အကယ်ဒမီမေလွင်(အေဝမ်း)နှင့် ရုပ်ရှင်စကားဝိုင်း

အကယ်ဒမီမေလွင်(အေဝမ်း)နှင့် ရုပ်ရှင်စကားဝိုင်း

Ministry of Information/ ​နေပြည်တော် / August 01, 2020
image_latest


(တွေ့ဆုံသည့်နေ့- ၁၁.၈.၂၀၀၉)

 (အထူးတောင်းပန် မေတ္တာရပ်ခံချက် - ဒေါ်မေလွင်နှင့် တွေ့ဆုံစကားပြောကြစဉ်က အေဝမ်း (မေ) အုပ်စုမှ မေမြင့်ရီနှင့် မေသဇင်တို့ သက်ရှိထင်ရှားရှိနေကြောင်း မသိရှိရသည့်အတွက် “မေလွင်”ကို ‘မေ’ အုပ်စု၏ နောက်ဆုံးတစ်ဦးတည်း ကျန်ရစ်သူအဖြစ် ပြောဆိုခဲ့မိခြင်းအပေါ် အထူးမေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။ နောက်ပိုင်းတွင် ‘မေမြင့်ရီ’ နှင့် ‘မေသဇင်’ တို့ကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့နှစ်ဦးစလုံး ယနေ့တိုင် ရုပ်ရှင်သက်ကြီး အကန်တော့ခံများအဖြစ် ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်)

(၂၇ - ၇ -၂၀၂၀ ရက်မှ အဆက်)

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ ကိုယ်တိုင်ကို တစ်ခါတည်း သေချာ အရှေ့ကနေ လုပ်ပြသွားတာချည်းပဲ။ ဦးတင်မောင်ဆိုလည်း အဲဒီလိုပဲ ရှေ့ကနေ အတော် လုပ်ပြတယ်။ အဲဒါကို ကိုယ်က ကြိုးကြိုး စားစားနဲ့ အတော်လိုက်လုပ်ရတယ်။ အဲဒါ ကြောင့်မို့လည်း ဒီလိုနာမည် ဖြစ်လာတာပါ။ သူတို့ ကျေးဇူးတွေကြောင့်ပါ။

ကြည်စိုးထွန်း။ ။ ကျွန်တော်တို့နဲ့သာ ဆိုရင်တော့ အစ်မဒုက္ခပဲနော်။ ကျွန်တော်တို့ကလည်း လုပ်မပြတတ်။ အဲဒါ ဆိုရင်တော့ ဖြစ်လာမှာတောင် မဟုတ်ဘူး ထင်တယ်။ အမူအရာလည်း ကျွန်တော်တို့က မလုပ်တတ်၊ လုပ်လည်း မပြရဲ။ ဟိုတုန်းက တော့ ဆရာကြီးကတော့ အမူအရာလည်း ပိုင်တာကိုး။ ဆရာဦးတင်မောင်က အမူအရာလည်း ပိုင်တယ်။

ဒေါ်မေလွင်။ ။ သူတို့ ကိုယ်နှိုက်ကိုက သိပ်ကျွမ်းကျင်တဲ့ သူတွေ ဆိုတော့။

ကြည်စိုးထွန်း။ ။ နောက် ပြလည်း ပြတတ်တယ်နော်။ ဦးချင်းစိန်လည်း အဲဒီလိုပေါ့။ ပြလည်းပြတတ် လုပ်လည်း လုပ်တတ်ဆိုတော့ ဆရာကောင်းတွေ နဲ့ အများကြီး တွေ့ရတယ်။ ဦးသုခလည်း တွေ့ရသေးတယ်နော်။

ဒေါ်မေလွင်။ ။ ဦးသုခလည်း သင်တယ်။ တော်တော်ကို သင်တာပဲ။

ကြည်စိုးထွန်း။ ။ သူကအသံနေအသံထားတွေ သင်မယ်ထင်တယ်။

ဒေါ်မေလွင်။ ။ စကားပြောလို့ရှိရင် Flow ကိုက မကြိုက်မချင်း မလွှတ်ဘူး။

ကြည်စိုးထွန်း။ ။ ဌာန်ကရိုဏ်း ကျအောင် သူကပြောခိုင်းတာ။

ဒေါ်မေလွင်။ ။ စကားလုံးဆိုလို့ ရှိရင်လည်း လုံးဝမှားလို့မရဘူး။ ရှေ့နောက် ဒီလိုမှားတာတွေ သူတို့မကြိုက် ဘူး။ ဒိုင်ယာလော့ဒ်ကို သေချာကျက်ရတယ်။ သေချာကျက်ပြီးမှ သေချာရိုက်ရတယ်။ အမူအရာလည်း ကြိုက်မှ။

