ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန/ Nay Pyi Taw / June 30, 2020


COVID-19 တိုက်ဖျက်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဩစတြေးလျနိုင်ငံက အစီအစဉ်သစ်များ ကြေညာ

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အထူးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သူ မ‌လေးရှားနိုင်ငံခြားရေးဝန်ကြီး Dato’ Seri Hishammuddin Tun Hussein နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသမီးရေးရာဝန်ကြီး Madame Marise Payne တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ဝန်ကြီးများက COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရာတွင် အာဆီယံနှင့် ဩစတြေးလျတို့အကြား ဦးစားပေး အကောင်အထည်ဖော်ရန်လိုအပ်သော ကဏ္ဍရပ်များဖြစ်သည့် ကျန်းမာရေးလုံခြုံမှုရှိရေး၊ ဒေသတွင်းတည်ငြိမ်မှုရှိရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးတို့၌ ပူးပေါင်းဆောင်ရွက်ကြရေးကို အလေးပေး ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးများက COVID-19 ကူးစက် ရောဂါတုံ့ပြန်ရေးနှင့် ပြန်လည်နာလန်ထူရေး လုပ်ငန်းစဉ်များတွင် အာဆီယံနှင့် ဩစတြေးလျတို့၏ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ခိုင်မာစေမည့် အစီအစဉ်သစ်များကို ကြိုဆိုခဲ့ကြပြီး၊ အာဆီယံဦးဆောင်သည့် ဒေသတွင်း ယန္တရားများမှတစ်ဆင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုးကျိုး သက်ရောက်မှုများ လျော့ပါးစေရေးတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ယင်းရောဂါကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုများ လျော့ပါးရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ထားရှိမှုများကို အသိပေးပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားရာတွင် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် လူမှု-စီးပွားရေး ထိခိုက်နစ်နာမှုများကို ဖြေရှင်းရာတွင် မြန်မာအစိုးရအနေဖြင့် အရင်းအမြစ် အကန့်အသတ်ရှိသော်လည်း “တစ်နိုင်ငံလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံ”ဖြင့် စောစီးစွာ အရေးယူ‌ ဆောင်ရွက်ခဲ့မှုကြောင့် COVID-19 ရောဂါကို ကာကွယ် ထိန်းချုပ်ထားနိုင်သည့် အခြေအနေများနှင့် ကူးစက်ရောဂါတိုက်ဖျက်ရာတွင် အစိုးရအနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို ရယူလျက် “မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် စေရေးမူ” ကို ကျင့်သုံး၍ နေရပ်ရွှေ့ပြောင်းသူများ အပါအဝင် ထိခိုက်လွယ်သည့် အုပ်စုများအတွက်ပါ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်း အသိပေးခဲ့သည်။

COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် အာဆီယံ-ဩစတြေးလျ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် ဩစတြေးလျနိုင်ငံအနေဖြင့် အမေရိကန် ဒေါ်လာသန်း ၆၃၀ ကျော် သုံးစွဲရန် ကတိကဝတ်ပြုမှုအပေါ် ကြိုဆိုကြောင်း ပြောကြားပြီး၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နေထိုင်မှုပုံစံသစ်၌ အံဝင်ခွင်ကျ နေထိုင်နိုင်မှုကို အထောက်အကူဖြစ်စေမည့် ဒစ်ဂျစ်တယ်ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး၊ ဒေသတွင်း စီးပွားရေး ပြန်လည်ရှင်သန်လာစေရေးအတွက် အာဆီယံ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့အကြား ချုပ်ဆိုထားသည့် လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ် အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်ကို မြန်ဆန်စွာဆောင်ရွက်ရေး၊ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership) ကို ၂၀၂၀ ခုနှစ်အတွင်း ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး၊ COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများက အကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် ထိခိုက်မှုဒဏ်ကို အများဆုံးခံစားရသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးအပြီးတွင် ပူးတွဲသဘာပတိများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အထူး အစည်းအဝေးကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်



ဓာတ်ပုံနှင့် ဗီဒီယိုများ