွာတွေမှာ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးမှု အနေနဲ့ ၉၉၅ဝ ၊ သက်ကြီး/သက်ငယ်တွေကို မွေးတိုးစာရင်းပြုလုပ်ပေးမှု၊ NVC ကတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ် ရှိသူ တွေကို ပုဒ်မ ၅၆ အရ စိစစ်ဆောင်ရွက်မှု ၁၆၈၅ ဦး ဆောင်ရွက်ပေးခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးဆိုင်ရာရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေ ကိစ္စနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ တရားစွဲဆိုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(OIC)ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ၁၉၄၈ ခုနှစ် လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နဲ့ ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် ကို ကျူးလွန်ဖောက်ဖျက်သည်ဆိုတဲ့ စွပ်စွဲချက် နဲ့ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလမှာ တရားစွဲဆိုခဲ့ပါ တယ်။

မြန်မာနိုင်ငံက “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံ သဘောတူစာချုပ် (Convention for the Prevention and Punishment of the Crime of Genocide)” ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၅၆ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ အဖွဲ့ဝင်အဖြစ် အတည်ပြု ပါဝင်ခဲ့ပါတယ်။ ၎င်းသဘောတူ စာချုပ်ကို လက်ခံအတည်ပြုဖို့ ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ သက်ဆိုင်ရာ ဝန်ကြီးက ပါလီမန်မှာ “မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရဲရဲတင်းတင်းပြောရဲကြောင်း၊ လူတစ်စုနှင့် တစ်စုဖြစ်စေ၊ ဘာသာတစ်ခုနှင့် တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ၊ လူတစ်စုအလိုက်ဖြစ်စေ ယနေ့အထိ ဤ ကိစ္စမျိုး မပေါ်ဖူးသေးကြောင်း၊ နောင်ကိုလည်း ပေါ်စရာအကြောင်းမရှိကြောင်း” ရှင်းလင်း တင်ပြခဲ့ပြီး ပါလီမန်ရဲ့ အတည်ပြုချက်ကို ရယူခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ “လူမျိုးပြုန်းတီးစေမှု ကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံ ပေါင်းစုံ သဘောတူစာချုပ်” ကို လက်ခံ အတည်ပြုစဉ်က ရပ်တည်ချက်အတိုင်း ယနေ့ကာလအထိ လိုက်နာဆောင်ရွက်လျက် ရှိပါတယ်။ လူမျိုးပြုန်းတီးစေမှု (Genocide) ဆိုတာက လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူစု တစ်စုကိုဖြစ်စေ သတ်ဖြတ်ခြင်း၊ ပြုန်းတီးခြင်း လို့ အဓိပ္ပာယ်ရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ဖြေရှင်း

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ မြန်မာ နိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တိုင်းဟာ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ အဖွဲ့ဝင်ဖြစ်ခြင်း၊ နိုင်ငံရဲ့အကျိုးစီးပွား၊ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားဖြစ်တဲ့ အတွက် ဒီကိစ္စကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ပြီး ဖြေရှင်း ဆောင်ရွက်လျက်ရှိပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ပထမ အကြိမ် ကြားနာမှုကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့နဲ့ ၁၁ ရက်နေ့တို့မှာ ကျင်းပခဲ့ပါ တယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးက ဂမ်ဘီယာ နိုင်ငံရဲ့ လျှောက်လဲချက်ကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက် နံနက်ပိုင်းနဲ့ မြန်မာနိုင်ငံရဲ့ လျှောက်လဲချက်ကို ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းမှာ သုံးနာရီစီ ကြားနာခဲ့ပါတယ်။ ဒုတိယအကြိမ် ကြားနာမှုကို ဒီဇင်ဘာလ ၁၂ ရက်မှာ ကျင်းပခဲ့ပြီး ဂမ်ဘီယာနိုင်ငံက နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ၊ မြန်မာနိုင်ငံက ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ တစ်နာရီခွဲစီ လျှောက်လဲခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံ ရှေ့နေတွေရဲ့ စွပ်စွဲမှုတွေ အပေါ် မြန်မာနိုင်ငံမှာ လူမျိုးပြုန်းတီးစေမှု ရာဇဝတ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း၊ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်နဲ့ ကြံစည် သတ်ဖြတ်ခြင်းမရှိကြောင်းကို ခုခံချေပဖြေရှင်း ခဲ့ပါတယ်။ လျှောက်လဲမှုမှာ မြန်မာနိုင်ငံဘက်က ဂမ်ဘီယာရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းတဲ့အမှုကိစ္စကို တရားရုံးစာရင်းမှ ပယ်ဖျက်ပေးရန် (သို့မဟုတ်) ဂမ်ဘီယာမှ တောင်းဆိုတဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက် တွေကို ပယ်ချပေးရန် တောင်းဆိုခဲ့ပါတယ်။