ကြည်စိုးထွန်း။ ။ အဲဒီတော့ ကြောက်မနေဘူးလား သူတို့ကို။

ဒေါ်မေလွင်။ ။ ကြောက်တော့ ကြောက်ပါတယ်။ ဒါပေမဲ့ ချစ်ကြောက် ရိုသေကြီးပါပဲ။ အဲဒီလိုမျိုးပါပဲ။

ကြည်စိုးထွန်း။ ။ တစ်ခါတလေကျရင် ဒါရိုက်တာကို သိပ်ကြောက်ပြီး တော့လေ မုန်းသွားမှာ ကျွန်တော် သိပ်ကြောက် တာပေါ့နော်။ ဒါကြောင့်မို့လို့ ရိုက်ကွင်းဆိုရင် ပထမရင်းနှီးမှုရအောင် ယူလိုက်တာပေါ့။ ခင်မင်ရင်းနှီးမှုလေးရပြီဆိုတော့မှ ကားကို စပြီး တော့ရိုက်တယ်။ ကိုယ့်ကိုသိပ်ပြီးတော့ ကြောက်ရွံ့နေမှာလည်း ကိုယ်က စိုးတာကိုး။ နောက်ပြီးတော့ ကိုယ်ကလည်း သိပ်ပြီးတော့ သင်တတ်တာမဟုတ်ဘူးလေ။ အမှန်ပြောရရင် ခုနကလို ဆရာကြီးတွေလို မသင်တတ်ဘူးဆိုတော့။ ဘယ်လိုအမူအရာ ဘယ်လိုလုပ်ဆိုတာ။

ဒေါ်မေလွင်။ ။ အခုခေတ်က ဒါရိုက်တာတွေကလည်း အမြော်အမြင် သိပ်ကြီးတယ်။ ကလေးတွေကလည်း အကုန်လုံး လုပ်တတ်ကိုင်တတ်ဆိုတော့ အဆင်ပြေပါ တယ်။

ကြည်စိုးထွန်း။ ။ ဒါရိုက်တာတွေ ကတော့ အမြော်အမြင်ကြီးတယ် မပြောပါနဲ့အစ်မရယ်။ အဲဒီလိုတော့ မဟုတ်ဘူးပေါ့နော်။ ကလေးတွေအနေနဲ့ကလည်း မကြောက်တော့ဘူး။ Camera Fright တို့ Stage Fright တို့ဆိုတာ မရှိတော့ဘူး။ ဟိုတုန်း ကတော့......။

ဒေါ်မေလွင်။ ။ ဟိုတုန်းကတော့ အရှက်အကြောက် သိပ်ကြီးကြတယ်လေ။ အခုက သင်တန်းတွေ ဘာတွေ တက်ထားတယ်ဆိုတော့ ကလေးတွေကလည်း ပညာလေးတွေက ပြည့်ပြီးတော့ အဆင်ပြေကြ တာပေါ့။

ကြည်စိုးထွန်း။ ။ ကောင်းပါတယ်အစ်မရယ်။ ဒါကတော့ သူ့ခေတ်နဲ့သူပေါ့ နော်။ ကဲ အစ်မတို့ခေတ် ပြန်သွားရအောင်။ အစ်မတို့ခေတ်ဆိုတော့ ကျွန်တော်တို့ စွဲတာ လေးတွေ ကျွန်တော်က ပြောချင်တာပေါ့။ ဆိုပါ တော့အစ်မရယ်။ ကိုသိန်းဇော်နဲ့ အစ်မနဲ့ ‘တကူ ကူးကူ’ ဆိုတဲ့ သီချင်းလေ မှတ်မိသေးလား မသိဘူး။ အဲဒါက........

