ဘားအံ၌ ကရင်သက္ကရာဇ် (၂၇၆၀) ပြည့်နှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

ဘားအံ၌ ကရင်သက္ကရာဇ် (၂၇၆၀) ပြည့်နှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 14, 2021


ဘားအံ၊ ဇန်နဝါရီ (၁၃)

 ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊ မြန်မာသက္ကရာဇ်(၁၃၈၂)ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်သက္ကရာဇ်(၂၇၆၀)ပြည့်နှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။

 ရှေ့ဦးစွာ ရောင်နီလာချိန် နံနက် (၆) နာရီတွင် ကရင်အမျိုးသားအလံတင်အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တည်း၍ဖွင့်လှစ်ကာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ကရင်လူငယ်များသယ်ဆောင်လာသည့် ကရင်အမျိုးသားအလံတော်အား ကရင်အမျိုးသားသီချင်းကိုစုပေါင်းသီဆို၍ တိုင်ထိပ်သို့လွှင့်ထူသည်။

ထို့နောက် အလံတင်အခမ်းအနားသို့ တက်ရောက်လာသူများက ကရင်အမျိုးသားအလံအား အလေးပြုကြပြီး အခမ်းအနားမှူးက ကရင်အမျိုးသားအလံတော်၏ အမိုင်းကြောင်းကို ဖတ်ကြားသည်။

ဆက်လက်၍ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကိုကျင်းပရာ သဘာပတိအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ မန်းကျော်ဝင်းမောင်နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဒေါ်နန်းမြင့်တင်တို့က ဆောင်ရွက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။

 ထို့နောက် သဘာပတိပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့မိန်းခွန်းပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းက ဖတ်ကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ပေးပို့သော သဝဏ်လွှာကို လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်က ဖတ်ကြားသည်။

 ယင်းနောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကျဉ်းအား ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ နှင့် မြန်မာဘာသာတို့ဖြင့် ကရင်တိုင်းရင်းသားလူငယ်များက ဖတ်ကြားကြပြီး စည်းလုံးခြင်းသည်အင်အားဟု အဓိပွါယ်(အောဟုအောဟောင်သီချင်းဖြင့်)သီဆို၍ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 အခမ်းအနားအပြီးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ်အတွင်းတာဝန် ထမ်းဆောင်ခဲ့သည့် အထင်ကရ သက်ကြီးကရင်အဖိုးအဖွားများအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ပြီး နှစ်သစ်ကူးဂါရဝလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။



ဓာတ်ပုံနှင့် ဗီဒီယိုများ