ပကတိအရှိတရားအတိုင်းသာဖြေရှင်းကြိုးပမ်းခဲ့

ဒီအမှုကို ရင်ဆိုင်ရာမှာ မြန်မာအစိုးရက မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကို ဖြစ်စေ၊ မည်သည့် ဘာသာကိုဖြစ်စေ၊ မည်သည့် လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း အလျဉ်း မပြုလုပ်ဘဲ ပကတိအရှိတရားအတိုင်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ကြားဖြတ် စီမံဆောင်ရွက်ချက်မှာ စွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပေါ်ပေါက်မှုကို ကာကွယ်တဲ့ အစီအမံဖြစ်တဲ့အတွက် တရားရုံးက အစီအမံချမှတ်လေ့ရှိတဲ့ အစဉ် အလာရှိပါတယ်။ ဒါကြောင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရား ရုံး (International Court of Justice - ICJ)မှာ တရားစွဲဆိုလျှောက်ထားမှုကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်မှာ ကြားဖြတ်စီမံ ဆောင်ရွက်ချက် (Provisional Measures) အဖြစ် အချက် (၄ )ချက် ချမှတ်ခဲ့ပါတယ်။ အဲဒါတွေက

(၁) လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် အပိုဒ် (၂) တွင် ဖော်ပြထားသည့် ကျူးလွန်မှုများ ဖြစ်မလာစေရန် မြန်မာနိုင်ငံအနေဖြင့် အကာ အကွယ်ပေးရေး အစီအမံများ ဆောင်ရွက်သွား ရန်။

(၂) မြန်မာတပ်မတော်ဖြစ်စေ၊ ပြည်သူ့စစ် အဖွဲ့ဖြစ်စေ အခြားအဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ ဂျီနိုဆိုက်စာချုပ်အပိုဒ် (၂) ပါ လူမျိုး သုဉ်းသတ်ဖြတ်မှု မြောက်သည့်လုပ်ရပ်များ မကျူးလွန်နိုင်စေရန်နှင့် ကျူးလွန်အောင် လှုံ့ဆော်မှုများမဖြစ်စေရန် မြန်မာနိုင်ငံ အနေဖြင့် ယင်းအဖွဲ့အစည်းများကို ထိန်းချုပ် ကိုင်တွယ်ရန်။

(၃) ဖြစ်ပြီးခဲ့သည့် ကျူးလွန်မှုများမှ ကျန်ရှိ သည့် သက်သေအထောက်အထားများကို မပျက်စီးအောင် ထိန်းသိမ်းပေးရန်၊ သက်သေ အထောက်အထားများအား မဖျောက်ဖျက် ရန်နဲ့

(၄) ဂျီနိုဆိုက် သဘောတူညီချက်ကို ချိုးဖောက်မှု ရှိ/မရှိ တရားရုံးက စစ်ဆေးနေစဉ် ကာလအတွင်း မြန်မာနိုင်ငံဘက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်များကို (၄)လ အတွင်း တရားရုံးသို့ အစီရင်ခံစာတင်သွင်းရန်၊ နောက်ပိုင်းမှာ (၆) လ (၁) ကြိမ် ပုံမှန် အစီရင်ခံစာ တင်သွင်းရန်တို့ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး “တရား ရုံး၏ ယနေ့ဆုံးဖြတ်ချက်သည် ယင်းအမှု၏ ဆီလျော်ခိုင်မာမှု(merits)အား တရားရုံးက စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိ-မရှိ အပေါ်တွင် လည်းကောင်း၊ လျှောက်ထားသည့်အမှုကို လက်ခံကြားနာခွင့် ရှိ-မရှိ နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အမှု၏ ဆီလျော်ခိုင်မာမှု (merits)နှင့် ပတ်သက်၍ လည်းကောင်း၊ ကြိုတင်ဆုံးဖြတ်သည့်သဘော လုံးဝ သက်ရောက်စေမည် မဟုတ်ကြောင်း” အပြည် ပြည်ဆိုင်ရာတရားရုံးက အတည်ပြုပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတကာစံနှုန်းနှင့်အညီဖော်ထုတ်ဖြေရှင်းမည်