ဒေါ်မေလွင်။ ။ ‘ချစ်သက်ဝေ’။

ကြည်စိုးထွန်း။ ။ ‘ချစ်သက်ဝေ’ က အစ်မခုနကကားတွေ ‘ဘုမသိ ဘမသိ’ တို့ပြီးလို့ ရိုက်တာလား။ မဟုတ်သေးဘူးလား။

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ အဲဒါတွေပြီးမှ။

ကြည်စိုးထွန်း။ ။ဪ တော်တော်ကြာမှ။ အဲဒီတော့ ‘ဘုမသိ ဘမသိ’ ပြီးတော့ ခုနက ‘ချစ်တေးသံ’ နော်။

ဒေါ်မေလွင်။ ။ ‘ချစ်မေမေ’ ၊ ‘ချစ်မမ’၊‘ချစ်တေးသံ’။

ကြည်စိုးထွန်း။ ။ ‘ပန်သစ္စာ’။

ဒေါ်မေလွင်။ ။ ‘ပန်သစ္စာ’ က အဲဒါပြီးတော့မှ ဦးညီပုနဲ့ ‘ပန်သစ္စာ’ ရိုက်ပါတယ်။

ကြည်စိုးထွန်း။ ။ အဲဒီတော့ အစ်မ ‘ချစ်မေမေ’ ရွှေညာမောင်ပဲ။ ဦးချင်းစိန်ပဲ။

ဒေါ်မေလွင်။ ။ ‘ချစ်မေမေ’ က ဦးချင်းစိန်ပဲ။ ဦးချင်းစိန်ကနေပြီး တော့ ဦးဝေဇင် ဖြစ်သွားတယ်။ ဦးဝေဇင် ပြောင်းသွားပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်လား။

ဒေါ်မေလွင်။ ။ မောင်လှမျိုးတို့ အစ်ကိုလေ။

ကြည်စိုးထွန်း။ ။သိတယ်လေ။ ကိုဝေဇင်၊ ဦးတင်နွယ်ရဲ့သားတွေပေါ့ အစ်မရယ်။

ဒေါ်မေလွင်။ ။ ဒေါ်မေမြရဲ့ ခင်ပွန်းပါ။ ဒေါ်မေမြလည်း ပါပါ တယ်။ အဲဒီထဲမှာ။

ကြည်စိုးထွန်း။ ။ အဲဒီတော့ အစ်မရယ် ဒီနေရာမှာ ကျွန်တော် တစ်ချက်ပြောချင်တာက အေဝမ်းကိုရောက် လာတဲ့ အစိမ်းတွေထဲက အေဝမ်းမျိုးတွေ ဖြစ်သွားတာက ဘယ်သူတွေ ရှိသေးလဲ။ အစ်မနဲ့ ဒေါ်မေမြပဲလား။ ဘယ်သူရှိသေးလဲ။

ဒေါ်မေလွင်။ ။ မရှိပါဘူး။ မဌေးတို့ နှစ်ယောက်ပါပဲ။

ကြည်စိုးထွန်း။ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်မေမြကလည်း ဦးတင်နွယ်ရဲ့သား၊ ဦးဝေဇင်နဲ့ အိမ်ထောင်ကျတယ်။ တစ်ခါ အစ်မကလည်း ဦးတင်နွယ်ရဲ့တူ ဖြစ်တာပေါ့။ ကိုသိန်းဇော်က ဟုတ်တယ် မလား။ တစ်ခါ ဦးတင်နွယ်ရဲ့ နှမရဲ့ သားပေါ့ နော်။ သူ့အမေနာမည်က။

ဒေါ်မေလွင်။ ။ ဒေါ်ခင်ညွန့်ပါ။

ကြည်စိုးထွန်း။ ။ ဒေါ်ခင်ညွန့်ရဲ့ သားပေါ့နော်။ အေဝမ်းမျိုးဆက်ကလည်း အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အစ်မတို့က ဒီမျိုးဆက်ထဲကိုတော့ ဝင်သွားကြတယ်ပေါ့။ ဝင်သွားကြပြီးတော့ ဒေါ်မေမြရယ်၊ အစ်မ ရယ်ကတော့ ဆွေမျိုးဖြစ်သွားပြီ။ ဒီထဲမှာမှ ဆွေမျိုးမတော်ဘဲနဲ့ ဆွေမျိုးဖြစ်နေတာတော့ ဦးချင်းစိန်ပဲ ကျွန်တော်မြင်တာ။ ဦးချင်းစိန်က လည်း တစ်ခါတည်း စာအုပ်တွေ၊ မဂ္ဂဇင်းတွေ လည်း သူကိုင်၊ နောက်တစ်ခါ Actor လည်း ဝင်လုပ်။ Actor ဝင်လုပ်တာမှ အစ်မရယ်။ ၁၉၃၆ ခုနှစ်က ကားတစ်ကားရှိတယ်။ ‘ဖူး’ ဆိုတဲ့ကားတစ်ကား အေဝမ်းက။ အေဝမ်း တောင် ဖြစ်ပြီလား မပြောတတ်ပါဘူး အစ်မ ရယ် ထားပါတော့။ ‘ဖူး’ ဆိုတဲ့ကားတစ်ကား ဗန်ကောက်ကနေပြီးတော့ အဲဒါလေးကို ရလာတယ်။ ဗန်ကောက်က ရုပ်ရှင်ပြတိုက် ကနေပြီးတော့ ရုပ်ရှင်ပြတိုက်မှူးနဲ့ ကျွန်တော်ကခင်တော့၊ ဟာ မင်းတို့ဆီက ဗမာကား ရှိတယ်ကွတဲ့။

