NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကိုပုံဖော်မည်ဆောင်ပုဒ်ဖြင့် ကျင်းပသည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှ ငြိမ်းချမ်းရေးလိုလားသူတို့၏ စကားသံများ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 16, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၅

ပြည်တွင်းပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်းသည် NCA ပင် ဖြစ်သည်၊၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လိုလားချက်များနှင့် အဆိုပြုချက်များကိုမူတည်ပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် သမိုင်းဝင်စာချုပ်တစ်ခုဖြစ်သည်၊၊

NCA တွင် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ နိုင်ငံရေးလမ်းပြမြေပုံများပါဝင်ပြီး ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသောအနာဂတ်ကို တည်ဆောက်ရန် NCA နှစ်ပတ်လည်အခမ်းအနားများကို နှစ်စဉ် ကျင်းပလျက်ရှိသည်၊၊

“NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ဆောင်ပုဒ်ဖြင့် (၁၀) နှစ်ပြည့် NCA နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ငြိမ်းချမ်းရေးလိုလားသူတို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည် -

ဗိုလ်မှူးကြီး ဝဏ္ဏအောင်( အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ)

NCA နှစ်ပတ်လည်အခမ်းအနားနဲ့အတူ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ပ ၄ နိုင်ငံက အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ တက္ကသိုလ်ကြီးတွေက ပညာရှင်တွေကို ဖိတ်ကြားထားပါတယ်။ ဒီပညာရှင်တွေက ဦးဆောင်ပြီး နိုင်ငံရေးရှုထောင့်နဲ့ စီးပွားရေးရှုထောင့်တို့ကနေ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ပြီး ရှေ့ဆက်လက်ဆောင်ရွက်သင့်တဲ့လုပ်ငန်းစဉ်တွေ ဖော်ထုတ်ဆွေးနွေးခြင်း၊ ပြည်တွင်းပညာရှင်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ်တွေကို စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရာမှာ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေဖော်ထုတ်ခြင်း၊ “NCA ၁၀ နှစ် တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်မှုတွေ၊ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေကို သုံးသပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပြန်လည်စုံလင်စွာ ပါဝင်လာနိုင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုနဲ့ ပြဿနာအကြောင်းအရာတွေအပေါ် ရေတို၊ ရေရှည်ဆောင်ရွက်နိုင်မယ့် နည်းဗျူဟာတွေ ဖော်ထုတ်ခြင်း” စတာတွေကို ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ အလွှာအသီးသီးကနေ ရရှိလာတဲ့ အမြင်သဘောထား၊ အကြံပြုချက်တွေ၊ ဘက်ပေါင်းစုံက ချဉ်းကပ်နိုင်မယ့်အခြေအနေတွေ၊ သတိထားရမယ့် စိန်ခေါ်မှုတွေနဲ့ အနာဂတ်မှာ ပေါ်ပေါက်လာနိုင်မယ့် ခြိမ်းခြောက်မှုတွေကိုသိရှိပြီး ငြိမ်းချမ်းရေးမှာပါဝင်တဲ့သူတွေအကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တည်ဆောက်ပြီးတော့ ရရှိလာတဲ့ အကြံပြုချက်တွေကနေ ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မယ့် လုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲနဲ့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်တာတွေကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ယုံကြည်မှုတည်ဆောက်ခြင်းဟာ အခြေခံကျတဲ့ အချက်အလက်တစ်ခုဖြစ်ပြီးတော့ ပဋိပက္ခဖြေရှင်းရေးအတွက် အရေးအကြီးဆုံး အဆင့်တစ်ခုလည်းဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံအတွင်းက အလွှာစုံကနေ တက်ရောက်ကြတဲ့ Peace Talk ၊ Peace Forum နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပလက်ဖောင်းတွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို ရရှိခဲ့ပါတယ်။ လုပ်ဆောင်သင့်တာတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိစေဖို့ တိုင်းရင်းသားလူမျိုးတွေရဲ့ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနဲ့ အမျိုးသားလက္ခဏာတွေ၊ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုပြီး တန်ဖိုးထားလေးစားတတ်ဖို့ လိုပါတယ်။ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ် စနစ်နဲ့ပတ်သက်တဲ့ အမြင်တွေကို တူညီအောင် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့လိုပါတယ်။ အနာဂတ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအမြင်တွေ တူညီအောင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းကသာ ယုံကြည်မှုတည်ဆောက်ခြင်းအတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုတော့ရှိပါတယ်။ တွေ့ဆုံဆွေးနွေးမှုရှိတိုင်း ယုံကြည်မှုတည်ဆောက်လို့တော့ မရပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်မှုအတွက် တွေ့ဆုံဆွေးနွေးမှုကနေ စခဲ့ကြတာပဲ။ တွေ့ဆုံဆွေးနွေးတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် လိုက်နာသင့်တဲ့အချက်တွေ၊ သီအိုရီတွေ၊ ဖော်မြူလာတွေရှိပါတယ်။ ဒါကိုတော့ လိုက်နာကြရမှာဖြစ်ပါတယ်။ များများလိုက်နာရင် ယုံကြည်မှု မြန်မြန်ရမှာပါ။ ဥပမာအားဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲကြတဲ့ကိစ္စမျိုးမှာ တစ်ဖက်နဲ့တစ်ဖက် ချိုးဖောက်မှုလည်းမရှိဘူး၊ သတ်မှတ်နယ်မြေတွေ ကျော်လွန်ဝင်ရောက်မှုလည်း မရှိဘူးဆိုရင် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုစတင်ရလာနိုင်ပြီး နောက်တစ်ဆင့် ဆက်ဆွေးနွေးလို့ရပြီပေါ့။ အခုအချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေဆဲတော့ဖြစ်ပါတယ်။ ဒါပေမယ့် EAO အဖွဲ့တိုင်းနဲ့တော့ မဟုတ်ပါဘူး။ တချို့အဖွဲ့တွေနဲ့ အဲဒီလို အခြေအနေမျိုးကြုံခဲ့ရပေမယ့် တွေ့ဆုံဆွေးနွေးပြီးတော့ နားလည်မှုရယူဖြေရှင်းနိုင်ခဲ့တဲ့ သာဓကတွေလည်း အများကြီးရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်ပွားရင် အဓိကနစ်နာတဲ့သူတွေကတော့ ဒေသခံပြည်သူတွေပဲဖြစ်တယ်ဆိုတာ နားလည်လက်ခံကြပြီးတော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်မှုကို တိုးမြှင့်တည်ဆောက်သွားသင့်ပါတယ်။ အချုပ်ပြောရမယ်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်ပါတယ်။