မြန်မာနိုင်ငံအစိုးရက နိုင်ငံတကာ ရာဇဝတ်မှုများကို နိုင်ငံတကာစံနှုန်းနဲ့အညီ ဖော်ထုတ်ဖြေရှင်းနိုင်ရန်နဲ့ ပြည်တွင်းတရား စီရင်ရေးရဲ့ လူ့စွမ်းအားနဲ့ကျွမ်းကျင်မှုကို ပိုမိုခိုင်မာရန် ရည်ရွယ်ပြီး နိုင်ငံတကာရာဇဝတ် မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ကို ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဦးဆောင်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူ တွေ ကို တာဝန်ယူ၊ တာဝန်ခံနိုင်ရန် နိုင်ငံတကာနှင့် မြန်မာ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (မြန်မာ)ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၃ဝ ရက်နေ့ မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ယင်းကော်မရှင်မှ နောက်ဆုံး အချောသတ် အစီရင်ခံစာကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော် သမ္မတထံ ပေးအပ်ခဲ့ပါတယ်။ ၎င်းအစီရင်ခံစာ အရ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းတီးစေရန် မည်သည့်ကျူးလွန်လုပ်ဆောင်မှုမျိုးမှ ဖြစ်ပွား ခြင်းမရှိခဲ့ကြောင်းတွေ့ရှိခဲ့ပြီး စစ်မက်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုမျိုးသာရှိကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ ယင်း ရာဇဝတ်မှုများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး နဲ့ စစ်ဥပဒေချုပ်ရုံးတို့က မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုစနစ်အရ စုံစမ်းစစ်ဆေးအရေးယူရန် ဆောင်ရွက်လျက် ရှိပါတယ်။ မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုကိုမဆို သက်သေအထောက် အထားခိုင်မာရင် ဥပဒေဖောက်ဖျက်ကျူးလွန် သူများအားလုံးကို ပြည်တွင်းဥပဒေများနှင့် အညီ စီရင်ပြစ်ဒဏ်ချမှတ်သွားမှာ ဖြစ်ပါတယ်။

အတွေ့အကြုံများပြည်သူများထံရှင်းလင်းတင်ပြ

လက်ရှိ အစိုးရလက်ထက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ဒီဇင်ဘာလ ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့တဲ့ ICJ ဆိုင်ရာကြားနာမှုကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်ခဲ့တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ကြုံခဲ့ရသော အတွေ့ အကြုံတွေကို ပြန်လည်တင်ပြဖို့အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ဆိုင်ရာ ဥပဒေရေးရာစကားဝိုင်းကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှာ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကြားနာမှုဆိုင်ရာ အတွေ့ အကြုံများစကားဝိုင်းကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ လ ၁၉ ရက်နေ့မှာ၊ ICJနဲ့ မြန်မာနိုင်ငံ စကားဝိုင်း ကို ၂ဝ၂ဝ ပြည်နှစ် ဇန်နဝါရီလ ၁၉ ရက်နေ့နဲ့ ICJ ရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ် ခြင်းဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်းကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တို့မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့် ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်နိုင် ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ၍ အဖွဲ့ဝင်(၁ဝ)ဦးနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice- ICJ) ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင် ကော်မတီကို ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ICJ မှာ တရား ရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီအနေနဲ့ လိုအပ်သော မူဝါဒတွေကို ချမှတ်ခြင်း၊ Provisional Measures-PM နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို သတ်မှတ်ချိန်အတွင်း တင်ပြ နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို သီးခြားဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ အစီရင် ခံစာရေးသားရာမှာ လိုအပ်တဲ့ အချက်အလက် တွေ ရရှိရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။

၎င်းအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) ဆိုင်ရာလုပ်ငန်းကော်မတီကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းလွင် ဦးဆောင်ပြီး အဖွဲ့ဝင် ၂ဝ နဲ့ ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှာ ဖွဲ့စည်း ခဲ့ပါတယ်။ ICJ ဆိုင်ရာ လုပ်ငန်းကော်မတီ အနေနဲ့ ဦးဆောင်ကော်မတီက ချမှတ်ပေးတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ Provisional Measures - PM နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို သတ်မှတ်ချိန်အတွင်း တင်ပြနိုင်ဖို့အတွက် Timeline ရေးဆွဲဆောင်ရွက်ခြင်း၊ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆို ထားတဲ့ကိစ္စကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အချက်အလက်တွေ ရှာဖွေစုဆောင်းခြင်း၊ စုဆောင်းရရှိတဲ့ သက်သေခံ အထောက်အထား တွေအပေါ် စနစ်တကျလေ့လာသုံးသပ်ခြင်း၊ ရခိုင်ပြည်နယ်အရေးနဲ့ သက်ဆိုင်တဲ့ ပြည်တွင်း/ပြည်ပ အစီရင်ခံစာတွေ၊ စာတမ်း တွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လေ့လာသုံးသပ် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်တရား ဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို အဓိကထား ဆောင်ရွက်နေသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ပေးထားသည့် မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေ အောင်မြင်စွာ အကောင်အထည် ပေါ်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတာကို ပြောကြား ရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ။

ခင်ရတနာ၊ ဓာတ်ပုံ-မင်းသော်



ဓာတ်ပုံနှင့် ဗီဒီယိုများ