ဒေါ်မေလွင်။ ။ ကြားတောင်မကြားဖူးဘူး အစ်မ။

ကြည်စိုးထွန်း။ ။အဲဒီ ‘ဖူး’ ဆိုတဲ့ကားလေး ယူလာတော့ ဦးချင်းစိန်က အဲဒီထဲမှာ သရုပ်ဆောင်တာ အစ်မရဲ့။ မြို့ဝန်လား ဘာလားမသိဘူး သရုပ်ဆောင် တာ။ ပုဆိုးတွေ ဘာတွေ ကျွတ်ကျ ဘာညာ သိပ်ရယ်စရာကောင်းတာ။ အဲဒီတော့ ကဲအစ်မရေ ဆက်ကြဦးစို့။ ဦးချင်းစိန် ရိုက်တာက ‘ချစ်ဖေဖေ’ လား ကိုဝေဇင် ရိုက်တာက။

ဒေါ်မေလွင်။ ။ ‘ချစ်မမ’ပါ။

ကြည်စိုးထွန်း။ ။ ဪ ‘ချစ်မမ’ က ကိုဝေဇင်လား။ အဲဒီမှာ အစ်မက အကယ်ဒမီရတာနော်။ အဲဒါနဲ့ တစ်ပြိုင်နက်ပဲ အစ်မရတဲ့နှစ်မှာ ကျွန်တော် သိတာက ဖိုးပါကြီး၊ ဝင်းမာ၊ အဲဒါက ဘာလဲ ဆိုတော့ ‘ဖိုးပြုံးချို’ အစ်မတို့က ‘ချစ်မမ’ နဲ့ ရတယ်နော်။ ဒါပေမဲ့ ကိန္နရီ၊ ကိန္နရာရုပ် မဟုတ်သေးဘူး။ ရွှေရင်ထိုးလေးတွေနော်။ ဘယ်လောက်လောက် ရှိမလဲ အစ်မ ရွှေသား ရွှေအစစ်နော် အဲဒါ။

ဒေါ်မေလွင်။ ။ ထင်တော့ လေးကျပ်သား ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။

ကြည်စိုးထွန်း။ ။ ဟုတ်လား အများကြီးပဲ ရတာပဲ။ အခုနှစ်ကျပ်သားပဲ ရှိတယ်အစ်မရဲ့။

ဒေါ်မေလွင်။ ။ အဲဒါအကုန်လုံး အစစ်လေ။ ရင်ထိုးကြီးဆိုတော့ အနောက်က ထိုးတဲ့ဟာနဲ့ ဘာနဲ့။ ကမ္ဘာလုံး ပေါ်မှာ ဖလင်လိပ်ကြီးက ကျနေပြီးတော့ အပေါ်မှာ မကိုဋ်ဆောင်းထားတယ်။ အမျိုး သမီးတွေကတော့ အမျိုးသမီးမကိုဋ်ပေါ့လေ။ စီးပုံပေါ့။ အမျိုးသားကျတော့ သိကြားမင်း မကိုဋ်တွေ အဲဒါ မကိုဋ်ပဲ ကွာပါတယ်။

ကြည်စိုးထွန်း။ ။ဪ ဒါဖိုးပါကြီးကျတော့ မကိုဋ်ပေါ့။ အစ်မကျ စီးပုံနဲ့ နော်။ ဝင်းမာလေး ကျတော့ရော။