ဦးခွန်ဥက္ကာ (ဦးဆောင်နာယက၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO))

NCA ရဲ့ နောက်ဆက်တွဲအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပါလာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မှေးမှိန်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်ပေါ်လာဖို့အခွင့်အလမ်း ဒီနှစ်ပတ်လည်အခမ်းအနားကနေ စမယ်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ ဒီပွဲက ၁၀ နှစ်အကြာ peace process review လို့လည်း ခေါ်လို့ရတယ်။ peace processဘာကြောင့်နှေးသလဲ၊ ဘာတွေလိုနေသလဲ၊ စစ်ရေးဘောင်ကျယ်လို့ဖြစ်သလား၊ နိုင်ငံရေးဘောင်ကျဉ်းလို့ ဖြစ်သလားဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဒီလိုသုံးသပ်ပြီးတော့ Recommendation အနေနဲ့ ဘာဆက်လုပ်သင့်သလဲ။ အဲဒီအပေါ် ဆောင်ရွက်နိုင်သလောက် လုပ်ဆောင်သွားရမယ်။

ရွေးကောက်ပွဲမတိုင်မီ လုပ်နိုင်သလောက်လုပ်ထားပြီး ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့အစိုးရက ဆက်လုပ်သွားမယ်။ အဲဒီ Guideline ချနိုင်ဖို့ ဒီပွဲကနေစရမယ်။ ရွေးကောက်ပွဲပြီးလို့ ပေါ်လာတဲ့ လွှတ်တော်အဖွဲ့တွေ စုဖွဲ့တဲ့အချိန်ကျမှ အချက်အလက်ရှာပြီး စကြမယ်ဆိုရင် နောက်ကျသွားမယ်။ နိုင်ငံက တော်တော်နစ်နာမယ်၊ အခုကတည်းက အချက်အလက်ရှာထားပေးမယ်ဆိုရင် သူတို့အတွက် အဆင်သင့်ဖြစ်မယ်။ လုပ်ပိုင်ခွင့်ရှိတာကတော့ ကျွန်တော်တို့မဟုတ်ပါဘူး။ ရွေးကောက်ပွဲပြီးလို့ ပေါ်ထွက်လာတဲ့အစိုးရက လုပ်ပိုင်ခွင့်ရှိတယ်။ လွှတ်တော်လုပ်ပိုင်ခွင့်ရှိတယ်။ လွှတ်တော်က ဥပဒေပြုပိုင်ခွင့်ရှိတယ်။ ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။ ထွက်ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရအတွက် သင့်တော်တဲ့ဟာ ဘာလဲဆိုတာကို ကျွန်တော်တို့က လမ်းကြောင်းပေးထားပြီး သူတို့ပင်ပန်းတာ သက်သာအောင် လုပ်ပေးထားရမယ်။ ဒါကြောင့် ဒီပွဲကြီးဖြစ်လာတာပါ။

နိုင်အောင်မငေး (ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်သစ်ပါတီ(NMSP))

