မယ်စဲ့မြို့နယ်တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်သောအဖွဲ့မှ ပေးအပ်သောဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်းနှင့် ထောက်ပံ့ကြေးများပေးအပ်

မယ်စဲ့မြို့နယ်တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်သောအဖွဲ့မှ ပေးအပ်သောဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်းနှင့် ထောက်ပံ့ကြေးများပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန/ ကယားပြည်နယ် / July 01, 2020
image_latest


မယ်စဲ့ ဇူလိုင် ၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်သောအဖွဲ့မှ မယ်စဲ့မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း စဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ် များ၊ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မယ်စဲ့မြို့နယ်၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့အခမ်းအနားတွင် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက် အနာဂတ်မျိုးဆက်သစ်လေးများအတွက် ထောက်ပံ့ပေးနိုင်၍ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကျရာအခန်းကဏ္ဍတွင် စေတနာဖြင့် ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ အသင်းအဖွဲ့များနှင့် ကြက်ခြေနီ အဖွဲ့များကို ဂုဏ်ပြုထိုက်၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် သွားမည်ဖြစ်ကြောင်း၊ အစိုးရမှ ထောက်ပံ့ပေးသည့်ငွေကို အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လိုသည့် ကဏ္ဍများရှိပါက တင်ပြစေလိုကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းကာလတွင် အမြင်ကျယ်ကျယ်ဖြင့် လိုက်ပါစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးတို့က မယ်စဲ့မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးကြသည့် စေတနာ့ဝန်ထမ်းများအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်သောအဖွဲ့မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသည့် အသက် နှစ်နှစ်အောက်ကလေးငယ် စုစုပေါင်း ၃၃၆ ဦးအတွက် ကိုဗစ်-၁၉ ကာလ အပိုဆောင်းထောက်ပံ့ငွေ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၀၀၈၀၀၀၀ နှင့် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၉ ဦး အား နိုင်ငံတော်က ချီးမြှင့်သည့် တတိယအကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်သုံးသောင်းနှင့် ကိုဗစ်-၁၉ ကာလ အပိုဆောင်းထောက်ပံ့ ငွေကျပ်သုံးသောင်းစီဖြင့် စုစုပေါင်း ၅၄၀၀၀၀ ကို ထောက်ပံ့ငွေရရှိသူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)



ဓာတ်ပုံနှင့် ဗီဒီယိုများ