ဒေါ်မေလွင်။ ။ ဝင်းမာလည်း စီးပုံပဲဖြစ်မယ် ထင်တယ်။

ကြည်စိုးထွန်း။ ။ ဟိုဟာတွေ ကျတော့ ခြင်္သေ့ရုပ်တို့၊ ဒေါင်းရုပ်တို့ အဲဒါတွေပေးတာပေါ့။ ဖလားတို့ ပထမ၊ ဒုတိယ၊ တတိယဆုက ကားကိုပေးတာပေါ့။ အဲဒီဟာကလည်း အစ်မတို့လည်း ရပြီးရော နောက်နှစ်ကျတော့ ကိန္နရာရုပ် ပြောင်းသွား တာနော်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အစ်မတို့က ရင်ထိုးတံဆိပ်ရဲ့ နောက်ဆုံးမျိုးဆက်တွေပေါ့။ အစ်မ အဲဒါလှူလိုက်တယ်လို့ ကြားတယ်။

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ရှင့်။ ၇၇ ခုနှစ်လောက်တုန်းက မဟာစည် ဆရာတော်ဘုရားကြီးကို လှူခဲ့ပါတယ်။ အဲဒီမှာ တရားဝင်ရင်းနဲ့ မဟာစည်ဆရာ တော်ဘုရားကြီးလည်း မန္တလေးမှာ အဆောက်အအုံလုပ်နေတယ်ဆိုတော့ အဲဒီမှာ ဦးသံဝရနဲ့ မဟာစည်ဆရာတော်ဘုရားကြီးကို ရေစက်ချပြီး လှူခဲ့ပါတယ်။

ကြည်စိုးထွန်း။ ။ သာဓုပါ အစ်မရယ်။ သာဓုပါ သာဓုပါ။ ‘ချစ်မမ’ ပြီးတော့ အစ်မဘာတွေရိုက်ဖြစ်သေးလဲ။

ဒေါ်မေလွင်။ ။ ‘ချစ်စေတနာ’။

ကြည်စိုးထွန်း။ ။ ‘တွေးရခက်ကြီး’ တို့။

ဒေါ်မေလွင်။ ။ ‘တွေးရခက်ကြီး’ က ကိုပါကြီး၊ ကိုပါကြီး နှစ်ကိုယ်ခွဲ၊ ခင်လေးဆွေလည်းပါတယ်။ မေနု လည်းပါပါတယ်။

ကြည်စိုးထွန်း။ ။ ကျွန်တော် ‘မေ’ နာမည်တပ်ထားတဲ့ မင်းသမီး တွေထဲက ဒေါ်မေနုနဲ့ ဒေါ်မေမြင့်က တော်တော်စောတယ်တဲ့။ တော်တော် စောတယ်ဆိုတာ ငယ်ငယ်လေးကတည်းက ၁၂ နှစ်၊ ၁၃ နှစ်လောက်ကတည်းက။

ဒေါ်မေလွင်။ ။ ဒေါ်မေညွန့် ကလည်း ပိုစောသေးတယ်။ ဒေါ်မေ ရှင်တို့ ဒေါ်မေသန်းတို့ထက်တောင် စောသေးလား မသိဘူး။

ကြည်စိုးထွန်း။ ။ ဟုတ်လား ဒေါ်မေညွန့်ကလေ ဪ ဪ ကျွန်တော်တို့က မေသန်းက အစောဆုံးမှတ် နေတာပေါ့။ နောက်တစ်ခါ တစ်ယောက် ထူးထူးဆန်းဆန်း ရှိတယ်နော်။ အစ်မ ‘မေသင်းကြိုင်’ ဆိုတာ တစ်ယောက်ရှိ သေးတယ်။

ဒေါ်မေလွင်။ ။ ဒေါ်မေသင်းကြိုင်က ဦးဖေစန်းနဲ့ သီချင်းတွေ ဘာတွေ ဆိုကြပါတယ်။

ကြည်စိုးထွန်း။ ။ ‘လပြာသို’ သီချင်းဘယ်လိုဆိုလဲ အစ်မ နည်းနည်းကြား လို့ရမလား။

ဒေါ်မေလွင်။ ။ ဟောဒီလပြာသို ညအခါဆို အလွန်အေးသဗျိုဆိုတာ အဲသလောက်ပဲ သိတယ်။ မဌေးလည်း။

ကြည်စိုးထွန်း။ ။ ဟုတ်လား ကိုဖေစန်းနဲ့နော်။ ဖေစန်းက ပါးချိုင့်ကလေး ဆိုတဲ့ သီချင်းလည်း…

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ အဲဒါနာမည်ကြီးတယ်။

ကြည်စိုးထွန်း။ ။ အေဝမ်းဓာတ်ပြားတွေထဲမှာနော်။ အဲဒီတော့ အစ်မတို့ ကရော ဓာတ်ပြားတွေ လုပ်ခဲ့ရသေးလား။