NCA (၁၀)နှစ်ပြည့်ပွဲမှာ ကျွန်တော်တို့ပါတီအနေနဲ့ ငါးဦး တက်ရောက်ပါတယ်။ ဆွေးနွေးပွဲမှာတော့ သက်ဆိုင်ရာခေါင်းစဉ်အပေါ်ကြည့်ပြီး ပါဝင်ဆွေးနွေးသွားကြမှာပါ။ ပညာရှင်တွေရဲ့ ပြောကြားချက်အပေါ် ကျွန်တော်တို့ သဘောထားတွေထည့်ပြီး ဆွေးနွေးသွားကြမယ်။ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးခဲ့တာဆိုရင် အခုဆိုရင် ၁၀ နှစ်ရှိပြီ၊ ကျွန်တော်တို့ပါတီအနေနဲ့ ပါဝင်ခဲ့တာ ၈ နှစ်၊ အခြားအဖွဲ့တွေနဲ့ မတူဘူး။ ကျွန်တော်တို့က ၂၀၁၈ ခုနှစ်မှာ ထိုးခဲ့တာဆိုတော့ ၈ နှစ် ပြည့်ပါပြီ။ ဘယ်လိုပဲပြောပြော ဒီ ၁၀ နှစ်ကာလမှာ အားနည်းချက်တွေ၊ အားသာချက်တွေ အကွေ့အလှည့်တွေ အများကြီးရှိခဲ့တယ်။ ဒီအတွေ့အကြုံတွေကနေ အားနည်းချက်၊ အားသာချက်တွေ သင်ခန်းစာယူမယ်။ အားသာချက်တွေကို စုစည်းပြီး ဆတက်ထမ်းပိုး အကောင်အထည်ဖော်မယ်ဆိုရင် ငြိမ်းချမ်းရေးရလဒ်အတွက် မျှော်လင့်ချက်များများထားနိုင်မယ်ထင်ပါတယ်။

ဦးကိုကိုကြီး (ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ)

NCA က ပထမဆုံးနဲ့ တစ်ခုတည်းသော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပါတယ်၊၊ ဒါကြောင့်မို့ တကယ်ကို ထူးခြားပါတယ်၊၊ အခု NCA (၁၀)နှစ်ပြည့်မြောက်လာပြီဆိုတော့ ဒီကာလမှာ အားသာချက်တွေ၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးခရီးဆက်ဖို့ အင်မတန်အရေးကြီးတဲ့ အချိန်ကာလလို့ မြင်ပါတယ်၊၊ အခုဆွေးနွေးပွဲကနေပေါ်ထွက်လာမယ့် ဆွေးနွေးချက်တွေကို စုစည်းပြီး လာမယ့်ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းအတွက် ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ လိုပါတယ်၊၊ အကြံပြုချက်တွေ၊ သုံးသပ်ချက်တွေက နောင်ရွေးကောက်ပွဲအလွန်ကာလမှာ ပေါ်ထွက်လာမယ့် လွှတ်တော်နဲ့အစိုးရအတွက် အများကြီး အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်၊၊ ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆိုတာတွေ မဖြစ်နိုင်ပါဘူး၊၊ ဒါကြောင့် ငြိမ်းချမ်းရေးက အားလုံးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်၊၊ ငြိမ်းချမ်းရေးရရှိဖို့အတွက် တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး၊ ပြုပြင်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်၊၊

Mr.Deng Xijiun (မစ္စတာတိန့်ရှီးကျွင်း) (တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်)

လွန်ခဲ့တဲ့ ၁၀ နှစ်က အစိုးရနဲ့တိုင်းရင်းသားအဖွဲ့တွေ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်၊၊

အဲဒီမှာ တရုတ်နိုင်ငံက မျက်မြင်သက်သေအဖြစ် ပါဝင်တက်ရောက်ခဲ့တယ်၊၊ လွန်ခဲ့တဲ့ ၂ နှစ်က (၈) ကြိမ်မြောက် NCA နှစ်ပတ်လည်အခမ်းအနားကိုလည်း ကျွန်တော် ပါဝင်တက်ရောက်ဖြစ်ခဲ့တယ်၊၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်နိုင်ငံက အပြည့်အဝထောက်ခံတာကို ပြသတဲ့အနေနဲ့ အခု (၁၀) နှစ်ပြည့်အခမ်းအနားကိုလည်း တက်ရောက်တာဖြစ်ပါတယ်၊၊ (၁၀)နှစ်ပြည့်အခမ်းအနားမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများသဘောဆန္ဒကို တည်ဆောက်နိုင်ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်ဆောင်နိုင်မယ်၊ အချင်းချင်း အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်၊၊ ဒါကလည်း ဒီဇင်ဘာလမှာကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ကောင်းကျိုးတွေ ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်၊၊ အထွေထွေ ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးနေ ပါတယ်၊၊ မြန်မာနိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းမှန်ကို တစ်ဆင့်ချင်း ဖြောင့်ဖြောင့်ကြီးသွားနေပြီလို့ ဆိုချင်ပါတယ်၊၊

သတင်းအဖွဲ့

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 16, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 15, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on October 15, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023