လွိုင်ကော်မြို့နယ်တွင်၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထက်တန်းအဆင့် ကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော်မြို့နယ်တွင်၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထက်တန်းအဆင့် ကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Ministry of Information/ ကယားပြည်နယ် / June 30, 2020
image_latest


လွိုင်ကော် ဇွန် ၃၀

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ မကြာမီ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ရှေးဦးစွာ အထက်တန်းအဆင့်များကို စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယင်းနောက်တွင်မှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရမည် ဖြစ်ရာ ကျောင်းများအတွက် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် တင်ပြပေးစေ လိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးနှင့် လွိုင်ကော်မြို့နယ်ပညာရေးမှူးတို့က ကယားပြည်နယ် အတွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားဦးရေနှင့် စာသင်ခန်း အခြေအနေ ပေါ်မူတည်ပြီး အသုတ်များခွဲ၍ သင်ကြားပို့ချမည့်အခြေအနေ၊ စာသင်ခုံများ၊ စာသင်ခန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သင်တန်း ပို့ချနေမှုအခြေအနေ၊ ကျောင်းအပ်နှံရေး ဆောင်ရွက်မည့်အခြေအနေ၊ သာမိုမီတာနှင့် Mask ဖြန့်ဝေမည့်အခြေအနေ၊ ရန်ပုံငွေသုံးစွဲမည့် အခြေအနေနှင့် ကျောင်းများအလိုက် လိုအပ် ချက် များကို ဆွေးနွေးတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ်အလိုက် ကျောင်းလိုအပ်ချက်များအား စိစစ်၍ တင်ပြပေးရန်ဖြစ်ပြီး စာရင်းပြုစုတင်ပြရာတွင် ကျန်းမာရေးဌာန၏ သဘောထားမှတ်ချက်ဖြင့် ကျန်းမာရေးရှုထောင့်မှ အကြံပြုချက်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ပေးနိုင်သည်ကို အကောင်းဆုံး လုပ်ဆောင်ပေး မည်ဖြစ်ပါကြောင်း၊ ရေနှင့် လက်ဆေးဆပ်ပြာများလိုအပ်လာမည်ဖြစ်ကြောင်း၊ ဆပ်ပြာများ အသုံးပြု ရာတွင် စနစ်တကျ အသုံးပြုနိုင်ရန်လိုပါကြောင်း၊ ရေအခက်အခဲကိုသာ အဓိက ဖြေရှင်းနိုင်ရန် ဖြစ်ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ကျောင်းဖွင့် ကာလတွင် ရေရရှိရေး အဆင်ပြေစေရန်အတွက် ပူးပေါင်း ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ ညွှန်ကြားချက်ကို အောက်ခြေအဆင့်မှ ဆရာ/ဆရာမများ ကောင်းစွာသဘောပေါက် သိရှိနားလည်ရန် လိုပါကြောင်း၊ ကျောင်းတက်ကာလများ ကျောင်းတစ်ကျောင်း နှင့် တစ်ကျောင်း မတူညီနိုင်သည့် အခြေအနေများကို သိရှိထားရမည်ဖြစ်ရာ မေးမြန်း လာပါကလည်း ပြန်လည်ရှင်းလင်း ဖြေကြားနိုင်ရမည်ဖြစ်ပါကြောင်း၊ ဘေစင်များ ဆောင်ရွက်သော်လည်း ယင်းအတွက် ရေလုံလောက်စွာရရှိနိုင်မှသာ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ယင်းအတွက် သေချာစွာစိစစ်ပြီးမှ တင်ပြစေလိုကြောင်း၊ ယခုအခါ ကျောင်းဖွင့်လှစ်ရာတွင် အထက်တန်းအဆင့်ကို သာ ဖွင့်လှစ်မည်ဖြစ်ရာ ယင်းတစ်ခုကိုသာ ဦးစွာ တွက်ချက် တင်ပြရမည်ဖြစ်၍ အချိန်မီ စိစစ်တင်ပြပေးစေလိုကြောင်း၊ အထက်တန်းအဆင့် ကျောင်းဖွင့်အမီ ဘေစင် နှင့် လက်ဆေး ဆပ်ပြာများအတွက် အလှူရှင်များမှ လှူဒါန်းလိုပါက လှူဒါန်းနိုင်ကြောင်း အသိပေးရန်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်တည်းကို အားကိုး၍ မရဘဲ မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ကြရန် လိုပါကြောင်း၊ သို့မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းဖွင့်လှစ်ရာတွင် လိုက်နာရန်အချက်များနှင့် ပတ်သက်၍ ပညာရေးဌာန၏ ညွှန်ကြား ချက်များကို မိဘများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးချ ပြရန်ဖြစ်ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ် ကျန်းမာရေးဦးစီးမှူးများမှ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ညွှန်ကြားချက်ကို ထုတ်ပြန်ပေးရန်ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်များကို ကျောင်းသား မိဘများသိရှိရန် လိုအပ်ပြီး ၎င်းတို့အမှန်တကယ် လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ကျောင်းဝင်းအတွင်း သို့ ဝင်/ထွက်မှုများနှင့်ပတ်သက်၍ အထူး အလေးထား စိစစ်ဆောင် ရွက်ရန် ဖြစ်ပါကြောင်း၊ ကျောင်းများ၏ သန့်ရှင်းရေးကိုလည်း အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း လမ်းညွှန်ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူး များနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန် ရှိသူများက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)

 

 

 



ဓာတ်ပုံနှင့် ဗီဒီယိုများ