ဒေါ်မေလွင်။ ။ လုပ်ခဲ့ရပါတယ် ဦးညီပုကားမှာ။

ကြည်စိုးထွန်း။ ။ ‘ပန်သစ္စာ’။

ဒေါ်မေလွင်။ ။ အဲဒီမှာ ဓာတ်ပြားတစ်ခု သွင်းဖူးပါတယ်။ နောက်ပြီး တော့ အေဝမ်းကလည်း သွင်းသေးတယ်။ အိပ်မက်ထဲက ကိုလူပျိုဆိုပြီးတော့ သွင်းသေး တယ်။

ကြည်စိုးထွန်း။ ။ ဪ ကြားဖူးတယ်။

ဒေါ်မေလွင်။ ။ ဒေါ်မေရှင်နဲ့ တစ်ခြမ်းစီ။ ကိုခင်မောင်အဖွဲ့နဲ့လည်း အေဝမ်းမှာ ဆိုပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အေဝမ်းခင်မောင်။

ဒေါ်မေလွင်။ ။ဟိုးအရင် မြန်မာ့အသံ အဟောင်းမှာကတည်းက ဝင်ဒါမီယာက မြန်မာ့အသံမှာ ကတည်းက ဆိုပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်လား အစောကြီးပေါ့ အစ်မရဲ့နော်။ အစောကြီးပေါ့ တီးဝိုင်းကနေ ဆိုနေတာပေါ့။ အဲဒီတော့ တချို့ ဓာတ်ပြားတွေရော မရှိတော့ဘူးမလား အစ်မဆီမှာ။

ဒေါ်မေလွင်။ ။ မဌေး မြန်မာ့အသံကိုပဲ လှူလိုက်ပါတယ်။ လက်ကျန်တွေ လည်း ကိုသစ္စာကို ထင်တယ်၊ လှူလိုက်ပါ တယ်။

ကြည်စိုးထွန်း။ ။ ကျွန်တော်တို့ကတော့ အဲဒီ‘အိပ်မက်ထဲက ကိုလူပျို’ နော်။ အဲဒါလည်း ကြားသလိုလိုတော့ ရှိတာပဲ။ နောက် ‘ချစ်သက်ဝေ’ ထဲက ‘တကူကူးကူ’ အဲဒါတွေရော။

ဒေါ်မေလွင်။ ။ အဲဒါတွေကတော့ မသွင်းဖြစ်ပါဘူး။ ဒီပြင့်ကလေးတွေ နောက်ကလေးတွေ ဆိုနေပါပြီ။

ကြည်စိုးထွန်း။ ။ ဆိုသေးလား။

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ မေဆွိတို့ ဆိုပါတယ်။ ကောင်းပါတယ်။ နောက်ကလေးတွေဆိုတာ။

ကြည်စိုးထွန်း။ ။ ပျော်စရာလေးနော် အဲဒီတုန်းက ကိုသိန်းဇော်က လည်း ငယ်ငယ်လေး၊ အစ်မကလည်း ငယ်ငယ်လေး။

ကြည်စိုးထွန်း။ ။ အဓိကဇာတ်လမ်းကတော့ ဒေါ်ကြည်ကြည်ဌေးနဲ့ ဦးတင်မောင်နဲ့ အထင်လွဲတာ။

ကြည်စိုးထွန်း။ ။ ကိုသိန်းဇော်က ဒေါ်ကြည်ကြည်ဌေးသား ထင်တယ်။ ကောင်းတယ် အဲဒီကားလေးလည်း နောက် အစ်မ ‘လေလွင့်လိပ်ပြာ’ တို့ ဘာတို့လည်း ရှိသေးတယ်။

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ ‘လေလွင့်လိပ်ပြာ’က ဝိညာဉ်ကားမို့လို့ သူတို့ ban ထားတယ်နဲ့ တူတယ်။ နောက်ပိုင်း မပြရ ဘူးလေ။ တစ္ဆေကား၊ သရဲကားတွေ မပြရဘူး ဆိုလို့ အဲဒီကားပိတ်လိုက်ပါတယ်။

ကြည်စိုးထွန်း။ ။ သူက တစ္ဆေသရဲလား သို့မဟုတ် လိပ်ပြာ သဘော တွေလား။

ဒေါ်မေလွင်။ ။ အဲဒီအိမ်ကြီးမှာ အပြစ်ပေး ခံနေရတဲ့ ဝိညာဉ်လိုပေါ့။ မဌေးက ဆယ်တန်းဖြေဖို့ နယ်ကနေပြီးတော့ တက်သွားတော့ အဲဒီမှာ ညညဆို လေးနာရီဆို ထွက်ထွက်ပြီးတော့ ဝိညာဉ်ကြီးက မဌေးကို ဒုက္ခပေးတာ အဲဒါ။ ရည်းစားစကား လိုက်ပြောတာ။

ကြည်စိုးထွန်း။ ။ ဟုတ်လား အဲဒါက ဘယ်သူလုပ်လဲ အစ်မရဲ့။

ဒေါ်မေလွင်။ ။ ဦးသိန်းဇော် နှစ်ကိုယ်ခွဲပါ။ တစ်ကိုယ်က သရဲလုပ်တယ်။ သရဲက လူထဲကို ဝင်ပြီးရင်လုပ်ရော သရဲထွက်သွားရင် အဲဒီလူက မသိဘူး။ မသိတော့ နောက်ပိုင်းစကားများကြတာ အဲဒါတွေပေါ့။

ကြည်စိုးထွန်း။ ။ ဪ ကားက ထူးထူးဆန်းဆန်း။

ဒေါ်မေလွင်။ ။ အမေနွဲ့ကိုလည်း ဦးမြတ်သာကိုဝင်ပြီးတော့ အမေနွဲ့ ကို သွားပြီး ရည်းစားစကားပြောကြတယ်။ အဲဒီမှာအမေနွဲ့နဲ့ စကားများကြ အဲဒါတွေ ဖြစ်ကုန်ပါတယ်။

ကြည်စိုးထွန်း။ ။ ဪ ဦးမြတ်သာလည်းပါတာပေါ့နော် အဲဒါ။

ဒေါ်မေလွင်။ ။ ဦးမြတ်သာက ဒါရိုက်တာပါ။

ကြည်စိုးထွန်း။ ။ သူ ဒါရိုက်တာ၊ သူသရုပ်ဆောင်။

ဒေါ်မေလွင်။ ။ တအားကို ရယ်ရတယ် အဲဒီကားက။

ကြည်စိုးထွန်း။ ။ ဟုတ်လား ကြည့်ချင်လိုက်တာ အစ်မရယ်။ ကျွန်တော် တို့ဆီမှာ ထူးထူးဆန်းဆန်းကားလေးတွေ ဒါပေမဲ့ ဒါတစ္ဆေသရဲမှ မဟုတ်တာ အစ်မရဲ့။ ဘယ်လိုခေါ်မလဲ ပူးတဲ့သဘောမျိုးလေးပေါ့။ ကျွန်တော်တို့ ဟိုနိုင်ငံခြားကား Ghost လို ဟာမျိုးပေါ့နော်။ အဲဒါမျိုးလေး ခပ်ဆင်ဆင် လေးဆိုတော့ ဒီအချိန်မှာဆိုရင်လည်း ဒီက ဆင်ဆာမူဝါဒလေးကလည်း နည်းနည်းလေး လျှော့လျှော့ပေါ့ပေါ့လေးဆိုတော့ ဒါမျိုးလေး တွေက ရိုက်လို့ရချင်ရမှာ အစ်မရဲ့နော်။ ကြည့်ရရင်တော့ ကောင်းမှာပေါ့။ ထူးလည်း ထူးဆန်းတယ်နော်။ နောက် ဒါရိုက်တာက လည်း ဖိုက်တင်မှာလည်းသန်၊ ဟာသမှာလည်း သန် သူကိုယ်တိုင်ကလည်း ဟာသသရုပ်ဆောင် ဆိုတော့ ကားလေးက တော်တော်ကြည့်လို့ကောင်းမှာပေါ့နော်။

ဒေါ်မေလွင်။ ။ ဦးတင်မောင်က အမြဲတမ်း ဦးစီးကြီးကြပ်ပြီး လုပ်ပေး တယ်ဆိုတော့ ပိုပြီးတော့ အဆင်ပြေသွားတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ သူကတော့ လွှတ်မထားဘူးပေါ့ နော်။

ဒေါ်မေလွင်။ ။ လွှတ်မထားဘူး။ ပိုပြီးတော့ Quality ကောင်းအောင် အမြဲတမ်းဆောင်ရွက်ပါတယ်။

ကြည်စိုးထွန်း။ ။ထူးထူးဆန်းဆန်းပဲ အေဝမ်းကနေပြီးတော့ အစ်မတို့ တပျော်တပါးကြီး ရိုက်တဲ့ ကားတစ်ခုရှိပါ သေးတယ်။ တစ်ခါတည်း စုံတွဲတွေ အများ ကြီးနဲ့ ရိုက်တဲ့ကား။

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ‘မောင်နှံခုနစ်ဖော်’ ဆိုတာ။

ကြည်စိုးထွန်း။ ။ အဲဒါ ဘယ်သူရိုက်လဲ မသိဘူး။

ဒေါ်မေလွင်။ ။ အဲဒါ ဦးသိန်းဇော် ရိုက်တာပါ။

ကြည်စိုးထွန်း။ ။ မင်းသားတွေလည်း အများကြီးပဲ။

ဒေါ်မေလွင်။ ။ စိန်ဖေတင်လည်း ပါတယ်။ အဲဒီမှာ ဒါရိုက်တာ စိန်ဖေတင်လည်း ပါတယ်။ အောင်လွင်ပါ တယ်။

ကြည်စိုးထွန်း။ ။ စိန်ဖေတင်က ဒါရိုက်တာ မလုပ်ခင်က သူက မင်းသားလုပ်သေးတာလား။

ဒေါ်မေလွင်။ ။ သူက မဌေးတို့နဲ့ မင်းသား လုပ်ပါတယ်။ ကြည်စိုး စပြီးတော့ မင်းသားဖြစ်တာပဲ။ ကြည်စိုး၊ အောင်မိုး၊ မောင်ဝင်းဦးရဲ့ ညီအငယ်ဆုံး။

ကြည်စိုးထွန်း။ ။ နေဦး ဒီအောင်မိုးက ခုနက မေသင်းကြိုင်နဲ့။

ဒေါ်မေလွင်။ ။ မေမြင့်ရီပါ။

ကြည်စိုးထွန်း။ ။ မေမြင့်ရီနဲ့ အိမ်ထောင်ကျတာနော်။

ဒေါ်မေလွင်။ ။ အေဝမ်းက မင်းသမီးလေးပါ။

ကြည်စိုးထွန်း။ ။ အေဝမ်းက ‘မေ’တစ်ယောက်ပဲ။

ဒေါ်မေလွင်။ ။ မေမြင့်ရီပါ နောက်ဆုံး မင်းသမီးလေးပါ သူကလည်း။

ကြည်စိုးထွန်း။ ။အဲဒီတော့ အစ်မက အဲဒီထဲမှာ ဘယ်သူနဲ့တွဲရလဲ။ ကိုသိန်းဇော်နဲ့ပဲလား။

ဒေါ်မေလွင်။ ။ မဟုတ်ဘူး။ ကိုခင်မောင်ဇင်နဲ့။

ကြည်စိုးထွန်း။ ။ ဟားဟား ကိုသိန်းဇော်က ဘယ်သူနဲ့တွဲလဲ။

ဒေါ်မေလွင်။ ။ ကိုသိန်းဇော်က မေလဲ့ဝင်းနဲ့ တွဲတယ်။ မောင်မြင့်အောင်လည်းပါတယ်။

ကြည်စိုးထွန်း။ ။ ကိုမြင့်အောင်ကရော။

ဒေါ်မေလွင်။ ။ မောင်မြင့်အောင် က ဘယ်သူလဲမသိဘူး။ အဲဒီ မှာ ကောင်မလေးတစ်ယောက်ပါတယ်။

ကြည်စိုးထွန်း။ ။ ပျော်စရာကြီးနေမှာပဲနော်။ မင်းသားမင်းသမီးတွေ အဲဒီမှာ စုစုံပြီးတော့နော် ဟိုအကြောင်း ဒီအကြောင်းလည်း ပြောကြမှာပဲနော်။ ဟား ဟား ဆုံကြတာကိုး အစ်မရဲ့နော်။ နောက်ကျ တော့ အစ်မ အဲဒီကားလေးကတော့ ကျွန်တော်တို့လည်း အရွယ်ရောက်လာပြီပေါ့။ အရွယ်ရောက် လာပြီးတော့ Romance လေးတွေလည်း ကြိုက်တယ်။ နောက် Action လေးတွေလည်း ကြိုက်တဲ့အချိန်မှာ အစ်မနဲ့ ဦးကျော်ဆွေနဲ့ ချစ်မေတ္တာ။

(ဆက်လက်ဖော်ပြပါမည်)



ဓာတ်ပုံနှင့် ဗီဒီယိုများ